- ၁ -

726 43 10
                                    

လူတစ်ယောက်ကို ချစ်မြတ်နိုးမိဖို့ သုံးစက္ကန့်ပဲလိုတယ်‌ဆိုပေမယ့် အသားကျပြီးသား ချစ်ခြင်းမေတ္တာကနေ ရုန်းထွက်ဖို့တော့ ကျွန်မတို့ဟာ နှစ်အနည်းငယ် ရင်းရပြန်ပါတယ်။

တစ်နှစ် ၊

နှစ်နှစ် ၊

ဒါမှမဟုတ် သုံးနှစ်။

ဟုတ်တယ် သုံးနှစ်ကြာခဲ့ပြီ။ သူမနဲ့ လမ်းခွဲပြီးကတည်းက ကျွန်မ မိန်းမ တစ်ယောက်ယောက်နဲ့ မဒိတ်ဖြစ်ခဲ့ သို့ အတူမအိပ်ဖြစ်ခဲ့တာ သုံးနှစ်ရှိပြီ။ ဒီနေရာမှာ သုံးနှစ်ဆိုတဲ့ အချိန်ဟာ သူမကို ကျွန်မ မေ့သွားပြီလား ၊ မေ့ပစ်ဖို့‌ပဲ မေ့သွားတာလား ကိုယ်တိုင်မဆန်းစစ်ဖြစ်တဲ့ ကာလတွေပါ။ ဒီကာလတွေမှာ တစ်ယောက်တည်းနေဖြစ်ခဲ့တာဟာ သူမဆီက မလွတ်မြောက်နိုင်သေးတာကြောင့်လား ဒါမှမဟုတ် မိန်းမတွေနဲ့ ပတ်သတ်ဖို့နာကျည်းကြောက်ရွံ့နေတာကြောင့်လား စသဖြင့် အဖြေတစ်ခုခုထုတ်ကြည့်ဖို့ စဉ်းစားကြည့်ပေမယ့် ကျွန်မကိုယ်တိုင်ဟာ မရေမရာပါပဲ။ ထားပါတော့ ကျွန်မ မိန်းမ‌တွေကို မတောင့်တတော့တဲ့ ကိစ္စဟာ တကယ်တော့လည်း သိပ် မဆန်းလှပါဘူး။ ကျွန်မ အခုကျင်လည်နေရတာက သိက္ခာပိုင်းဆိုင်ရာ ကျင့်ဝတ်တွေများစွာ စောင့်ထိန်းရတဲ့ အသိုင်းအဝိုင်းတစ်ခုမှာ။

ဒဏ်ရာတွေဟာ အမှတ်သည်းခြေတစ်ခုအဖြစ် ထင်ကျန်နေပြီးတဲ့နောက် တစ်ဦးတစ်ယောက်တည်း တည်ရှိမှုတွေမှာ အစစအရာရာ အသားကျနေပြီ ထင်ခဲ့တာပါပဲ။
အတိအကျပြောရရင် ဒါတွေဟာ အတိတ်ကို ပြန်သွားကြည့်ဖို့ ကြိုးစားမိတဲ့ မိုက်ရူးရဲဆန်မှု မတိုင်ခင်အထိပါပဲ ။

အဲ့ဒီနေ့ဟာ အစိုးရရုံးပိတ်ရက်လို့ပြောရမယ့် ကျွန်မရဲ့ အားလပ်ရက်တစ်ရက်ရက်ပါ။ ပတ်ဝန်းကျင်အသစ်မှာ ရှောင်ပုန်းရင်း အသားကျနေပြီဖြစ်တဲ့ ကျွန်မဟာ အနာတရတွေဟာ နာကျင်စရာမရှိတော့ကြောင်း သေချာဖို့အတွက် အတိတ်တွေကို ပြန်သွားကြည့်ချင်လာတယ်။ ကျွန်မ ရွေးချယ်လိုက်တာက လွန်ခဲ့တဲ့ သုံးနှစ်မတိုင်ခင်က ကျွန်မ သွားနေကျဖြစ်တဲ့ ဘားတစ်ခုဆီကို မဟုတ်ဘူး ကျွန်မဘဝရဲ့ တစ်စိတ်တစ်ပိုင်းလိုဖြစ်ခဲ့တဲ့ အမှတ်တရတွေရှိရာကို ။

အေးစက်သွားတဲ့ ညတွေWhere stories live. Discover now