𝖯𝗅𝗎𝗏𝗂𝗈𝗉𝗁𝗂𝗅𝖾 6

370 49 17
                                    

တိမ်ညိုတိမ်စိုင်များသည်ကောင်းကင်ပြင်တခွင်တွင် ကြီးစိုးခြယ်လှယ်နေခြင်းကြောင့် ရာသီဥတုမှာအနည်းငယ်မှုန်မှိုင်းနေလေသည်။
လွန်ခဲ့သည့်မိနစ်အပိုင်းခြားလေးအတွင်းမှ စဲသွားသည့်မိုးကြောင့် ခေါင်မိုး၏အစွန်းဖျားလေးများတွင် မိုးရေစက်ကလေးများကခိုတွယ်နေကြပြီး မြေပြင်ပေါ်သို့ခုန်ဆင်းကြရန်အရှိန်ယူနေကြသယောင်။

ဆေးအဖြူရောင်ခြယ်သထားသည့်တိတ်ဆိတ်နေသည့် နှစ်ထပ်အိမ်ကလေးထဲတွင် ရွမ်ကျွင့်သည်အိမ်အောက်ထပ်၏မီးဖိုဆောင်ထဲ၌ တစ်ယောက်တည်းအိုးခွက်တွေကြားအလုပ်များနေခဲ့ပြီး အပေါ်ထပ်၏အိပ်ခန်းလေးထဲတွင်တော့ ကိုယ်ပူရှိန်အနည်းငယ်ကျန်နေသေးသည့်ဂျယ်မင်းက ဆေးသောက်ထား၍ နီညိုရောင်ဂွမ်းစောင်ကြားထဲတွင်လုံးထွေးကာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့သည်။

ခပ်သာသာလှစ်ဟထားသည့် စာကြည့်စားပွဲနားမှပြတင်းတံခါးတချပ်ကြောင့် မိုးရနံ့တို့ဖြင့်ရောယှက်နေသည့်အေးစိမ့်စိမ့်လေအေးများသည် လိုက်ကာစလေးများအားတိုးတိုက်၍ အခန်းငယ်လေးထဲသို့တိုးဝင်နေကြသေးသည်။
မိုးရိပ်မိုးသားတို့အနည်းကျဉ်းကျန်နေသည့်ကောင်းကင်သည် အနည်းငယ်အုံ့မှိုင်းနေပြီး အေးစိမ့်စိမ့်လေထုသည် မိုးစဲကာစ ခပ်ထိုင်းထိုင်းဖြစ်နေသည့်ပတ်ဝန်းကျင်ကို ရစ်သိုင်း၍လွှမ်းခြုံထားသည်။

လှစ်လပ်နေသည့် အိပ်ယာခင်းတဖက်သည်နွေးထွေးခြင်းအလျဉ်းမရှိပဲအေးစက်နေခြင်းကြောင့် နီညိုရောင်စောင်ဖြင့်ရစ်ပတ်ထားပြီး မွေ့ယာခင်းဖြူဖြူထက်၌အိပ်မောကျနေခဲ့သည့်ဂျယ်မင်း၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ်လွန့်လူးလာခဲ့ပြီး မှိတ်ထားသည့်မျက်လွှာတို့သည် အလိုမကျစွာပွင့်ဟလာခဲ့သည်။

" ........"

မျက်လွှာများအားဖွင့်ဟလိုက်သည့်အချိန်တွင် မြင်တွေ့ချင်ခဲ့သည့်ကျောပြင်သေးသေးအစား လှစ်လပ်နေသည့်အိပ်ယာခင်းတစ်ခုကသာ မြင်ကွင်းထဲသို့တိုးဝင်လာခြင်းကြောင့် စိတ်အလိုမကျတော့ပဲခပ်ထူထူမျက်ခုံးတန်းနှစ်ဖက်အား ထိစပ်လုမတတ်ကြုံလိုက်မိသည်။
မနက်ခင်းနေရောင်ခြည်ပင် ကောင်းကောင်းမရသေးသည့်အချိန်တွင် အိပ်စက်နေရဦးမည့်အစား အိပ်ယာပေါ်မှရွမ်ကျွင့်
ခပ်စောစောထသွားရသည့်အကြောင်းရင်းအားသိချင်သည်မို့ ဂျယ်မင်းအိပ်ယာပေါ်မှခပ်သွက်သွက်ထလိုက်ပြီး ကိုယ်လက်သန့်စင်ရန်အတွက် ရေချိူးခန်းဘက်သို့ ခြေလှမ်းများကိုဦးတည်လိုက်ရသည်။

𝖯𝗅𝗎𝗏𝗂𝗈𝗉𝗁𝗂𝗅𝖾 : 𝖩𝖺𝖾𝗆𝖱𝖾𝗇Where stories live. Discover now