လက်မှာ ပတ်ထားသည့်နာရီကို ကြည့်လိုက်ပြီး ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် သူနာပြုဆရာမကို စကားလှမ်းပြောလိုက်သည် ။
" နွယ်နွယ်ရေ... လူနာဘယ်နှယောက် ကျန်အုံးမလဲ "
" မရှိတော့ဘူး ဆရာ "
" သြော်... "
" ဘာဖြစ်လို့လဲ...ဆရာ "
သူ ခေါင်းကိုသာ အသာခါယမ်းပြမိသည် ။ အဲဒီကောင်လေးကို မတွေ့ရတာ နှစ်ပတ်ရှိပြီ ။ အားငယ်နေသော မျက်ဝန်းများနှင့် ငေးကြည့်နေတတ်သည့် ကောင်လေးက သူ့ပတ်ဝန်းကျင်ကနေ ပျောက်သွားသည်မှာ တနင်္ဂနွေနှစ်ပတ်ရှိနေပြီ ။
ကားရပ်ထားသည့်နေရာတွင် ခဏရပ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ကျီးကန်းတောင်းမှောက်ကြည့်ပြီးနောက် သက်ပြင်းယဲ့ယဲ့ ချမိ၏ ။ မလှမ်းမကမ်းနေရာတွင်ရှိသည့် သရက်ပင်နောက်မှာများ ရှိနေလေမလားဆိုပြီး သွားကြည့်မိတော့လည်း လူသူကင်းမဲ့သည် ။ တကယ်ကို သူ့ပတ်ဝန်းကျင်ကနေ ထ်ိုကောင်လေး ပျောက်ကွယ်သွားပြီ ။
သူ့အသက်အရွယ် ၊ သူ့ရာထူးဂုဏ်အင်များနှင့် မလိုက်ဖက်အောင်ကို သူ့စိတ်နှလုံးသည် အနာတရဖြစ်နေခဲ့ပြီ ။ မဖြစ်နိုင်ဘူးဆိုပြီး အကြိမ်ကြိမ်ရေရွတ်နေရင်းနဲ့ကို လမ်းပျောက်ခဲ့ရတဲ့ နေ့ညတွေ ။
ပတ်ဝန်းကျင်၏ ကဲ့ရဲ့ဝေဖန်စကားများကို သူ သိပ်ကြောက်ပါသည် ။ အထူးသဖြင့် ဆရာဝန်နှင့် လူနာတစ်ယောက်၏ သာမန်မဟုတ်သည့် ဆက်ဆံရေးမျိုးမှာပေါ့ ။
ဆေးခန်းကနေ အိမ်ပြန်ရောက်သည်အထိ စိတ်ကမငြိမ် ။ အဲဒီကလေး နေမှကောင်းရဲ့လား ၊ အစားမှသေချာစားရဲ့လားဆိုတဲ့ အတွေးဆိုးကလည်း သူ့ကို ဖိစီးပြန်တယ် ။
လိုအပ်တဲ့ စာအုပ်တွေကို ဖတ်နေရင်းနဲ့ မျက်လုံးတွေက စားပွဲအစွန်းမှာတင်ထားတဲ့ ပန်းချီစာအုပ်တွေဆီ အရောက်မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွားခဲ့တယ် ။
ဘာဖြစ်လို့ အဲဒီကောင်လေးမှလဲ ။ ဘာဖြစ်လို့ အဲဒီကောင်လေးက သူ့ရဲ့လူနာတစ်ယောက် ဖြစ်နေရတာလဲ ။ မျက်ဝန်းအစုံကို တင်းတင်းစေ့ပိတ်မိတော့ ပထမဆုံး ထိုကောင်လေးနှင့်တွေ့ခဲ့ရသည့် အဖြစ်အပျက်များက ရုပ်ရှင်ပြကွက်တစ်ခုလို စနစ်တကျ သူ့အာရုံထဲ အရိပ်ထင်လာပြန်ရော ။