ကျွန်တော် ဟိုဘက်ခြံကို ကြည့်နေမိတာ ငါးမိနစ်လောက်ရှိနေပြီ ။
မလိမ်မညာတမ်းပြောရရင်တော့ မချစ်စုသရက်ပင်ကြီးကို ကြည့်နေမိတာ ။ အဲဒီခြံထဲက သရက်ပင်မှာသီးနေတဲ့ မချစ်စုသရက်သီးတွေက နည်းတာတွေ မဟုတ်ဘူး ။တစ်လုံး ၊ တစ်လုံးဆိုရင်လဲ အကြီးကြီးတွေ ၊ နောက်ပြီးတော့ မချစ်စုက အစစ် ။ စျေးထဲမှာ ရောင်းတဲ့ မချစ်စုဆိုတဲ့ဟာတွေက အတုများတယ် ။ အရသာလဲမကောင်းဘူး ၊ အနံ့လဲမမွှေးဘူး ။
သရက်ပင်ကို ကြည့်နေရင်းနဲ့ မျက်လုံးထဲမြင်လာတာက ငံပြာရည်ရယ် ၊ ငရုတ်သီးမှုန့်ရယ် ၊ ပုစွန်ခြောက်အကောင်လေးတွေနဲ့ မချစ်စုသရက်သီးကို ရောသုပ်ထားတဲ့ ဇလုံကြီးကိုပဲ ။ အဲဒီလို တွေးလိုက်တာနဲ့ သွားရည်တွေ ထွက်လာတာများ ပါးစပ်ထဲမှာကို ပြည့်သွားသလိုပဲ ။
အရင်ကတော့ ကိုယ့်ခြံဘက်ရောက်နေတဲ့ အသီးတွေကို မသိအောင် ခူးစားလိုက်တာပဲလေ ။ ကျွန်တော် ခိုးစား...အဲ...ခူးစားတာများပြီး ဒီဘက်မှာ သရက်သီးက တစ်လုံးမှကို မရှိတော့ဘူး ။
အဲဒီတော့ ဟိုဘက်ခြံထဲက အသီးကို ခူးဖို့ ကြံစည်ရတာပေါ့ ။ ခူးဖို့ဆိုရင် ဝါးလုံးရှည်ရှည်တစ်ချောင်းလိုပြီ ။လူကြံရင် ဝါးလုံးတောင် သွားကြားထိုးတံဖြစ်နေတဲ့အချိန်မှာ အမေအဝတ်လှန်းတဲ့ ဝါးလုံးရှည်ကြီးက သရက်သီးခူးဖို့ ဖြစ်လာရော ။
ဒီအတ်ိုင်းတော့ မရဘူးလေ...ဝါးလုံးထိပ်ကို ဓားနဲ့ နည်းနည်းခွဲပြီး တုတ်အသေးလေးတစ်ချောင်း ညှပ်လိုက်ရတယ် ။သုံးလုံးတွဲပြီးသီးနေတဲ့ သရက်သီးကို ဒီဘက်ကနေ ဝါးလုံးနဲ့ လိမ်ချိုး ၊ ကိုယ့်ဘက်ကို ဖြည်းဖြည်းချင်း ဆွဲယူနေတဲ့အချိန် ဘယ်လိုကနေ ဘယ်လို ဝါးလုံးထိပ်မှာပါလာတဲ့ သရက်သီးတွေက ပြုတ်ကျသွားတယ် မသိဘူး ။
အဲဒီသရက်သီးတွေက ပိုင်ရှင်ကို တော်တော်ခင်တာပဲ ။ ဒီဘက်ရောက်မှ ပြုတ်ကျရင် အဆင်ပြေနေပြီကို ။ အခုတော့ အဲဒီဘက် ကျသွားတာကို ဘယ်လိုပြန်ယူရမယ် မသိတော့ဘူး ။ ဒီဘက်ကနေ လှမ်းခိုးလို့ရတာကလဲ အဲဒီသရက်သီးတစ်တွဲပဲရှိတာလေ ။
ဟိုဘက်ခြံစည်းရိုးနားကပ် ၊ လူရိပ်လူခြေကြည့် ၊ အုတ်တံတ်ိုင်းပေါ်ကျော်တက် ၊ ခြံထဲခုန်ချ...အဲဒါအားလုံးကို ဂျိမ်းစဘွန်းစ်လို ခပ်မြန်မြန်ပဲ လုပ်လိုက်တယ် ။ မျက်စိရှေ့မှာ တွေ့ရတဲ့ သရက်သီးတွဲကို ခပ်မြန်မြန်ကောက်ပြီး ကိုယ့်ခြံဘက် ပြန်ကျော်တက်မဲ့ အချိန်မှာပဲ