𝖯𝗅𝗎𝗏𝗂𝗈𝗉𝗁𝗂𝗅𝖾 1

818 71 24
                                    

တရိပ်ရိပ်ဖြင့်ညို့မှိုင်းလာသည့်မိုးသားတိမ်စိုင်များသည်
ကောင်းကင်ပြင်ထက်ဖြတ်သန်း၍ပြေးလွှားလို့နေသည်။
မိုးရနံ့များရောယှက်နေသည့်လေပြေညင်းများသည် လမ်းမတဖက်တချပ်ဆီရှိ စိမ်းဖန့်ရောင်ပြေးနေသည့်ပင်တန်းများဆီမှတဆင့်ခပ်ဝေးဝေးလေဟာနယ်ဆီသို့ပြေးထွက်သွားကြပြန်သည်။

ဆိုးလ်တက္ကသိုလ်နားရှိကားမှတ်တိုင်ဆီသို့ ဆိုက်ရောက်လာမည့်ဘတ်စ်ကားတစ်စီးကိုစောင့်စားရင်း မျက်နှာပြင်ထက်သို့ဖြတ်တိုက်သွားသည့် မိုးရနံ့များဆွတ်ပျံ့နေသည့်လေပြေအေးများတိုက်ခတ်လာသည့်အခိုက်အတန့်တွင် မျက်ဝန်းအိမ်လေးများဖိမှိတ်သွားသည့်ဂျယ်မင်း၏နှုတ်ခမ်းပါးထက်တွင် ပြုံးရယ်ရိပ်လေးများတွဲခိုလာသည်မှာ တခုတ်တရသဘောကျသည့်ဟန်။

ပြိုကျလုဆဲဆဲညို့မှိုင်းနေသည့်ကောင်းကင်ပြင်ထက်မှ တိမ်စိုင်တိမ်ခဲများကြောင့် ပတ်ဝန်းကျင်မှလူများသည် ခပ်သွက်သွက်ပြေးလွှားရင်းဖြင့် မိုးခိုဖို့ရန်မှတ်တိုင်ရှိအမိုးအောက်သို့ပြေးလွှားလာကြသည်။ပတ်ဝန်းကျင်မှလူများနှင့်ကွဲပြားစွာ ထီးရိုးအနက်ရောင်လေး၏ခလုတ်အားဖိနှိပ်လိုက်သည့်ဂျယ်မင်းသည် ကတ္တရာလမ်းမတစ်လျှောက်ဦးတည်၍လျှောက်လှမ်းဖို့ရန်ထွက်ခွာသွားတော့သည်။

ကောင်းကင်ပြင်ထက်မှသက်ဆင်းလာသည့် မိုးရေစက်များနှင့်အတူ အိမ်ပြန်လမ်းဆီသို့ဦးတည်ရင်းလျှောက်လှမ်းလာသည့် ဂျယ်မင်း၏ခြေလှမ်းများမှာသိသိသာသာပေါ့ပါးနေခဲ့ပြီး နှုတ်ခမ်းပါးထက်တွင်ပြုံးရိပ်ခပ်ရေးရေးလေးပြေးနေသည်ကို မိုးရေစက်များကသာသတိထားမိပေလိမ့်မည်။

"အထီးမကျန်တော့ဘူးပဲ...."

ရှုပ်ထွေးကာဆူညံနေသောပတ်ဝန်းကျင်သည် ဂျယ်မင်း၏အတွေးအာရုံထဲတွင် မိုးရေကျသံများကသာကျယ်လောင်စွာထွက်ပေါ်နေသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး သီးသန့်ကမ္ဘာတစ်ခု၏လမ်းမထက်လျှောက်လှမ်းနေရသည့်ဟန်။

ဆူညံသံများစွာနဲ့ပြည့်နှက်နေသည့် စိတ်ရှုပ်စရာကောင်းလွန်းသောလောကကြီးထဲတွင် ဂျယ်မင်းအတွက်မိုးရေစက်များကသာ စိတ်အေးချမ်းရာအခိုက်တန့်နှင့်ပြည့်နှက်နေသည့်ပတ်ဝန်းကျင်ကောင်းကိုဖန်တီးပေးနိုင်သည်။

𝖯𝗅𝗎𝗏𝗂𝗈𝗉𝗁𝗂𝗅𝖾 : 𝖩𝖺𝖾𝗆𝖱𝖾𝗇Where stories live. Discover now