- ၄ -

222 19 2
                                    

ပုံမှန်နိုးထလာရတဲ့ မနက်ခင်းပါပဲ။ ဒီဘက်လမ်းထိပ်ကနေ ဟိုးဘက်လမ်းထိပ်အထိ "ပဲ..." တစ်လုံးသာ အော်သံကြားလိုက်ရတဲ့ ပဲပြုတ်သည်အန်တီဟာ ကျွန်မရဲ့ အချိန်မှန်နှိုးစက်ပဲ။

တိုက်ရှေ့လမ်းပေါ်က မနက်ခင်း ဈေးသွားဈေးလာတွေရဲ့ ဆူညံစကားပြောနေသံတွေ၊ အောက်ထပ်အခန်းက လသားက‌လေး‌လေးရဲ့ အကြောင်းရင်းမဲ့ အော်ငိုနေသံ‌တွေ အစစအရာရာဟာ မနက်ခင်းတိုင်းရဲ့ ခေါင်းကိုက်စရာ။

မကြည်လင်စိတ်သက်သက်နဲ့ ပြူတင်း‌ပေါက်ကို လှမ်းငေးမိတော့ ချိတ်ဆွဲထားတဲ့ ဒရင်းကတ်ချာပန်း‌ရောင်လေးဟာ လေတိုးတိုင်း ဝှေ့ယမ်းနေတယ်။ စိုစွတ်ဆဲ လေထုဟာ မြေနံ့ခပ်သင်းသင်းကို သယ်ဆောင်လာပြီး ပြူတင်းပေါက်မှတဆင့် တိုးဝှေ့လာတဲ့ လေပြေဟာ ကျွန်မ‌မျက်နှာအပါး ဖြတ်သန်းသွားတယ်။ မကြည်လင်စိတ်ဟာ နည်းနည်းလေးတော့ အေးချမ်းသွားသလိုပဲ။ ထူးခြားတာက အရင်နေ့တွေလိုမျိုးမဟုတ်ဘဲ ဒီနေ့မှာ စိတ်ခံစားမှုတွေထဲ ဝမ်းနည်းရိပ်တွေ ရှိမနေခဲ့ပါဘူး။

သဘက်တစ်ထည် ကောက်ပတ်လိုက်ပြီး ရေချိုးခန်းဝင်ခဲ့လိုက်တော့ ရေချိုးဆပ်ပြာရည်နဲ့ ရှန်ပူဘူးဟာ ရေစိုနေတဲ့ ရေချိုးခန်းကြွေပြားပေါ် လဲကျနေတယ်။ ကျွန်မ ရေချိုးခန်း ပြူတင်းကို‌ ‌မော့ကြည့်တော့ ဖွင့်လျက်သားဖြစ်နေခဲ့တယ်။ ညက မိုးရောလေပါ အဟုန်ပြင်းခဲ့ပုံပါပဲ။

‌ဆပ်ပြာဘူး‌တွေကို အစီအစဉ်တကျပြန်စီရင်း ကိုယ်လက်သန့်စင်ပြီးတဲ့နောက် ကော်ဖီတစ်ခွက်ကို ဖျော်ရင်း အိမ်ရှေ့ခန်းထဲ ဝင်ထိုင်မိတော့ အသင့်ဝယ်ထားတဲ့ မနက်စာတချို့ဟာ စတီခုံပေါ်မှာ။

နားမလည်နိုင်စွာနဲ့ ရေခဲအရည်ပျော်နေပြီဖြစ်တဲ့ လီမွန်တီးဘူးကို ကောက်ယူလိုက်တော့ ရေစိုစပြုနေတဲ့ ခေါက်ရိုးကျိုး စာရွက်တစ်ရွက်ဟာ ပြုတ်ကျလာတယ်။ ဖွင့်ကြည့်လိုက်‌တော့ ဖုန်းနံပါတ်လို့ ယူဆရတဲ့ ဂဏန်းကိုးလုံးနဲ့ လက်ရေးခပ်သော့သော့ စာတစ်ကြောင်း။

" မနေ့ညကအတွက် ကျေးဇူးတင်ပါတယ်။ "

မနေ့ညက...မနေ့ညက....။

ကျွန်မဦးနှောက်ဟာ ဖြတ်ခနဲ့ အမှောင်ကျသွားပြီး ဖြစ်ရပ်တွေကို တစ်ခန်းချင်း အစီအစဉ်တကျ လျှင်မြန်စွာ ပြန်စီမိတယ်။ ရေတိုမှတ်ဉာဏ်ဟာ တစ်စစီ ပြန့်ကျဲနေခဲ့ပြီး ဖမ်းဆုပ်လိုက်တိုင်း တစ်ဖန် လစ်လပ်နေပြန်တယ်။

ရေစိုနေတဲ့ ရေချိုးခန်းထဲက လဲကျနေတဲ့ ရှန်ပူနဲ့ ဆပ်ပြာဘူးတွေ။
လရိပ်ဖြာကျရုံ အလင်းမှိန်မှိန် အမှောင်ထုထဲက အမျိုးသမီးတစ်ယောက်ရဲ့ ကြမ်းတမ်းစွာ ညှင်သာမှုတွေ။
သူမရဲ့ နာမည်ကို ခပ်သဲ့သဲ့ ညည်းညူနေခဲ့တဲ့ နံရံတွေဆီက ပဲ့တင်ထပ်သံတွေ။

အချိန်တစ်ခုထိ ခေါင်းဟာကိုက်ခဲလာပြီးနောက် သွေးပျက်လောက်စရာ မှတ်ဉာဏ်တစ်ပိုင်းတစ်စဟာ ခပ်ဖြည်းဖြည်း ဗလာမြင်လွှာထဲ ဝင်ရောက်လာတယ်။ အသိစိတ်ဟာ ရေရာလွန်းတဲ့ ဝိုးတဝါးမှတ်ဉာဏ်တွေကို လက်မခံချင်ခဲ့ပါဘူး။

တည်ငြိမ်စပြုနေပြီဖြစ်တဲ့ ကျွန်မရဲ့ရှင်သန်မှုထဲ သူစိမ်းမိန်းမတစ်ယောက်နဲ့ တစ်ညတာ အတူရှိနေခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မှန်ဟာ သိပ်ကိုရူးသွပ်ချင်စရာကောင်းလှပါတယ်။

အေးစက်သွားတဲ့ ညတွေWhere stories live. Discover now