- ၂ -

272 31 0
                                    

ဒီနေ့ဟာ သောကြာနေ့ပါ။ တစ်နေ့လုံးအမျှင်မပြတ်ခဲ့တဲ့ မိုးဟာ ညနေစောင်းထိတိုင်အောင် ခပ်ဖွဲဖွဲရွာကျနေတုန်းပဲ။ ကျွန်မရဲ့ ကိုယ်အပူချိန်ဟာ အရင်ရက်တွေထက် သိသိသာသာလျော့နည်းနေသလို ခံစားရတယ် ၊ ဒါဟာ ကျွန်မရဲ့ စိတ်အထင်သက်သက်လည်း ဖြစ်နိုင်ပါတယ် ။ မိုးရွာပြီးစ လေထုဟာ စိုစွတ်ထိုင်းမှိုင်း‌နေတတ်ပြီး ပတ်ဝန်းကျင်ကိုပါ သက်ရောက်မှုရှိစွာ အေးစက်‌စေတတ်တာ ထုံးစံပဲလေ ။ အနာတရရှိဖူးတဲ့ လတ်လတ်ဆတ်ဆတ် အတိတ်တွေဟာ ပစ္စုပ္ပန်ရဲ့ အနာဂတ်တွေအထိပါ ခြောက်လှန့်နေတတ်သလိုပေါ့ ။

ကျွန်မ သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်တော့ပ်ထဲက ရေးလက်စ စာမူကို ရပ်ထားလိုက်တယ်။ ဒီရက်ပိုင်းမှာ ညှစ်နွမ်းနွမ်းပုံရိပ်တစ်ချို့ဟာ ကျွန်မကို ခြယ်လှယ်နှောက်ယှက်နေခဲ့ပြီး အတွေးတွေကိုပါ ကန့်သတ်ပစ်နေခဲ့တယ်။

ဟုတ်ပါတယ်။ အရင်တစ်ပတ်က ဘားမှာတွေ့ခဲ့တဲ့ အမျိုးသမီးကြောင့်ပါပဲ။ ပြက္ခဒိန်ကိုကြည့်မိတော့ ဒီနေ့ဟာ သောကြာနေ့ပဲ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို နားလည်ရက်နဲ့တောင် တောင့်တမှုဟာ သူမဆီ လှမ်းဖို့ တွန်းပို့နေခဲ့တယ်။ ဝန်ခံဖို့ခက်ခဲတယ်ဆိုပေမယ့် အဲ့နေ့ရဲ့ချိန်းဆိုမှုကို ငြင်းဆိုဖို့အတွက်တော့ သူမရဲ့ နှုတ်ခမ်းတွေဟာ သိပ်ကိုစေစားနိုင်လွန်းပါတယ်။

စိတ်အာရုံလွှဲနိုင်ဖို့အတွက် အသင့်သောက်ကော်ဖီထုပ်ဖောက်ထည့်ထားတဲ့ ဖန်ခွက်ထဲ ရေနွေးဆူဆူကိုလောင်းထည့်နေပေမယ့် ကျွန်မ တောင့်တနေတဲ့ နွေးထွေးမှုမျိုးဟာ ကော်ဖီပူပူတစ်ခွက်ဆီက မ‌ဟုတ်ဘူးဆိုတာတော့ ကျွန်မအတပ်သိပါတယ်။ နာရီကို တစ်ချက်ကြည့်လိုက်တော့ 9:30 PM။

ကျွန်မဟာ ‌ဘားကို ထင်ထားတာထက် ပိုပြီးစောရောက်‌နေခဲ့တယ်။ ဆိုင်ကောင်တာဘက်ကို တစ်ချက်လှမ်းကြည့်မိတော့ ဝန်ထမ်းတွေကလွဲရင် ကျွန်မရဲ့ မိတ်ဆွေဟောင်းကြီး ဆိုင်ရှင်ကတော့ ရှိမနေခဲ့ပါဘူး။ လိုက်ရှာမိတယ်ဆိုပေမယ့် တွေ့မှဖြစ်ရမယ့် အကြောင်းကိစ္စရယ်လည်း မရှိပါဘူး။ အရင်တစ်ပတ်က သူ့ရဲ့ဖော်ရွေမှုကို ကျွန်မတုံ့ပြန်ဖို့ လစ်ဟင်းသွားခဲ့လို့ သေချာလေးပြန်နှုတ်ဆက်ချင်ရုံပါပဲ။

အေးစက်သွားတဲ့ ညတွေWhere stories live. Discover now