ခပ်နက်နက် ရေတွင်းထဲရှိရေများမှာ နွေရာသီမို့ ခန်းလုလုဖြစ်နေ၏ ။ ထိုတွင်းထဲမှ ရေတစ်ပုံးကို အပေါ်သို့ဆွဲတင်နေပြီး ကြိုးစားပန်းစားနှင့်ရေဖြည့်နေသည့် ကောင်း ။ သိပ်မကြာသည့်အချိန်တွင် ခပ်လတ်လတ် ကျောက်စည်ထဲ၌ ရေပြည့်သွား၏ ။ ရေပုံးထဲ တစ်ဝက်ခန့်ကျန်နေသည့် ရေများကို ခြံဘေးတွင်စိုက်ထားသည့် အပင်များကို ဖျန်း
ပက်နေသည့်အချိန် အိမ်ထဲမှ ဦးခန့်ဘုန်း ထွက်လာသည် ။ ဦးခန့်ဘုန်းက ကောင်းတို့၏ရွာလေးတွင် တာဝန်ကျသည့် ဆရာဝန် ။ သဘောကောင်းပြီး စိတ်ရှည်ကာ အေးချမ်းသောရုပ်ရည်ကိုလည်း ပိုင်ဆိုင်သေး၏ ။ ကောင်းကတော့ ဦးခန့်ဘုန်းကို ဆရာဟုသာ ခေါ်သည် ။ကောင်း မျက်နှာကို တစ်ဖက်သို့ ခပ်မြန်မြန်လွှဲလိုက်မိသည် ။ ဆရာက အပေါ်ပိုင်းတွင်အင်္ကျီမရှိဘဲ တဘက်အညိုရောင်ကိုသာ ပခုံးပေါ်တင်ထားပြီး အောက်တွင်ပုဆိုးတစ်ထည်ကို ခြေသလုံး အလယ်ခန့်သာဝတ်ဆင်ထားသဖြင့် မျက်နှာချင်းဆိုင်၍မကြည့်ရဲပေ ။ နောက်ကျောပေးလျက်နှင့်
" ဆရာ ကျွန်တော် ထမင်းကြော်ထည့်ထားလိုက်တော့မယ်နော် "
" အေး...အေး "ဆိုသည့်အသံနှင့်အတူ ရေလောင်းသံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည် ။
ထမင်းကြော်စား ၊ ရေနွေးကြမ်းလေးသောက်ပြီး စာအုပ်ထူထူကြီးကို သေသေချာချာ စိတ်ပါဝင်စားဖတ်နေသည့် ဆရာကြောင့် ကောင်း စိတ်မောရသည် ။ တစ်နေကုန်လုံးလည်း လူနာတွေနှင့် လုံးချာပတ်ချာလိုက် ၊ တစ်ခါတလေ ညဘက်ကြီး လူနာပေါ်လာလျှင်လည်း ဆေးအိတ်ဆွဲပြီး သွားရသေးသည် ။ ထမင်းစားချိန်လေးတော့
အေးအေးဆေးဆေး စားစေချင်ပါသည် ။ ကောင်း ဆရာ့ဘေးသွားရပ်လိုက်ကာ စာအုပ်ကို ဆွဲယူလိုက်တော့ မော့ကြည့်လာသည့် မျက်ဝန်းနက်တစ်စုံကြောင့် ရင်ထဲတွင် ထိတ်ခနဲ ။ လုပ်လိုက်ပြီးမှ နောင်တရသွားသည် ။ ဟိုကဆရာဝန် ၊ သူက
ထိုဆရာဝန်လိုအပ်သည်များကို ကူညီပေးရန် ရွာမှ စေခိုင်းထားသည့်သူ ။" တောင်းပန်ပါတယ် ဆရာ ၊ ကျွန်တော် ဆရာ့ကို ထမင်းဖြောင့်ဖြောင့်စားစေချင်လို့ပါ "