unicode
ယောက်ဖတော်-၅ သိမ်း
ငါ စိတ်တိုလွန်းလို့ လက်ထဲမှာ ကိုင်ထားတဲ့ ဓားတောင်မှ တုန်ခါနေတယ်။
ငါ့အသံက ကျယ်သွားတော့ မြင်းလှည်းက ရပ်သွားတယ်။ အားလုံးက နားစွန့်နေကြတာ သိတော့မှ ငါ မနည်း စိတ်ပြန်လျော့ရပြီးတော့ လက်ထဲက ဓားကို ပစ်ချလိုက်တယ်။
မဟုတ်လည်း ခုနတည်းက ငါ သူ့ကို မသတ်လိုက်နိုင်မှန်း ငါ သိပြီးပြီလေ။ ငါ မသတ်နိုင်ဘူး။ ဓားနဲ့ ရွယ်တာတောင်မှ တစ်တောင်အကွာက အနီးဆုံးပဲ။ ဓားက မျက်စိမပါဘူး။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတယ်။
"လှည်းကို ဘာလို့ ရပ်လိုက်တာလဲ လှည်းထွက်မယ်"
"ဟုတ်ကဲ့ပါ"
ငါ့အော်သံကြောင့်မို့ အားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်ပြီးတော့ အသက်ပြန်ဝင်လာတယ်။
လှည်းစထွက်ပြီ ဆိုတော့မှ သူက ဆိုလာတယ်။
"အရှင်မင်းကြီး အဲနေ့ လှေပေါ်မှာတုန်းက.."
"ငါ့အစ်မတော်ကို မလိုချင်ဘူးလို့ ထပ်ပြောရဲရင် မင်းကို ငါကိုယ်တော် တကယ် သတ်ပစ်မယ်"
"အဲနေ့တုန်းက မင်းသမီးကြီးကို တောင်းတဲ့သူက လက်ထောက်စစ်သူကြီးချန်ဟောက်ပါ ကျွန်တော်မျိုးက ကိုယ်စားပြောပေးတဲ့သူပါ ဒါပေမဲ့ မထင်မှတ်ဘဲ အရှင်မင်းကြီးက စကားတစ်ဝက်နဲ့တင် ကျွန်တော်မျိုးကို ရေထဲကန်ချခဲ့တာပါ။ ပြီးတော့ ထပ်ရှင်းပြဖို့ရာကို တွေ့ခွင့်မပေးဘဲ အဝေးကို စစ်တိုက်ဖို့ လွှတ်ခဲ့တာပါ။ ကျွန်တော် ပြန်လာပြီးတော့ ရှင်းပြဖို့ ကြိုးစားခဲ့ပေမဲ့ မင်းကြီးက ကျွန်တော်မျိုးကို အတွေ့မခံပြန်ဘူး။ ပြီးတော့ မင်္ဂလာပွဲအတွက် အမိန့်ထုတ်လိုက်တယ်။ အခြေအနေက ပိုပြီးဆွေးနွေးလို့ မရတော့ဘူး ဖြစ်လာတာ.."
"ဒါက.."
ငါ တိတ်ဆိတ်သွားမိတယ်။ ကိစ္စက အရင်နှစ်တည်းက စလွဲနေတာပဲ။
ငါ မျက်လုံးတွေ မှိတ်ချလိုက်ပြီးတော့ နဖူးကို နှိပ်နယ်လိုက်မိတယ်။ လှေပေါ်မှာ စကားပြောရင်း ကြာပန်းကြည့်ခဲ့တဲ့နေ့ကို တွေးမိသွားတယ်။