unicode
ယောက်ဖတော်-၄
မနက်စာ အတူတူ စားကြတော့ ငါ့အစ်မတော်က အလယ်မှာ ငြိမ်ငြိမ်လေး..။ သူကတော့ ငါ့ကို သိသိသာသာ အကဲခတ်နေတယ်။
ငါ့အရှေ့မှာ ဆိုတော့ အစ်မတော်ကို ထည့်ပေးချင်တဲ့ သူ့လက်က ငါ့ပန်းကန်ထဲကိုပဲ ရောက်ရောက်လာတယ်။
"မနေ့ညက ကိစ္စက.."
"အဟွတ် အဟွတ်.."
သူက စကားစလိုက်တာနဲ့ ငါ့အစ်မတော်က ရုတ်တရက်ကြီး ထသီးတယ်။
"အရှင်မင်းကြီး အဲနေ့က လှေပေါ်မှာ.."
"အစ်ကိုချူးမင် ဒီမုန့်လုံးချိုက ဒီမနက် အစောကြီးမှာ သေသေချာချာ ကြိုချက်ထားတာ စားကြည့်.."
အစ်မတော်က သူ့ပန်းကန်ထဲကို မုန့်လုံးချိုတွေ ထည့်ပေးတယ်။
ငါ ဝါးလက်စ မုန့်တွေတောင် အရသာ ပျောက်ကုန်သလိုပဲ။ ငါ့ရှေ့မှာ အချင်းချင်း အချက်ပြပြီးတော့ ကြည်နူးပြနေကြတာလား။ ငါ မရှိတဲ့ အချိန်ကိုတောင်မှ မစောင့်နိုင်ကြဘူးလား။
ငါ့လက်ထဲက တူကို ချလိုက်ပြီးတော့ နေရာကနေ ထွက်လာခဲ့လိုက်တော့တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်.. ဘယ်လိုပဲ မကျေနပ်ပါစေ သူတို့ နှစ်ယောက်လုံးက ငါ အထိခိုက်မခံနိုင်ဆုံး သူတွေပဲလေ။
အနည်းဆုံးတော့ ငါ့စိတ်ကိုငါ ဖြေလျော့ပြီး လိုက်လျောညီထွေ လုပ်ပေးရတာပေါ့။
...
ငါ့စိတ်ကိုငါ လိုက်လျောညီထွေ ဖြစ်အောင် လုပ်တာက ပြောတော့သာ လွယ်မလိုလို ရှိတာ။ တကယ် လုပ်ကြည့်တော့ ခက်ခဲတယ်။
ညီလာခံတက်တိုင်း အမတ်တွေ စကားမှားတာနဲ့ ငါ စိတ်တိုတာပဲ။ ပြီးတော့ .. စိတ်တိုလာတာနဲ့ အလိုအလျောက် ကြမ်းတမ်းတဲ့ အမိန့်ပေးမိတယ်။ အဲဒီနောက်တော့ နန်းတော်ရဲမက်တွေက လိုက်လုပ်ရတယ်။
နောက်ပိုင်းမှာတော့ အမတ်တွေရော နန်းတော်ကလူတွေ အားလုံးပါ ထိတ်လန့်တကြားနဲ့ ငါ့ကို ရှောင်ကြတော့တာပဲ။
ဒီလတွေအတွင်းမှာ သူက ငါ့ဆီကို အကြိမ်ကြိမ် ဝင်ခွင့်တောင်းတယ်။ အကြိမ်တိုင်း ငါ ငြင်းပယ်ခဲ့တယ်။ ငါ သူ့ကို ယောက်ဖတော်အဖြစ် ပြောင်းလဲ သတ်မှတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတာ။ သူ့မျက်နှာ မြင်လိုက်ရရင် ငါ ကြိုးစားထားသမျှက အရာထင်ဖို့ မသေချာဘူး။