မီးအမှောင်ချထားတဲ့ အခန်းထဲ တစ်ကိုယ်တည်းဖြတ်သန်းရတဲ့ ညတွေမှာ နေသားကျနေခဲ့ပြီဖြစ်တဲ့ မိန်းမသားတစ်ယောက်အတွက် ခြောက်ခြားစရာ လေတိုးသံကအစ ငြိမ်းချမ်းနေသလိုပါပဲ။
ကျွန်မဟာ လက်တော့ပ်ရဲ့ အလင်းရောင်ကို အဆုံးထိလျှော့ချရင်း စာမူအသစ်အတွက် ငေးတိငေးရာ ထိုင်တွေးနေခဲ့တယ်။
" ဒုန်း ဒုန်း ဒုန်း "
ရုတ်တရက်ဆန်စွာ ကျယ်လောင်သော ထုရိုက်သံဟာ ကျွန်မရဲ့ အိမ်ရှေ့တံခါးဆီမှ ထွက်ပေါ်လာတယ်။
ထိတ်လန့်စိတ်ဖြင့် မရဲတရဲတံခါးခပ်စေ့စေ့ဟ၍ ကြည့်မိလိုက်တော့ သောင်းကျန်းနေသူက ကျွန်မနဲ့ ဘားမှာဆုံခဲ့တဲ့ ထိုအမျိုးသမီးပါ။ သူမထံမှ အယ်ကိုဟောနံ့တွေဟာ အိမ်အတွင်းလေထုထိ စူးဝင်လာခဲ့ပြီး သူမဟာ သူမကို အိမ်ထဲ ဝင်ခွင့်ပြုဖို့ တဂျီဂျီတောင်းဆိုနေခဲ့တယ်။
ကျွန်မဟာ အသက်ခပ်ပြင်းပြင်းရှူထုတ်ကာ ဒေါသစိတ်ကို ထိန်းချုပ်လိုက်ပြီးနောက် အံကြိတ်ကာ သူမ ကြားသာရုံလေသံဖြင့်
" ညဉ့်နက်နေပြီ ထရီဇာ။ မနက်ဖြန်သောကြာနေ့မှ ဘားမှာတွေ့မယ်။ အခု နင့်အိမ်နင်ပြန်တော့။ "
ဒါဟာ သူမကို ချော့မော့ပြောဆိုရုံသက်သက်ပါ။ ကျွန်မဟာ အဲ့ဘားကို ထပ်မသွားတော့ဖို့နဲ့ သူမနဲ့ထပ်မပတ်သတ်ဖို့ ဆုံးဖြတ်ချက်ချပြီးသားပါပဲ။
ထိုစဉ် ဘေးချင်းကပ်အခန်းမှ တံခါးဟာ အတိအလင်းပွင့်လာခဲ့ပြီး ထိုမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်ပုံရသူဟာ သူတို့အိမ်တံခါးဝတွင် ခါးထောက်ရပ်လျက် သူမကို မျက်မှောင်ကျုံ့ကာ စိုက်ကြည့်နေခဲ့တယ်။ ကျွန်မဟာ ရှက်စိတ်မွှန်ထူလာတယ်။
ရုတ်တရက်ဆန်တဲ့ အခြေအနေတွေအတွက် ကျွန်မမှာ ရွေးချယ်စရာတွေလည်း မရှိခဲ့ပါဘူး။ လက်ရှိထက် မဆိုးရွားအောင် ထိန်းသိမ်းနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ ဒီညမှာ သူမကို ကျွန်မရဲ့ အိပ်ယာထက် အိပ်ခွင့်ပေးလိုက်ရုံပါပဲ။
တံခါးကို ဆွဲဖွင့်လိုက်တော့ ထိုတံခါးကို အားပြုကာ အမှီပြုထားတဲ့ သူမဟာ မှီရာလွတ်သွားပြီး ကျွန်မကိုယ်ပေါ် ပုံကျလာခဲ့တယ်။ ဘေးအခန်းကို တောင်းပန်စကားဆိုရင်း သူမကို အိမ်ထဲ ဆွဲသွင်းတော့ သူမဟာ အမျိုးသမီးတစ်ယောက်ရဲ့ နာမည်ကို မသဲမကွဲရေရွတ်နေခဲ့တယ်။
" သံသာ... သံသာ... "
ထိုသံသာဆိုသော အမျိုးသမီးဟာ ဘယ်သူလဲ ကျွန်မ မသိသလို သိလိုစိတ်လည်း မရှိပါဘူး။ ကျွန်မ သိခဲ့တာ တစ်ခုကတော့ အဲ့အမျိုးသမီးဟာ အသိစိတ်ကင်းမဲ့တဲ့ အနေအထားမှာတောင် သတိတရရှိစေနိုင်တဲ့အထိ သူမအပေါ် သိပ်ကိုလွှမ်းမိုးမှုရှိပုံရတယ်ဆိုတာပါပဲ။
သူမကို အိပ်ယာပေါ် ပစ်ချလိုက်တော့ သူမ ရှပ်အင်္ကျီဆီမှ အယ်လ်ကိုဟောနံ့အပြင် ချဉ်စုတ်စုတ်အနံ့တစ်ခုစွဲကပ်နေကြောင်းကိုပါ ကျွန်မသတိထားမိသွားတယ်။
သူမကို ရေပတ်တိုက်ပေးပြီးနောက် သူမရဲ့ ပေကျံနေတဲ့ အဝတ်အစားတွေကိုတော့ အဝတ်လျှော်စက်ထဲပစ်ထည့်လိုက်ပြီး သူမနဲ့ တော်နိုင်မယ့် ကျွန်မအဝတ်အစားတွေကို ဘီဒိုထဲမွှေနှောက်ရှာရတော့တာပါပဲ။
မည်သို့ပင်ဖြစ်စေလေ ကျွန်မအိပ်ယာထက်မှာ ဝတ်လစ်စလစ် သူစိမ်းအမျိုးသမီးတစ်ယောက် စိတ်လွတ်ကိုယ်လွတ်အိပ်ပျော်နေတာဟာ ကျွန်မအတွက်တော့ သိပ်အဆင်မပြေလှပါဘူး။
အရပ်ငါးပေသာသာရှိတဲ့ ကျွန်မရဲ့ ခါးတိုအင်္ကျီများဟာ ငါးပေဆယ်လက်မခန့်မြင့်သော သူမရဲ့ ခန္ဒာထက်တွင် မည်သို့မျှ အဆင်မပြေနိုင်ပါ။ ကျွန်မ သတိရလိုက်မိသည်က ရည်းစားဟောင်းဖြစ်သူရဲ့ ဟူဒီတစ်ထည်။
ဟုတ်တာပဲ၊ သူမဟာ ကျွန်မရဲ့ အတိတ်က အမျိုးသမီးနဲ့ အရပ်တူတူလောက်ပဲ။ ဘီဒိုအောက်ကန့်ကို ဆွဲဖွင့်လိုက်တော့ ဖုန်အနည်းငယ်လွှမ်းနေတဲ့ ယုန်ရုပ်ဟူဒီလေးဟာ ပုံမပျက်ရှိနေတယ်။ ဟူဒီလေးကို ယူဝတ်ပေးလိုက်တော့ သူမဟာ ရှပ်တွေနဲ့ပဲ ပိုလိုက်ဖက်တယ်ဆိုတာ ကျွန်မ သတိပြုမိပြီး ပြုံးမိလိုက်သေးတယ်။ အောက်ပိုင်းအတွက်ကိုတော့ သဘက်အသစ်တစ်ထည် ထုတ်လိုက်ပြီး သူမခါးမှာ စည်းပေးထားလိုက်ရတော့တာပါပဲ။
#To_Be_Continue
YOU ARE READING
အေးစက်သွားတဲ့ ညတွေ
General Fictionရန်ကုန်မှာ ဒီရက်ပိုင်း မိုးတအားအေးတယ်။ မိုးရွာတာကမဆန်းပေမယ့် အေးစက်နေတဲ့ ရာသီဥတုထက် တစ်စုံတစ်ခုက ပိုမိုနေတာကို သိသိသာသာခံစားမိတယ်။ ကော်ဖီတစ်ခွက်ကို စိတ်လိုလက်ရဖျော်ပြီးမှ မသောက်ဖြစ်ဘဲ အငွေ့တွေကိုပဲ ထိုင်ကြည့်နေခဲ့မိတယ်။ ဟုတ်တယ်လေ။ ငိုချလို့ မဖြစ်တဲ့...