unicode
ယောက်ဖတော်-၂
ညပိုင်းရောက်တော့ ငါ အနားယူမလို့ပဲ။ ဒါပေမဲ့ ချီရွေ့က အနေခက်နေတဲ့ မျက်နှာနဲ့ ပြောလာတယ်။
"ဧကရာဇ် စစ်သူကြီးချူး ရောက်လာပါတယ်"
ငါ မျက်နှာထား တင်းမိသွားပုံပဲ။ ချီရွေ့က တုန်တုန်ယင်ယင်နဲ့ ထပ်ပြောတယ်။
"ကျွန်တော်မျိုး .. ဧကရာဇ်က အနားယူလိုက်ပြီလို့ ပြောလိုက်ပါ့မယ်"
ချီရွေ့က ငါ့အကြောင်းကို သိပေမဲ့ ချူးမင်အကြောင်းကို မရင်းနှီးပုံရတယ်။ ငါ အနားယူလိုက်မယ် ဆိုတာနဲ့ပဲ သူက ငါနဲ့တွေ့ဖို့ကို လက်လျော့မယ် ထင်နေတာလား။
"ထားလိုက်တော့ .. သူ့ကို ခေါ်လိုက် သမားတော်ပါ သွားပင့်လာခဲ့.."
ချီရွေ့က အပြုံးကြီးကြီး ပြုံးပြီးတော့ ပြေးထွက်သွားတယ်။
ခဏကြာတော့ လမ်းလျှောက်သံ သွက်သွက်ကို ကြားလိုက်ရတယ်။ သူ့ခြေသံက အမြဲတမ်း သွက်တယ်။
"ဧကရာဇ်ကို.."
"ထလာ.."
သူ အရိုအသေပေးတာ မပြီးသေးခင် ငါက ဖြတ်ပြောလိုက်တယ်။
သူက ငါ မကျေမနပ် ဖြစ်နေသေးတာကို သိပုံနဲ့ အသာလေး ထရပ်လာတယ်။ ပြီးတော့ အဝေးကျန ငါ့ကို အကဲခတ်တယ်။
ပြီးမှ ဖြည်းဖြည်းချင်း ငါ့အနား တိုးလာတယ်။ ရင်ဘတ်ထဲကို လက်နှိုက်လိုက်ပြီးတော့ .. သေတ္တာနှစ်လုံးကို ထုတ်လိုက်တယ်။
သေတ္တာနှစ်ခုလုံးက ပါးပါးလေး..။ ထပ်ပြီးတော့ ဘာလဲ။
"ဒါ.. နေ့လည်က မပေးလိုက်ရလို့ပါ.."
သူ့အိမ်တော်မှာ နေတုန်းက ငါ ငိုတဲ့အခါ ချော့တဲ့လေသံလေးနဲ့ မရဲတရဲ တိုးတိုးပြောတယ်။
သူက သေတ္တာတစ်လုံးကို ဖွင့်လိုက်တော့ စားစရာတစ်မျိုးဖြစ်ပုံရတယ်။ ငါ မမြင်ဖူးဘူး။
"ဒါက နန်ကျန်းမှာ အသီးတွေကို ယိုထိုးထားတာ ဈေးမများဘူး ဒါပေမဲ့ ဒါကို နန်းမြို့မှာ ရှာရခက်တယ် ရက်တချို့ကြာပြီ ဆိုတော့ ရေခဲကလည်း လမ်းမှာ ရတဲ့အခါရ မရတဲ့အခါမရမို့ မကောင်းတော့မှာ စိုးလို့ပါ"