Part 4. Z

70 1 0
                                    


အပိုင်း ၄။ကြွေ....မြတ်နိုးခြင်းနဲ့ ခင်းတဲ့လမ်းမှာတမ်းတမှုလည်း ပါသက်ဝင်မှုလည်း ပါရူးသွပ်ခြင်းလည်း ပါလက်မလွှတ်နိုင်ခြင်းလည်း ပါ...တစ်ခင်တည်းရစ်တဲ့ လွန်းလိုမျိုး..တိုးလို့နှောင်ဖွဲ့ပြန်‌တော့....မောင်..အလင်းပြင်ထဲ အတင်းဝင်သလိုမျိုး..အသက်မျှင်ကို ဖမ်းဆုပ်သလိုမျိုး....အနွေးရင်ခွင်ထဲ မှီခိုချင်သလိုမျိုး...ရှင်းလင်းလှတဲ့ ခက်ဆစ်တွေလိုမင်းရဲ့အကြည့်တွေထဲမောင်..ခဏ ခဏ ကြွေ..


အညာမြေက မေလရဲ့ အပူရှိန်အောက်မှာ အလျှံ့တစ်ညီးညီး။ သရေခေတ္တရာ ဟိုတယ်ကြီးရဲ့ ဘန်ဂလိုပုံစံအခန်းလေးတွေရှေ့တည့်တည့်က ဧရာဝတီမြစ်ကြီးနံဘေး တွယ်ကပ်ကာ မြစ်အတွင်းကိုင်းလျှက် ပေါက်နေရှာသော ကုက္ကိုပင်ကြီးအရိပ်အောက် လင်းမိုရ် ငြိမ်ငြိမ်လေး ထိုင်နေမိသည်။ အခုက လိပ်ပြာလေးတစ်ကောင်လို လွင့်ဝဲနေခဲ့ဖူးတဲ့ သူ့အတွက် သုခဘုံလေးဖြစ်နေရတော့မှာလေ။ ဘာလို့များ??

ဒီတစ်လလုံးနီးပါး ထိုက်ရဲ့ အနှောက်အယှက်က လင်းမိုရ်အတွက် တစ်နေ့မှ မပျက်မကွက်ခဲ့။ ရောက်သည့်နေ့တည်းက လင်းမိုရ်အခန်းထဲအတင်းဝင်ပြီး အဝတ်အစားတွေချိန်နဲ့ချိတ် ဘီဒိုထဲထည့်။ ဆေးလာပို့ပေးတဲ့ကိုညီညီမင်းကို လင်းမိုရ်နဲ့ပေးမတွေ့ဘဲ သူကိုယ်တိုင် ဆင်းယူ။ ဆေးတွေအတင်းလိမ်းပေး။ ညစာစားတော့လည်း ထိုက်ကိုယ်တိုင် အောက်ဆင်းပြီးဗန်းကြီးနဲ့ ယူချလာ။ အိပ်ယာထဲ အတင်းစားခိုင်းနေလို့ ဧည့်ခန်းကိုဇွတ်ထွက်လာပြီး ညစာစားရတာတောင် သူ့မျက်စေ့အောက်မှာ။ ကြီးနုတောင် သူ့လောက် သဲသဲလှုပ် ဂရုမစိုက်ဖူးဘူး။မဟုတ်ဘူးဂရုစိုက်တယ်ဆိုတာထက် အရုပ်အသစ်ရထားတဲ့ကလေးလိုမျိုး။ မဝေကို မေးကြည့်ချင်ပေမယ့် အားနာတတ်တဲ့ လင်းမိုရ်အတွက် ဒီစကားကို ပါးစပ်ကမထွက်။"မင်းကု‌ဋေထိုက်က ရူးနေတာလား လို့"လင်းမိုရ်ရဲ့ ဒူးဒဏ်ရာအကြောင်း ကြီးတင်နဲ့ ကြီးနုကို ကိုညီညီမင်း ပြောပြလိုက်တာမို့ ကြီးတော်ကြီးနှစ်ယောက် လင်းမိုရ်ဆီပေါက်ချလာကာ ထိုက်က ဂရုစိုက်ပေးဖို့ အသွားအလာ သတိထားဖို့ လှေကားတက်ဆင်းရင် ဒဏ်ဖြစ်မှာစိုးလို့ အပြင်သွားချင်ရင် ကိုညီညီမင်းကိုခေါ်ဖို့ .. အစုံ အစုံတွေ မှာကြားမဆုံး။လင်းမိုရ် သဘာဝသစ်‌တောကြိုးဝိုင်းထဲ ကျားတွေသွားလာနေတဲ့ အရပ်မှာ သစ်‌ပင်ထက်လင့်ထိုးအိပ်ခဲ့တာသာ သူတို့သိရင် မေ့များလဲကုန်ကြမလားမသိတော့အောင် သည်းလှုပ်နေကြတာ။ ထိုအထဲမှာ ကိုညီညီမင်းနဲ့ ထိုက်က အဆိုးဆုံးပြောလို့ရမယ်ထင်သည်။"ညီလင်းမိုရ် ဒီနေ့ဘယ်သွားဖို့ရှိလဲ အကို့ကို လှမ်းခေါ်နော် အကိုခွဲခန်းဝင်ဖို့က ညနေမှရှိမှာ တစ်နေ့လုံးအားတယ်" ဆိုတဲ့ ကိုညီညီမင်းက တစ်ကယ်တန်းကျတော့ အိမ်ရှေ့မှာ မနက်အစောကတည်းက ရောက်နေတတ်သည်။ လင်းမိုရ်ဘယ်မှမသွားဘူးဆိုမှ ဆေးရုံကို သွားတော့တာပင်။ ကြင်နာတတ်တဲ့အကို့ကြောင့် လင်းမိုရ် နွေးထွေးရပေမယ့် မိုးလင်းတာနဲ့ တခါးခေါက်ပြီး မနက်စာဘာစားမလဲ ဘာဝယ်ပေးရမလဲ ဒီနေ့သွားမယ့်နေရာ လိုက်ပို့မယ် ခင်ဗျားဒူးကိုဂရုစိုက် ခင်ဗျားက ကျွန်တော့်ဧည့်သည် စတဲ့စကားလုံးတွေနဲ့ အတင်းနောက်ကလိုက်လာတတ်တဲ့ ထိုက်ကြောင့်လည်း လင်းမိုရ်မိတ်ဆွေတွေကြားမှာ သူ့ကိုမဖြစ်မနေ မိတ်ဆက်ပေးပြီးလက်ခံလိုက်ရတာဖြစ်သည်။ ကြီးနုကိုပြောထားတဲ့အတိုင်း ပြပွဲအတွက် ဓါတ်ပုံရိုက်ချင်တာကြောင့်ရော။ ဟိုတယ်လုပ်ငန်းအကြောင်း နားလည်ချင်လို့ရော ပုဂံကို ရက်စောပြီး သူထွက်လာခဲ့တာ။သူ့ကိုမတွေ့ရရင် ထိုက်နဲ့ ကိုညီတို့ ဘာတွေပြောကြမယ်မသိ။တစ်သက်လုံး လွတ်လွတ်လပ်လပ် တစ်ယောက်တည်းနေလာခဲ့တာပဲ။ သူတို့စိတ်ပူနေရလောက်အောင် နုနယ်နေတဲ့ ကလေးအရွယ်လဲမဟုတ်တော့။ အခုလို တစ်ယောက်တည်းထွက်လာရတာ လင်းမိုရ်အတွက် အပျော်ဆုံးအချိန် ဖြစ်နေရမှာမဟုတ်လား။လင်းမိုရ်ငေးနေရင်းကပဲ ဧရာဝတီမြစ်ကြီးကို စုန်ကာ ဆင်းလာတဲ့ ဝါးဖောင်လေးကို ဓါတ်ပုံရိုက်ယူဖို့ ကင်မရာကို ထုတ်လိုက်မိသည်။ တစ်နေ့ကမှ ကိုညီဇွတ်သွားယူပြီး အိမ်လာပို့သွားလို့ တစ်ညနေလုံး စမ်းပြီး ရိုက်ကြည့်ထားတာ အဆင်ပြေလို့။အခုရိုက်ဖို့ထုတ်လိုက်တော့ မှန်ဘီလူးနဲ့ ကင်မရာအဆက် ဝက်အူရစ်လေးနဲ့ ကလစ်က ကျိုးမြဲအတိုင်း။ ငါပဲဖိမိလို့လား။ မနေ့ကတစ်နေ့လုံးထုတ်မကြည့်မိခဲ့တာမို့ ပြင်ထားတဲ့ အဆက်လေး ပြန်ပြုတ်ထွက်သွားတာ ရန်ကုန်မှာတည်းကသိရင် တစ်ခုခုတော့လုပ်ခဲ့မိမှာ။ကင်မရာအသစ်လေး ယူခဲ့တာမျိုး လို မျိုးပေါ့.. ။အင်း ... အခုတော့ ဒီရှုခင်းတွေကို မျက်လုံးနဲ့ပဲ ဓါတ်ပုံရိုက်လိုက်ရတော့တာပင်။ ထိုက် လာရင် ကင်မရာယူလာခဲ့ပေးဖို့ တော့ လှမ်းမမှာချင်ပါ။ ကင်မရာအသစ် ဝယ်ထားတဲ့အကြောင်းကို လာပြောပြသွားတဲ့ ထိုက်ရဲ့ ရေကန်ထဲက ပုံရိပ်က ဒီနေ့အထိ သူ့ကို ကြက်သီးမွှေးညင်း ထစေတုန်းမို့ မေ့ထားတာကောင်းတယ်။ ဒီမှာပြင်တတ်သူရှိမလား လို့လဲ မျှော်လင့်လိုက်မိသည်။ဒီနေ့မြင်ရတဲ့ မြင်ကွင်း။ အလင်းရောင်။ ပါဝင်တဲ့ အရာဝတ္တု။ လူ စတာတွေက နောက်တစ်ချိန် တစ်ထပ်တည်း ပြန်ဖြစ်ဖို့ ပြန်ဆုံဖို့ မဖြစ်နိုင်တော့တဲ့အခိုက်အတန့်လေးကို တိတိကျကျမှတ်တမ်းတင်ထားနိုင်တဲ့ ဓါတ်ပုံရိုက်ရတာကို လင်းမိုရ် တန်ဘိုးအလွန်ထားပါသည်။ အလင်းဝင်ပေါက်ကလေးတစ်ခုကနေ ကမ္ဘာလောကကြီးထဲက အမှန်တစ်ကယ် ဖြတ်သန်းဖြစ်ပေါ်လာပြီး ပျောက်ကွယ်သွားတော့မယ့် အခြေအနေလေးတစ်ခုကို မှတ်တမ်းတင်ထားနိုင်တာက တစ်ကယ့်အောင်မြင်မှုပါ။ဟူး..သက်ပြင်းကိုမှုတ်ထုတ်လိုက်မိသည်။ ဓါတ်ပုံရိုက်ဖို့မလွယ်တော့လဲ ရိုက်သင့်တဲ့နေရာတွေ သွားမှတ်သားပြီး အစည်းအဝေးကို စောင့်တက်ရတော့မှာပေါ့။နောက်တစ်ခေါက်ပြန်လာရင် ထိုက်ကင်မရာကိုသုံးသင့်လား မသုံးသင့်ဘူးလား လင်းမိုရ်ဝေခွဲမရ။ ကိုယ့်ကင်မရာလေးကို ဘန်ကောက်ကိုပို့ပြီး ပြင်လို့တော့ ရနိုင်ပါရဲ့ ဒါပေမယ့် ဒီကင်မရာကိစ္စနဲ့တော့ ပီရေးကို အလုပ်မရှုပ်စေချင်မိ။ ရန်ကုန်ပြန်ရောက်တာနဲ့ ကင်မရာရှာရတော့မှာ။ ကျေးဇူးရှင်ကတော့ ကင်မရာယူမလာတာသိရင် ဘာတွေ တစ်ဇွတ်ထိုးလုပ်အုံးမလဲ မသိတော့။အရူးစိတ်နဲ့လူမို့ မှန်းမရ။လင်းမိုရ်လဲ ကင်မရာအကျိုးလေးကိုင်လျက်ကပဲ ကြီးနုနဲ့ မဝေပြောပြထားတဲ့ ဟိုတယ်ဆိုင်ရာအချက်အလက်တွေကို ပြန်တွေးလိုက်ပြီး လုပ်သင့်တာတွေကိုလည်း ကြိုစဉ်းစားနေမိသည်။ အဆင်မပြေတာတွေ တစ်ထိုင်တည်း တန်းစီကြုံနေရတာတောင်မှ ထိုအထဲကမှ တစ်မူထူးတဲ့ အမူအယာတွေနဲ့ သူတစ်ကာနဲ့မတူတဲ့ လင်းမိုရ်အပေါ် ဆက်ဆံမှုတွေကြောင့်ထင်ပါရဲ့။ အခုလို တစ်ယောက်တည်း ထွက်လာလိုက်ရတာ အားနာမိနေသလို..မနက်တုန်းက ထုံးစံအတိုင်း ငါ့ကို ရှာများနေမလား လို့။❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥ဒီနေ့ဟာ မနေ့ကလိုပဲ လို့ ခံစားလာရပြီဖြစ်တဲ့ နံနက်ခင်းမှာ မျက်လုံးအိမ်ထဲ အလင်းတိုးဝင်လာတာနဲ့ ပထမဉီးဆုံးသတိရမိတာက တစ်ဘက်ခန်းကို သွားဖို့။ တံခါးခေါက်ဖို့။ မနက်စာဘာစားမလဲမေးဖို့။ နောက်ပြီး သွားလေရာတစ်ကောက်ကောက်လိုက်ဖို့။Notepad ကိုလည်းလှည့်မကြည့်မိတော့။ မနေ့က မိုရ်ဘာလုပ်တယ် ဘယ်သွားတယ် ဘယ်သူနဲ့တွေ့တယ်။ မိုရ်နောက်လိုက်ရင်း လှေကားဘယ်နှစ်ထစ်ကို နင်းတက်ခဲ့တယ်ဆိုတာကအစ သူမှတ်မိနေတာ။ပျော်သည်။အလင်းစက်လေးတစ်ခုက ဟိုးတုန်းကလို အဝေးကြီးမှာ မဟုတ်တော့။ သူ့ကိုယ်ပေါ် တစ်ဖြောင့်တည်း ထွန်းလင်းနေသလိုမျိုး မပြောင်းလဲတဲ့အမှောင်ထုထဲမှာ သူတစ်ယောက်တည်း ကွက်လင်းနေသလိုမျိုးအဓိပ္ပါယ်ရှိတဲ့ မနက်ခင်းတွေကို စတင်ရတာ အရသာရှိလိုက်တာ။ဒေါက်.. ဒေါက်.."မိုရ်။ ခင်ဗျားဒီနေ့ ဘာစားမလဲ။ ကျွန်တော် အပြင်သွားမလို့.. မိုရ်။"ပြန်ထူးသံမကြားရ။ ဘာလဲ။ မနိုးဘူးလား။ ခပ်ပြင်းပြင်းလေးထပ်ခေါက်လိုက်မိသည်။"မိုရ်.. ခင်ဗျား မထနိုင်လို့လား။ နေမကောင်းလို့လား။ ဒါကြောင့်ပြောတာ မနေ့က အပင်ပန်းခံရှောက်သွားနေတာကိုး။ ကျွန်တော့်ကားနဲ့လိုက်ခဲ့ပါဆိုတာကို။ မဖြစ်သေးပါဘူး ခင်ဗျားကားတစ်စီးလောက်တော့လိုနေပြီလေ။ မိုရ်. ပြန်ထူးကွာ"ဘာသံမှမကြားရ။ စိတ်ပူလာတာမို့ အောက်ထပ်ပြေးဆင်းလာမိတော့ မမဝေက အပေါ်ထပ်က သူ့အသံကြောင့်ထင်ရဲ့ လှေကားထိပ်မှာ ရပ်လျက်သားလေး။"မမဝေ.. မိုရ်က နှိုးလို့မရဘူး။""ထိုက်။ လင်းမိုရ် ဒီနေ့ ပုဂံကိုသွားတယ်လေ။ ထိုက်ကိုမပြောသွားဘူးလား။ မနေ့ကအတူတူပြန်လာကြတာဟာကို""ပုဂံကို ကျွန်တော်နဲ့အတူသွားမှာလေ အစည်းအဝေးက သန်ဘက်ခါမှမဟုတ်လား။ မနေ့က ဘာမှမပြောပါဘူး။ သူ့ကို အိမ်ပြန်နောက်ကျတယ်ပြောလို့ ကျွန်တော့်ကို ဒေါကန်သွားသေးတာ။ ဒါကြောင့်များ မပြောသွားတာလား။ မမဝေ မိုရ်က စိတ်ကောက်တတ်လားဟင်"ဝေဝေဉီး တွေးတွေးဆဆတွေ ပြောနေတဲ့ ထိုက်ကို ငေးရင်း တစ်ခုခုသေချာလာသလိုပင်။"လင်းမိုရ်က စိတ်မကောက်တတ်ပါဘူး။ သိပ်သဘောကောင်းတာကို။ သူမေ့သွားတာနေမယ် ထိုက်။ သဘက်ခါ တစ်ယောက်တည်းသွားလို့ရတယ်မဟုတ်လား။ ကိုလွင်မင်းကို ကြိုဖို့သေချာမှာလိုက်မယ်လေ"ထိုက် နှုတ်ခမ်းကိုကိုက်ပြီး တွေနေမိသည်။ ဒူးနာမသက်သာခင်တစ်လျှောက်လုံး သူအတင်းပြုစုပေးလို့ စိတ်မသက်မသာ ခံနေရပေမယ့် ဒူးနာသက်သာတဲ့နေ့ကစပြီး သူမသိအောင် အပြင်ခဏခဏထွက်သွားတဲ့ မိုရ့်နောက်ကို သူ ဇွတ်အတင်းလိုက်နေခဲ့မိတာ။ ဘာကြောင့်လဲလို့ မရှင်းပြမိခဲ့သလို မိုရ်ကလဲ မမေးခဲ့။ နှုတ်ခမ်းတစ်ဆူဆူနဲ့ ပဲ ဓါတ်ပုံဆရာအသင်းမှာလည်း သူ့ကိုမိတ်ဆက်ပေးခဲ့သလို ဆယ်တန်းကျောင်းသားတွေ့ဆုံပွဲမှာလည်း ညီတစ်ယောက်အနေနဲ့ မိတ်ဆက်ပေးပြီး အသွားမတူတဲ့လမ်းတွေ အတူတူပြန်လာခဲ့ကြတာပဲ။ဒီနေ့ကျမှ မပြောမဆို ပုဂံထိတဲ့လား။ဟူး.. ။"မမဝေ။ ပုဂံဟိုတယ်ကိစ္စ ပြောစမ်းပါ။ ခဏနော် .. ဟယ်လိုခင်သက်။ ငါ့ကို ပုဂံလေယဉ်လက်မှတ်လုပ်ပေး ဒီနေ့ အစောဆုံးလိုချင်တယ်။ ရအောင်လုပ်‌ပေးနော်။ ရပြီမမဝေ။ ပြောတော့"ဝေဝေဉီး ပါးစပ်အဟောင်းသားနဲ့ပဲ လောနေတဲ့ ထိုက်ကို ထိုင်ခိုင်းလိုက်ရသည်။"ထိုင်ပါအုံး ထိုက်ရဲ့။ Notepad ထဲ ဖတ်ပြီးပြီလား။ ဒီနေ့ ပလပ်စတစ်စက်ရုံမှာ မိုတွေရမှာမို့လို့ သင်မယ့်ဆရာကို ချိန်းထားတယ်လေ။ ထိုက် အဲ့ဒီကိုသွားမယ်ဆို။""မသွားတော့ဘူး အဲ့ဒီကိစ္စ ရှင်းသွားပြီ ဟိုတစ်နေ့က မိုရ်နဲ့ သွားပြီး ကိုစီမန့်ဆီက စာချုပ်လက်မှတ်ရအောင်လုပ်ခဲ့ပြီ။ စက်ရုံကိုလည်း လုပ်ရမှာတွေမှာခဲ့တယ်မဝေ။ ကုန်ကြမ်းတွေ ဒီနေ့စရောက်မယ် ရသလောက် ယူထားလိုက်ပါမဝေ""အင်း ဒါဆိုလည်း ပြီးတာပဲ ပုဂံဟိုတယ်မှာ ကိုလွင်မင်းနဲ့ ဟိုတယ်ရှယ်ယာရှင်တွေကို လင်းမိုရ်တွေ့ပြီး အဆောင်ချဲ့ဖို့ကိစ္စ ညှိကြမလို့။ ထိုက်က အရင်တည်းက အဆောင်ချဲ့တဲ့ကိစ္စကို သဘောတူထားတာလေ။ အဲ့ဒါ လင်းမိုရ်က ပိုင်ရှင်ဆိုတော့ သူ့ကို ပေးသိရမယ်။ သူက ကိုယ်စားလှယ်အနေနဲ့ပဲ သွားမယ်တဲ့ ပိုင်ရှင်ဆိုပြီး မသိစေချင်ဘူးတဲ့လေ။ အဲ့ဒါတွေကို သန်ဘက်ခါ နေ့စွဲနဲ့ မမဝေပို့ပေးထားတယ် ထိုက်။""Notepad မဖတ်ရသေးဘူး မမဝေ။ ဒါပေမယ့် ဒီနေ့ ပုဂံကိုသွားမယ်။ မိုရ်က ဘာတွေလုပ်သင့်တယ်ဆိုတာသိအုံးမှာမဟုတ်ဘူး။ ကိုလွင်မင်းအကြောင်းသိသားနဲ့ မဝေ။""ဟုတ်ပါတယ်။ မမဝေက ထိုက်မေ့နေမှာစိုးလို့"ဝေဝေဉီး ပြောနေရင်းက ရုတ်တရက် ပါးစပ်ပိတ်လိုက်မိသည်။မေ့မနေတဲ့အကြောင်းတွေကို ထိုက်ကပြောလာခဲ့ပြီပဲ။ဝေဝေ့စကားတောင် ထပ်နားမထောင်တော့ဘဲ အပေါ်ထပ်ကိုပြန်ပြေးတက်သွားခဲ့တဲ့ ထိုက်ရဲ့နောက်ကျောကို ဝေဝေငေးကြည့်နေရင်း ကြီးတင်ကို ဘယ်လိုပြောပြရပါ့မလဲဆိုတာကိုပါ တွေးနေမိသည်။ မပြောလို့မပြီးဘူးမဟုတ်လား။ ထိုက် အခုလိုမျိုး သက်ဝင်လှုပ်ရှားနေတာကို မမြင်ရတော့တာ ကိစ္စဖြစ်ပြီးကတည်းက သုံးနှစ်ကျော်ခဲ့ပြီပဲ။***ဟိုတယ်ကကြိုတဲ့ ကားပေါ်ကဆင်းတာနဲ့ပထမဉီးဆုံးမေးမိတဲ့စကားက"လင်းဝရမိုရ်‌ရောက်နေပြီလား"ကိုလွင်မင်းကနားမလည်သလို ခေါင်းခါပြသည်။"ဒီနေ့ပုဂံမှာရောက်နေတယ်ပြောတယ် ဟိုတယ်ကိုမလာဘူးလား"ကိုလွင်မင်းလည်း လင်းမြင့်မိုရ် ကိုယ်စားလှယ် ကိုလင်းဝရမိုရ် အစည်းအဝေးလာတက်မယ်လို့သာ သိရတာ လူကိုမြင်ဖူးတာမဟုတ်။"ခဏပါ CEO။"Reception ဘက်လှည့်ပြီး နာမည်နဲ့စာရင်းသွင်းထားလားမေးကာ အတည်ပြုလိုက်ရသည်။ မရှိပါဆိုမှ CEO မျက်နှာသုန်မှုန်ပြီး တည်းနေကျအခန်းထဲဝင်သွားတော့သည်။လွင်မင်း အတော်စဉ်းစားလိုက်ရသည်။ အစည်းအဝေးက သန်ဘက်ခါကျမှ။ CFO ‌ဝေဝေအကြောင်းကြားထားပြီးသား ကြိုဖို့ တည်းဖို့ စားသောက်စရာစီစဉ်ပေးဖို့။ လွင်မင်းလည်း အသေအချာ ပြင်ဆင်ထားပြီးသား။ အခုတော့ လင်းမြင့်မိုရ်ဘက်က ကိုယ်စားလှယ်ကို ပဒုမ္မာဘက်က CEO က ဆိုင်းမဆင့်ဘုံမဆင့် တစ်ရက်ကြိုရောက်ချလာပြီး လာရှာသတဲ့လေ။ တစ်ကယ်တော့ သူလုပ်ချင်တဲ့ အဆောင်တိုးချဲ့တာက ဒီလောက်ကြီးကျယ်သွားလေသလား။ ကုမ္ပဏီနှစ်ဘက်စလုံးက ကိုယ်စားလှယ်တွေစုံတုန်း အင်းလေးက ဟိုတယ် ရေပေါ်တည်းခိုဆောင် အဆင့်မြှင့်ဖို့ကိစ္စကိုပါ တစ်ခါတည်း တင်ပြလိုက်ရင် ကောင်းမလားလို့ တွေးရင်း ကိုယ်စားလှယ်ရောက်မရောက် ကိစ္စကို ခဏမေ့ပြီး အလုပ်စားပွဲပြန်ထိုင်လိုက်ရသည်။"ဟေ့ စန်းမောင်။ 605 ကို Stand by နော် မင်းတာဝန်ပဲ။ လိုတာမှန်သမျှ ချက်ချင်းလုပ်ပေး။ ခေါ်မှသွားနော် တံခါးလုံးဝမခေါက်မိစေနဲ့ ဖုန်းပဲသုံး။ ဒီတစ်ခေါက် CEO ကြည့်ရတာ နဲနဲထူးဆန်းတယ်"လက်ထောက် ဟိုတယ်မန်နေဂျာလေးကိုသေချာမှာကြားပြီးတော့မှ ဟိုတယ်သုံးလုံးစလုံးအတွက် လျာထားတဲ့ အစီအစဉ်တွေကို တစ်ပြိုင်နက်တည်း တင်ပြလိုက်တော့ဖို့ပြင်ဆင်နေမိတော့သည်။CEO က သူမခေါ်ဘဲ တံခါးလာခေါက်တာကို အမုန်းဆုံးမဟုတ်လား။မင်းကုဋေထိုက် တစ်ညနေလုံး ထိုင်မရ ထမရ။ ဟိုတယ် reception ကို ဖုန်းဆက်ပြီး လင်းဝရမိုရ်ရောက်မရောက်မေးရတာလည်း ခဏခဏဖြစ်နေပြီ။မိုရ် ခင်ဗျားဘယ်ရောက်နေတာလဲ။မမဝေဆီ ဖုန်းဆက်ပြီး စနည်းနာတော့လည်း မမဝေက အဆက်သွယ်မရပါတဲ့။ မိုရ့်ဖုန်းကိုဆက်‌တော့လည်း မကိုင်။ ဓါတ်ပုံရိုက်ဖို့နေရာတွေလိုက်ရှာနေတယ်ဆိုတော့ .. ဖြစ်နိုင်ခြေရှိမယ့်နေရာတွေက ဘယ်နေရာဖြစ်မလဲ။တစ်ချက် အကြံရတာမို့ Facebook ကနေ ဓါတ်ပုံဆရာများအသင်းးဖုန်းနံပါတ်ကို ရှာပြီးဆက်လိုက်ရသည်။"ဉာဏ် ပြောနေတယ်ခင်ဗျ"တစ်ဘက် က ဆရာကြီးဉီးဉာဏ် အသံကြောင့် ထိုက်ပျော်သွားမိသည်။"ဆရာကြီး.. ပုဂံမှာ ဆရာလင်းဝရမိုရ် ဓါတ်ပုံရိုက်ဖို့ သွားရင် ဘယ်တွေသွားလောက်လဲဗျ""ခင်ဗျာ။ ဘာမေးတာလဲ မသိဘူး""အော် ကျွန်‌တော်က မင်းကုဋေထိုက်ပါခင်ဗျ။ ဆရာလင်းဝရမိုရ်ကို အရေးပေါ်လိုက်ဆက်သွယ်နေတာ ဖုန်းမကိုင်လို့ ပုဂံမှာ သူဘယ်တွေသွားလောက်လဲ ဆိုတာ ဆရာတို့ ဓါတ်ပုံဆရာအချင်းချင်းများသိမလားလို့ပါ ခင်ဗျာ။""အော်.. ဟုတ်ပါပြီ သဘောပေါက်ပြီ။ လောကနန္ဒာဘုရားကတော့ နေဝင်ချိန် လှတယ်လေ ကြိုက်လောက်တယ်။ မနက်ပိုင်းဆိုရင်တော့ ရွှေဆံတော်နဲ့ ဗူးဘုရားဘက်သွားနိုင်တယ်။ ဆရာလင်းဝရမိုရ်က သဘာဝပတ်ဝန်းကျင်ကို ပိုသဘောကျတော့ သောင်တွေဘက်ကို အားပြုသွားနိုင်တယ်ဗျ။ အင်း.. ဘုရားကြိုကြားထဲ လဲ သွားနိုင်တာပဲ နေရောင်ရတဲ့နေရာမျိုးပေါ့""ကျေးဇူးပါဆရာကြီး ကျွန်တော်ကျေးဇူးဆပ်ပါ့မယ်"ဖုန်းချလိုက်ပေမယ့် တစ်ကယ်တန်း ဘယ်မှာရှာရမယ်မသိ။"ကိုလွင်မင်း။ ကျွန်‌တော့်ကို ဟိုတယ်က ဘက်ထရီစက်ဘီးတစ်စီးစီစဉ်ပေးပါ။ အားအပြည့်နဲ့နော်""ဟုတ်ကဲ့ ကိုထိုက်။ ညစာရော""အဆင်ပြေသလိုလုပ်လိုက်မယ်။ စက်ဘီးအခုရချင်တာဗျာ"စက်ဘီးရကြောင်း ဖုန်းရတာနဲ့ ထိုက် အမြန်ပဲယူပြီး မောင်းထွက်လာခဲ့သည်။ဟိုဘက် ဒီဘက် ဘုရားကြား မြစ်ကမ်းဘက် ဘယ်ကိုသွားသွား မတွေ့၊ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေတဲ့ ထိုက် နံဘေးက အမှောင်ထုလိုပဲ သူ့အာရုံတွေလည်း အမှောင်ထုကြီးစိုးလာခဲ့ပြီ။ဟိုတယ်ဝင်းထဲ ပြန်ဝင်ဖို့ စက်ဘီးကို ခေါင်းလှည့်လိုက်တော့ ထိုက်ဘောင်းဘီအိတ်ထဲက ဖုန်းမည်လာသည်။❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥သရေခေတ်တရာ ဟိုတယ်ကြီးရဲ့ ဝန်ဆောင်မှုကတော့ အံ့မခန်းပင်။ လင်းမိုရ် ကင်မရာအိတ်ကို အခန်းထဲပြန်ထည့်လိုက်ပြီး ဟိုတယ်ပတ်ဝန်းကျင်လိုက်ကြည့်လိုက်မိသည်။ ဟိုတယ်ထဲမှာပဲ ပုဂံဘုရားအဆူဆူရဲ့ ပုံစံငယ်တွေကို လူတွေတက်လို့တဲ့အရွယ်အစားအထိ တည်ဆောက်ထားပြီး ပိသုကာလက်ရာတွေ အနီးကပ်လေ့လာလို့ရအောင် နမူနာဖန်တီးထားတဲ့နေရာက လင်းမိုရ်ကို ဖမ်းစားထားသည်။ အကြံဉာဏ်ကို လေးစားမိသလို ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုလိုက်ရသည်။ ထို့အပြင် ဒီဟိုတယ်ကြီးရဲ့ အခြားသော ဝန်ဆောင်မှုများက ချီးမွမ်းစရာပင်။ ရေကူးကန်အသုံးပြုမည့် ဧည့်သည်တိုင်းအတွက် အအေးနှင့် အဆာပြေမုန့်များ တည်ခင်းပေးထားသလို မြစ်တွင်းလှေစီးလုံးငှားတဲ့ ဝန်ဆောင်မှုကလည်း အားရစရာ။ အပြင်က ဟိုတယ်ထဲ ဝင်လာတဲ့ မည်သည့်ဧည့်သည်ကိုမဆို တစ်ရှူးအစိုများနဲ့ ကြိုဆိုတာကလည်း စိတ်ကျေနပ်စရာ။ ဒီဟိုတယ်က မြစ်ကမ်းနံဘေးမေးတင်ထားတဲ့အပြင် ကျယ်ဝန်းလှတဲ့‌မြေနေရာကို အကျိုးရှိရှိ အသုံးချထားတာမို့ မြစ်ကမ်းသောင်ခုံပေါ် တိုးထွက်‌ဆောက်လုပ်ထားတဲ့ စားသောက်ဆိုင်လေးက ညဘက်အပန်းဖြေစရာ နေရာကောင်းလေးဖြစ်သလို ရုပ်သေးအကနဲ့ သူငယ်တော် အကတွေဖြင့်လည်း ဧည့်ခံတာမို့ ညပိုင်းဆိုလျှင် စည်ကားနေတာပင်။ ဒီလိုဝန်ဆောင်မှုတွေကြောင့်ပဲ Trip advisors websites တွေမှာ သရေခေတ်တရာ ဟိုတယ်က Rating 7.9 ကျော်နေတာပင်။နေ့လည်စာစားချိန်အထိ သဗ္ဗုညု ဘုရားပုံတူအဆောက်အဉီးထဲ ထိုင်နေရင်း နှစ်ပါတ်တာအတွင်းလေ့လာထားခဲ့တဲ့ ဟိုတယ်လုပ်ငန်း စာရွက်စာတမ်းတွေထဲက အချက်အလက်တွေကို အသုံးချကာ လင်းမိုရ်လုပ်ချင်တာတွေ လုပ်သင့်တာတွေကို အစီအစဉ်ချနေမိသည်။ လင်းမိုရ်တို့ဟိုတယ်မှာ နံနက်စာ နေ့လည်စာ ညစာတို့ကို ဘူဖေးဟင်းလျာတွေအဖြစ် မြန်မာ့ရိုးရာ တရုတ်အစားအစာ နှင့် အနောက်တိုင်း အစားအစာတို့ဖြင့် စုံလင်စွာတည်ခင်းဧည့်ခံလျှင် နိုင်ငံခြားသားများအနေဖြင့် မိမိနှစ်သက်တဲ့ ဟင်းလျာကို ‌ရွေးချယ်စားသောက်နိုင်သလို ရိုးရာအစားအစာတွေကိုလည်း မြည်းစမ်းနိုင်တာကြောင့် စိတ်ကျေနပ်ကြမှာမလွဲပင်။ လင်းမိုရ်တို့ ဟိုတယ်က ရွာနှစ်ရွာအကြား ဘုရားများနှင့် မနီးမဝေးမှာ တည်ထားတာမို့ မြစ်ကမ်းနှင့် အလှမ်းဝေးသည်။ ဒါဆိုလျှင် မြစ်တွင်းလှေငှားတဲ့သူ၊ မြင်းလှည်းငှားသူ စသည့် ပုဂ္ဂလိက လိုင်စင်ရ လုပ်ငန်းလေးတွေကို ချိတ်ဆက်ပေးထားလျှင် နှစ်ဘက်နှစ်ဘက် အဆင်ပြေမှာဖြစ်သလို Rating 5.6 ရထားတဲ့ လင်းနဝရတ် ဟိုတယ်က လူလတ်တန်းစားများအကြား ရေပန်းစားနေတာ ရေရှည်တည်တံ့နိုင်မည်လို့ လင်းမိုရ် ယုံကြည်သည်။ တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်တဲ့ ယွန်းထည်လုပ်ငန်းလေးတွေကို ဟိုတယ်အတွင်း နေရာပေးထားမယ်ဆိုရင် ယဉ်ကျေးမှုကို စိတ်ဝင်တစ်စား လေ့လာလိုကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် အဝေးကိုသွားနေစရာမလိုဘဲ ဟိုတယ်ဝင်းအတွင်းမှာပဲ အေးအေးချမ်းချမ်းလေ့လာနိုင်လိမ့်မည်။ဒီအကြံဉာဏ်ကို ထိုက်ကို ပြောပြရင် ဘယ်လိုတုန့်ပြန်မည်မသိ။လင်းမိုရ် ထိုင်နေရာကထလာခဲ့ကာ နေ့လည်စာစားပြီး အခန်းကိုပြန်လိုက်ရသည်။ နက်ဖြန်တစ်ရက် တစ်ခြားဟိုတယ်တွေ လိုက်တည်းကြည့်အုံးမှထင်ရဲ့။ကင်မရာမသုံးရတော့ ရင်ထဲဟာတာတာနဲ့။ သူများဟိုတယ်ကဒီဇိုင်းတွေကို ဓါတ်ပုံရိုက်ပြီး ကူးချဖို့ စိတ်ကူးမရှိတာကြောင့် တစ်ချို့ကောင်းတဲ့ စိတ်ကူးလေးတွေကို နမူနာမှတ်သားရင်း မီးအလှဆင်ထားတာ မရိုင်းတဲ့ ဒီဇိုင်းလေးနဲ့ လမ်းလေးမှာ လျှောက်လာခဲ့မိသည်။ ပုဂံကို အေးအေးဆေးဆေး ရောက်ကြောင်း ကြီးနုဆီဖုန်းဆက်အုံးမှလို့ အိတ်ထဲစမ်းကြည့်တော့ ဖုန်းမပါလာ။အော်ဟော် .. ဒါကြောင့် အနှောက်အယှက်ကင်းနေတယ်ထင်နေတာ။ အခန်းထဲမှာ ဖုန်းကျန်ခဲ့တာကိုး။ အခန်းထဲကိုပြန်လာခဲ့ပြီး ခြေလက်ဆေးကာ အိပ်ယာထဲလှဲလိုက်သည်အထိ ဖုန်းကိုဖွင့်မကြည့်ဖြစ်သေး။ ညနေဘက် သွားသင့်တဲ့ နေရာတွေကို ခပ်ဆဆတွေးနေတုန်း ဖုန်းဝင်လာတာမို့ စားပွဲပေါ်က ထယူလိုက်တော့ ဖုန်းက ကျသွားပြီ။Notification tray မှာ နီရဲနေအောင် ပေါ်နေတာက ထိုက် ဖုန်းနံပါတ်။ တစ်နာရီလောက်အတွင်း အကြိမ် ၅၀လောက်ခေါ်ထားတာ။ ဘာလို့ပါလိမ့်။ ဖုန်းပြန်ခေါ်ဖို့ ပြင်လိုက်တော့ ကိုညီညီမင်းဆီက ဖုန်းဝင်လာခဲ့သည်။လင်းမိုရ်... ကိုညီညီမင်းရဲ့ဖုန်းကို မကိုင်ဖြစ်... Missed calls တွေဝင်ထားတဲ့ ထိုက်ဘက်ကအခြေအနေကို အရင်သိချင်မိတာမို့ ဘဝမှာ ပထမဉီးဆုံးအကြိမ် ဖုန်းခေါ်နေတာကို မကိုင်ဘဲ ရပ်သွားချိန်အထိ ထိုင်ကြည့်နေဖူးသွားတော့တာပင်။ကိုညီ့ဆီကဖုန်းကျသွားတော့မှ ထိုက်ဖုန်းကို ဆက်လိုက်ရသည်။"မိုရ်..ခင်ဗျား.. ဘယ်ရောက်နေတာလဲ .. ကျွန်တော်လိုက်ရှာနေတာ။ အခုဘယ်မှာလဲ""ငါ သရေခေတ်တရာ ဟိုတယ်မှာ ထိုက်.. ပုဂံမှာရောက်နေပြီ။ မင်းကို မပြောခဲ့လိုက်ရဘူး။ မင်း သန်ဘက်ခါလေယဉ်နဲ့လာရင်...""ဟိုတယ်ရှေ့ကထွက်စောင့်ပေး။ ကျွန်တော်အခုလာပြီမိုရ်"လင်းမိုရ် စကားစတို့ တို့လို့တန်းလန်းနဲ့။အွန်.. အခုကို ဟိုတယ်ရှေ့ ထွက်စောင့်နေရမှာဆိုတော့ ထိုက်က ရောက်နေတာမို့လို့လား။ လှပ်ကနဲ ဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ ဟိုတယ်မျက်နှာစာကို ထွက်လာခဲ့မိသည်။လင်းမိုရ် ဟိုတယ် ရှေ့ဘက်ကိုတောင်မရောက်သေး။ ထိုက်က ဟိုတယ်ဝင်းထဲ ဝင်လာခဲ့ပြီ စက်ဘီးလေးနဲ့။စိုးရိမ်ပူပန်နေတဲ့ မျက်နှာက လင်းမိုရ်ကို မြင်လိုက်တာနဲ့ ဝင်းပသွားတာ လင်းမိုရ် သတိမထားမိချင်ပါဘဲလျက် သတိထားလိုက်မိသည်။ထိုက်ရုတ်တရက် စကားမဆိုဘဲ လင်းမိုရ်ကို မျက်နှာချင်းဆိုင်လျက် ရပ်ကြည့်နေမိသည်။ ပုဆိုးအညိုအကွက်စိတ်လေးနဲ့ အရပ်ရှည်လှတဲ့ မိုရ်က လိုက်ဖက်စွာ တင့်တယ်နေသည်။"ခင်ဗျား ဗျာ..ကိုယ့်ဟိုတယ်ကိုယ်တည်းတာမဟုတ်ဘူး။ ဘာလို့ ရှောက်သွားနေတာလဲ။ ကျွန်တော့်ကိုလည်း ပြောမသွားဘူး။ ကျွန်တော် စိတ်တွေပူသွားတာ။ လာလာ ဘယ်အခန်းလဲ။ ကျွန်တော်တို့ ဟိုတယ်ကိုပြန်ကြရအောင်"လက်ကိုဆွဲကာ ဇွတ်ခေါ်နေတဲ့ထိုက်ကို လင်းမိုရ် တားလိုက်ရသည်။"တိုးတိုးပြောပါ ထိုက်ရဲ့။ ငါအခု ဟိုတယ်တွေမှာ လိုက်တည်းကြည့်ပြီး ဝန်ဆောင်မှုတွေ လေ့လာနေတာ။ အစည်းအဝေးနေ့ကျမှ ဟိုတယ်ကိုပြန်လာမယ်လေ။ ထိုက်အခု ပြန်တော့ကွာ။ သူတို့ဟိုတယ်ကို လာစုံစမ်းနေတယ်ဆိုပြီး သိကုန်ရင် မကောင်းဘူးလေကွာ"ထိုက်ခေါင်းငုံ့ပြီး စဉ်းစားနေသည်။ ပြီတော့ လင်းမိုရ်ကို မကြည်သလိုကြည့်လိုက်ကာ ဖုန်းထုတ်ပြီး ခေါ်လိုက်တော့သည်။"ကိုလွင်မင်း.. အခန်းထဲက ကျွန်တော့်အထုပ်ကို အဲ့ဒီအတိုင်းလေးယူပြီး သရေခေတ်တရာဟိုတယ်ဆီပို့ပေးပါ။ အခုလိုချင်တာ"ထိုက် မိုရ့်ကိုမျက်နှာချင်းဆိုင်လိုက်ပြီး မိုရ့်မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့အရိပ်လေးကို လိုက်ဖမ်းနေမိသည်။လင်းမိုရ် သက်ပြင်းပဲ ချလိုက်ရတော့သည်။ ထိုက်က ဒီလိုဇွတ်တရွတ်တွေ လုပ်နေပေမယ့် မျက်ဝန်းများက သနားစဖွယ် ယောက်ယက်ခတ်လို့။ ရူးနေတဲ့သူနဲ့မတူဘဲ တစ်စုံတစ်ယောက်က တန်ဘိုးထားရတဲ့ အရာကို လုယူသွားမှာကြောက်တဲ့ အမူအယာမျိုးမို့ လင်းမိုရ် ဂရုဏာဖြစ်မိသည်။ကဲပါလေ။ ရန်ကုန်မှာတောက်ရှောက် နှောက်ယှက်လာတာကို သည်းခံနေခဲ့ပြီးပြီပဲ။ အခု ပုဂံမှာ ဘယ်လောက်ထပ်နှောက်ယှက်နိုင်မှာမို့လို့လဲ။ကိုယ်ကလဲ ဟာတာတာလိုဖြစ်နေတာမို့လို့ အင်း.. လေ.. အတူတူဆိုတော့လည်း ဟိုတယ်ကိစ္စ တွေးထားမိတာလေးတွေ တိုင်ပင်လို့ရတာပေါ့လေ။ ..လင်းမိုရ်လက်ထဲက အခန်းသော့လေးကို ဆွဲယူလိုက်ပြီး အခန်းနံပါတ်ကိုကြည့်လိုက်ကာ ဟိုတယ် reception မှာ သွားမှာကြားနေတဲ့ထိုက်ကို လင်းမိုရ်မတားမိတော့။ကြွရွတဲ့ ခြေလှမ်းတွေနဲ့ အခန်းထဲ ဉီးဆောင်ဝင်သွားခဲ့တဲ့ ထိုက်နောက်ကနေ လင်းမိုရ်လိုက်လာခဲ့ရသည်။ လင်းမိုရ်တို့အခန်းထဲ‌တောင်မဝင်ရသေးမီ ထိုက်ရဲ့ပစ္စည်းတွေကို ဝိတ်တာလေးတစ်ယောက်လာပို့ပေးတာမို့ ထိုက်က မှတ်ပုံတင်လေးထုတ်ပေးလိုက်ပြီး မှတ်တမ်းတင်ခိုင်းလိုက်သည်။အခန်းထဲရောက်‌တော့ အခန်းအပြင်အဆင်ကို ဝေ့ကြည့်ရင်းက "မဆိုးဘူး" လို့လဲ မှတ်ချက်ချလိုက်သေးတာ။ လင်းမိုရ်ထိုက်ရဲ့ ခရီးဆောင်အိတ်အသေးလေးကို တွန်းယူလာခဲ့တော့ ထိုက်က အိတ်ကိုလက်လွှဲယူလိုက်ပြီး လင်းမိုရ်ကို ခပ်စူးစူးကြည့်လာသည်။အိတ်ကို ကုတင်ပေါ်တင်ပြီး ဖွင့်လိုက်တော့ ကင်မရာအသစ်လေးက ဘွားကနဲပေါ်လာသည်။ ထိုက် ကင်မရာလေးကိုထုတ်လိုက်ပြီး ကုတင်ပေါ်တင်လိုက်ကာ လင်းမိုရ်ဘက်လှည့် ပြောလာသည်။"ခင်ဗျား ဓါတ်ပုံရိုက်သွားရင် ကျွန်တော်လည်း လိုက်မယ်လေ။ ကင်မရာဝယ်ထားပြီးမှ မသုံးလို့ဖြစ်မလား။ မလိုချင်ရင်တောင်မှ မထားခဲ့သင့်ဘူးလေဗျာ ဟုတ်တယ်မဟုတ်လား။"ထိုက် ကုတင်ဘေးစားပွဲပုလေးပေါ်က ကျိုးနေတဲ့ ကင်မရာအဟောင်းလေးဆီ မျက်လုံးရောက်သွားတော့ အပြစ်မကင်းသလိုခံစားလိုက်ရသည်။ အဲ့ဒီနေ့က သူတမင်ချိုးပစ်တာမဟုတ်ပေမယ့် တရားခံကသူပဲဖြစ်တယ်လေ။ထိုက် ကင်မရာအသစ်လေးကို ယူပြီး လင်းမိုရ်လက်ထဲ သေသေချာချာ ထည့်ပေးလိုက်သည်။"ကျွန်တော့်ကိုယ်စား.."ထိုက် ခေါင်းကို ခါလိုက်သည်။ ဆစ်ကနဲ ဖြစ်လာတဲ့ခေါင်းက နေပူမိလို့ထင်ရဲ့။"ကျွန်တော် ဒီကင်မရာကို မိုရ်သုံးနေတာ မြင်ချင်တယ် မိုရ်။ ကျွန်တော် ... အား ခေါင်းကိုက်လာပြီ။"လင်းမိုရ်လက်ထဲအတင်းထည့်လာတဲ့ကင်မရာကို ယူလိုက်ပြီး ခေါင်းကိုလက်နှစ်ဘက်နဲ့ဖိထားတဲ့ ထိုက်ကို ဖေးမကာ ကုတင်ပေါ်ထိုင်ခိုင်းလိုက်ရသည်။"မင်း ဆေးတွေရော။ ထိုက်.. ဆေးသောက်လိုက်လေ"လင်းမိုရ်ပြောရင်းဆိုရင်း အိတ်ကိုဖွင့်ရှာလိုက်တော့ ဆေးဗူးလေးတွေထည့်ထားတဲ့အိတ်လေးထွက်လာသည်။ ထိုက်လက်ထဲ ထည့်လိုက်တော့မှ ထိုက် ဆေးဗူးတွေရွေးချယ်ပြီးသောက်ချလိုက်တော့သည်။ လင်းမိုရ်ကတော့ ရေဗူးပြေးဖွင့် ဖန်ခွက်ထဲထည့် ထိုက်ကို ရေတိုက် အိပ်ယာထဲလှဲခိုင်း အဝတ်ထုပ်ကိုသိမ်း စသည်ဖြင့် ဇယ်ဆက်သလို အလုပ်များသွားတော့သည်။"မင်း နေမကောင်းတာကို ဒီအထိ လိုက်လာသေးတယ် ထိုက်။ ကြီးတင်နဲ့ မဝေတို့သိရင်စိတ်ပူနေမှာ။""ခင်ဗျားရှိနေတာပဲ မိုရ်"လင်းမိုရ် .. ဆွံ့အ သွားရသည်။"ကျွန်တော် ခဏအိပ်မယ်မိုရ်.. အနားမှာပဲနေနော်။"ခပ်မှေးမှေးဖြစ်နေပေမယ့် လင်းမိုရ်လက်ကို မလွှတ်တမ်းကိုင်ထားပြီး ခေါင်းကိုက်ဝေဒနာကို ခံစားနေရတဲ့ ထိုက်စကားတွေက လင်းမိုရ်ကို ဇဝေဇဝါထက် ပိုတဲ့ ခံစားချက်တွေဖြစ်ပေါ်စေသည်။သတိထားမှပေါ့ လင်းမိုရ်..။ ဒီလူလေးဟာ အရူးလေးမို့လို့ အခုလိုတွေလုပ်နေတာနေမှာပဲလေ။ သတိထားမှပေါ့။ထိုက်အိပ်ပျော်သွားတော့မှ မမဝေဆီဖုန်းဆက်ကာ ထိုက်အခြေအနေကို အကြောင်းကြားပြီး ရန်ကုန်ပြန်ခေါ်ဖို့ ပြောမယ်ကြံထားသော်လည်း .. တစ်ကယ်တန်းပြောဖြစ်လိုက်တာက.."ထိုက် သိပ်တော့နေမကောင်းဘူးထင်တယ် မဝေ။ ကျွန်တော်နဲ့ အတူတူရှိနေတယ် စိတ်မပူနဲ့ ကျွန်တော် သေချာကြည့်ထားလိုက်မယ်။ အစည်းအဝေးပြီးမှပဲ တူတူပြန်လာခဲ့မယ်လေ။"တဲ့ဗျား။လင်းမိုရ်ရေ... သတိ..ကွ သတိ။*****နှစ်ခြိုက်စွာအိပ်လိုက်ရလို့ထင်သည်။ ထိုက်နိုးလာတော့ ခေါင်းကလည်း ကြည်လင်နေသလို အရင်ကလိုမျိုး ငါဘယ်ရောက်နေလဲ လို့ တွေးနေစရာမလိုအောင် အရာအားလုံးက အစီစဉ်တစ်ကျ။ အိမ်ကအိပ်ခန်းမဟုတ်လို့ထင်သည် အိပ်လိုက်တိုင်း မက်နေကျ အိမ်မက်ဆိုးကြီးကို ဒီနေ့ မမက်ဖြစ်။ အရင်တုန်းကတော့ ညဘက်မက်တဲ့အိမ်မက်တွေကြောင့် တစ်ယောက်တည်း အထိတ်တစ်လန့် နိုးလာရပေမယ့် ဘာတွေမက်မှန်း မမှတ်မိခဲ့ရတာမို့ ထိတ်လန့်နေတဲ့ ခံစားချက်နဲ့သာ နေ့တစ်နေ့ကို စတင်လိုက်ရတာ။ အခုလိုကြည်ကြည်လင်လင်ဆိုတော့လည်း ဘဝကြီးကနေရတာ ပျော်ဖို့ကောင်းသားပဲ လို့ တွေးရင်းအခန်းပြင်ကိုထွက်လိုက်မိသည်။ အချိန်က မနည်းတော့။မြစ်ပြင်ထဲမှာ အပျော်စီးသင်္ဘောကြီးတောင် ခရီးအတော်ရောက်နေပြီ။ အခန်းထဲကထွက်ပြီး မိုရ့်ကို ရှာလိုက်တော့ သောင်ပြင်ပေါ်မှာ ကင်မရာအသစ်လေးကို စမ်းသပ်ရိုက်ကူးနေတဲ့ မိုရ့်ကို ငေးကြည့်နေမိသည်။လိပ်ပြာလေး ဝဲလွန့်နေသလို ကလေးငယ်လေး ပျော်နေသလို စိတ်ကျေနပ်မှုတွေ ချယ်မှုန်းထားတဲ့ အပြုံးလေးနဲ့ ထိုလူသားကို ထိုက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပျော်နေစေချင်မိသည်။ ထိုလူသားပျော်နေဖို့ ဘာမဆို လုပ်ပေးချင်တဲ့ဆန္ဒတွေက တားမရမနိုင်အောင်ပင်။မြစ်ကမ်းနံဘေးကနေ အခန်းရှိရာဆီကို ဖြေးဖြေးမှန်မှန် လှမ်းလာတဲ့ မိုရ့်ရဲ့ ခြေလှမ်းများက ဘာကြောင့်များ ရင်ထဲအထိ တစ်ဒုန်းဒုန်း ထိခတ်စေတာလဲ။ ထိုခြေလှမ်းများကို မရပ်လိုက်စေချင်မိပါ။ လျှော်ကန်၏ မလျှော်ကန်၏ ထိုက် နားမလည်ချင်။ ထိုခြေလှမ်းများက သူ့ဘဝထဲဝင်လာတာကို ချက်ချင်းလိုချင်လာမိတာတစ်ခုကိုပဲ သိတော့သည်။"နိုးပြီလား။ ခေါင်းကြည်သွားပြီလား။ ညစာစားကြဖို့ အင့်.."မျက်လုံးရွဲကြီးများနဲ့ စိုက်ကြည့်နေတဲ့ ထိုက်ကို လင်းမိုရ်ဂရုတစ်စိုက်နဲ့ မေးနေတုန်း ဆတ်ကနဲ လင်းမိုရ်လက်ကိုဆွဲကာ ခါးကနေဖက်ထားတာမို့ လင်းမိုရ် အံ့အားသင့်သွားရတော့သည်။သန်မာတဲ့ လက်အစုံက တင်းတင်းကျပ်ကျပ် ဖက်ထားတာမို့ လင်းမိုရ်ရုန်းထွက်ဖို့ မလွယ်။ အနည်းငယ်တုန်ယင်နေတဲ့ ကိုယ်လုံးကိုခံစားမိလာတာမို့လည်း ကျောပြင်ကိုသပ်ပေးလိုက်ပြီး နှစ်သိမ့်ပေးရသည်။ လင်းမိုရ်စိတ်ကိုတင်းလိုက်ပြီး ထိုက်ပခုံးကနေကိုင်ကာ လူချင်းခွာလိုက်တော့ အလိုက်တစ်သင့် နောက်ဆုတ်သွားတဲ့ထိုက်ကို အေးအေးဆေးဆေးပဲ စကားပြောလိုက်ရသည်။"တစ်ခုခု လန့်စရာကြုံလိုက်လို့လား ထိုက်။ လာလာ အထဲဝင်။ ညစာစားဖို့ အပြင်မထွက်နိုင်ရင် အခန်းထဲမှာလိုက်မယ်လေ။ အခု အဆင်ပြေလား။ ခေါင်းကိုက်နေသေးတာလား"ထိုက် ခေါင်းခါရမ်းပြလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။"ကျွန်တော် ရေချိုးလိုက်မယ် မိုရ်။ အပြင်မှာပဲ စားကြတာပေါ့။ စက်ဘီးပါလာတာပဲ ခင်ဗျားကို စားလို့ကောင်းတဲ့နေရာတွေလိုက်ပို့ပေးမယ်""အိုး နိုး။ ဒီနေ့မသွားတော့ဘူး ထိုက်.. မင်းနေမကောင်းဘူး။ ညစာကိုဟိုတယ်မှာပဲစားကြမယ်။ ဒီနေ့ နားလိုက်တော့။ ငါမင်းကို တိုင်ပင်စရာလည်းရှိတယ်လေ။"ထိုက် လင်းမိုရ်ကို စိုက်ကြည့်လိုက်ပြီး ခေါင်းညှိမ့်သဘောတူလိုက်သည်။မိုရ်က ဒီအတိုင်းဆိုတော့လည်း ဒီအတိုင်းပဲပေါ့လေ။ညစာကောင်းစွာစားနိုင်တဲ့ ထိုက်ကို လင်းမိုရ်သေချာအကဲခတ်နေမိသည်။ ထိုက်ရဲ့ အကြိုက်က ထူးဆန်းတယ်ပြောရမည်။ ကြက်ဉမွှေကြော်ကို ဆော့ချဉ်နဲ့ တို့စားတာ၊ မုန်လာဉပြုတ်ကို နှမ်းနဲ့သုတ်ထားတဲ့ အသုတ်ကိုကြိုက်တာ၊ ကြက်သားကိုလည်း ပေါင်ကိုပဲစားတာ။ ခေါက်ဆွဲကြော်ထဲက ဂေါ်ဖီဖတ်တွေဖယ်စားတာ။ ထမင်းသေချာစားပြီးမှ ဟင်းချိုကိုသောက်တာ ရေနွေးကြိုက်တတ်တာ၊ လင်းမိုရ် ထိုက် လုပ်သမျှ သေချာလေ့လာရင်း မှတ်သားနေမိသည်။မှတ်သားတတ်တဲ့အကျင့်ရှိလို့ပဲဆိုပါတော့လေ။*****လောကနန္ဒာစေတီတော်ကြီး ပရဝုန်ကနေ ပတ်ဆင်းလာခဲ့ရင် ရေဉီးထိုးလို့ မြစ်ကမ်းပါးပြိုထားတဲ့နေရာကို ရောက်သည်။ ထိုနေရာကနေ စောင့်ကြည့်ရင် တင်ကျီးငှက်များ ရေငုပ်ကာ ငါးဖမ်းတဲ့ မြင်ကွင်းကို ရေကြည်ကြည်မှာ မြင်ရတတ်တာမို့ လင်းမိုရ် ကမ်းစပ်လေးမှာ ထိုင်စောင့်နေခဲ့တာ တစ်နာရီလောက်ရှိတော့မည်ထင်သည်။ ထိုခဏမှာပဲ နောက်ကလူသံကြားလို့လှည့်ကြည့်မိတော့ ထိုက်။မနက်ခပ်စောစော မြစ်ပြင်မှာအစာရှာတဲ့ ငှက်လေးတွေကို ဓါတ်ပုံရိုက်ချင်တာနဲ့ လင်းမိုရ်ထွက်လာခဲ့တာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ထိုက်ကို မနှိုးခဲ့။ လင်းမိုရ် ချန်ထားခဲ့တဲ့စာထဲကအတိုင်း နောက်ကလိုက်လာတဲ့ ထိုက်ကို လင်းမိုရ် သဘောကျစွာပြုံးပြလိုက်မိသည်။"မင်း သက်သာပြီလား ထိုက်။""အင်း သက်သာတယ်မိုရ်။ ခင်ဗျား ဒီနေရာကိုသဘောကျတာလား""အင်း။ မင်းကြည့် လိုက် ထိုက်။ ဟိုးမှာ ဒင်ကြီးငှက်လေးတွေတွေ့လား။ ဒီနားကိုမကြာခင်ရောက်လာလိမ့်မယ်။ ဒီရေဝဲကတော့တွေမှာ ဒင်ကြီးငှက်တွေက အစာရှာထွက်ကြတယ်။ ဒင်ကြီးငှက်တွေ အစာရှာတဲ့ပုံကို ရိုက်မလို့လေ။ ခဏနေ မင်းကြည့်လိုက် ဒင်ကြီးငှက်တွေက ရေထဲက ငါးကိုတွေ့ရင် ဒိုင်ဗင်ပစ်ပြီးဖမ်းတာ။ ရေထဲက ငါးပြန်လာတဲ့ကောင်က ဆရာပဲ။""အဲ့ဒီပုံတွေ သုံးမှာလား။""ပြပွဲမှာလား""မဟုတ်ဘူး။ ဟိုတယ်မှာ။""မင်းက တစ်ကယ်လုပ်မှာမို့လို့လား""မင်းကုဋေထိုက်ပါဗျ။ တစ်ခွန်းပြောပြီးရင် အတည်ပဲ""စဉ်းစားပါအုံးလေ။ ဟိုတယ်တစ်ဝင်းလုံးကြိုက်တဲ့နေရာ ချိတ်လို့ရပေမယ့် နေရာသီးသန့်ကြီး ခင်းကျင်းထားဖို့ကျတော့ စားရိတ်က ပိုလာမှာလေ။""ခင်ဗျားလက်ရာတွေကို လုတောင် ဝယ်ကြမှာ။ ဟိုတယ် အဝင်က ဧည့်ခန်းထဲမှာ ဓါတ်ပုံတွေချိတ်ထားဖို့ ဒီဇိုင်းဆင်လိုက်ရင် ရပြီလေ။ ပိုင်ရှင်တစ်ယောက်လုံးက ဒီလောက်တော်တဲ့ ဓါတ်ပုံဆရာပဲဟာကို နေရာဒီလောက်တော့ပေးရမှာပေါ့""ပိုင်ရှင်ဆိုတာကြီး ထည့်မပြောစမ်းပါနဲ့ထိုက်။ မင်းပြောတဲ့ကိစ္စကို ငါ ကြီးနုနဲ့ တိုင်ပင်အုံးမယ်လေ။""ကျွန်တော်နဲ့ပဲ တိုင်ပင်ပါလား မိုရ်။ ခင်ဗျားအတွက် ကျွန်တော် လုပ်ပေးချင်တာတွေ ရှိသေးတယ်"လင်းမိုရ် ထပ်မပြောဖြစ်တော့ပါ။ ဒင်ကျီးငှက်တစ်ကောင်က ရေစပ်နားက ဝဲကတော့မှာ ငါးဖမ်းဖို့ပြင်နေပြီ။ကင်မရာကို အာရုံစိုက်ပြီး ဓါတ်ပုံရိုက်နေတဲ့ လင်းမိုရ်ကို ထိုက်ငေးကြည့်နေရင်းက လက်ထဲကဖုန်းနဲ့ လင်းမိုရ်ပုံရိပ်တွေကို ဓါတ်ပုံရိုက်ယူထားလိုက်မိတော့သည်။ ရည်ရွယ်ချက် မရှိပါဘဲနဲ့‌ပေါ့။တစ်နေ့တာလုံး စက်ဘီးတစ်စီးစီနဲ့ ပုဂံအနှံ့ ဓါတ်ပုံလိုက်ရိုက်နေတဲ့ မိုရ့်နောက်ကို ထိုက် မညည်းမညူ လိုက်ပါနေခဲ့သည်။ မိုရ်က ထူးဆန်းသည်။ လမ်းဘေးက မုန့်ပေါင်းသည်လေးလဲ ဝင်စားလိုက်တာပဲ။ အကြော်သည်လေးဆီလည်း ဝင်လိုက်တာပဲ၊ ယုတ်စွအဆုံး အချဉ်မစားနိုင်ပါဘဲလျက် အချဉ်ပေါင်းသည်လေးတွေဆီ နဲနဲချင်းဝယ်ပြီး ဘုရားရင်ပြင်အရိပ်လေးမှာ တစ်မြုံ့မြုံ့ စားတတ်သေးသည်။ ထိုက်လည်း မိုရ်ကျွေးသမျှ လိုက်စားရင်းနဲ့ ထိုစားစရာတွေကို ကြိုက်လာသလိုပင်။ ဟိုတုန်းကတည်းက ကြိုက်တာလား၊ အခု မှကြိုက်တာလား တော့ ထိုက် မသိ။ညနေဘက် မြစ်ကမ်းနံဘေး ဖောင်လေးတွေမျှောလာတာကို စောင့်ရင်း ဓါတ်ပုံရိုက်နေတဲ့ မိုရ့်ကို ထိုက် မနှောက်ယှက်နိုင်တော့။ ပင်ပန်းလွန်းလို့ အခန်းထဲမှာပဲ အိပ်လိုက်တော့သည်။"ထိုက်.. ထတော့ ညစာစားရအောင်။"လင်းမိုရ် ထိုက်ရဲ့ ပခုံးကို အသာလှုပ်နှိုးလိုက်တော့ ခပ်မှေးမှေးမျက်ဝန်းများက လင်းမိုရ်ကို ဆွေးဆွေးမြေ့မြေ့ကြည့်လာသည်။"ခင်ဗျား.. နောက်တစ်ခေါက်တော့ ကျွန်တော့်ကို မထားရစ်နဲ့ဗျာ နော် မိုရ်"အဆက်အစပ်မရှိ ဆိုတာတဲ့သူ့ကို လင်းမိုရ် နှစ်သိမ့်စရာက တစ်ခုတည်း"ကောင်းပါပြီထိုက်။ ငါ ဘယ်သွားသွားမင်းကိုပြောမယ်။ မင်းကလည်းငါ့ကို အတင်းမချုပ်ချယ်နဲ့ ငါလုပ်စရာတွေအများကြီးပဲ။ မင်းအကူညီတွေအများကြီးလိုတာမို့လို့ မင်းနေကောင်းအောင်နေရမယ်"ပြုံးပြီး လင်းမိုရ်ခါးကိုဖက်လာတာမို့ လင်းမိုရ်သက်ပြင်းချပြီးတော့ ဖေးထူလိုက်ရသည်။ မည်သည့်အကြောင်းပြချက်မှမရှိပါဘဲလျက် ထိုက်ကို လင်းမိုရ် ဂရုဏာပိုနေမိတာ ကိုယ့်ကိုယ်ကို နားမလည်နိုင်တော့။ နားလည်အောင်လည်း မကြိုးစားချင်တော့ပါ။*********လင်းနဝရတ် ဟိုတယ် ရုံးခန်းမှာ လူစုံနေပြီ။ ရှယ်ယာရှင် သုံးဉီးနဲ့အတူ ဟိုတယ်မန်နေဂျာ ဉီးမြင့်နိုင် နှင့် လက်ထောက်မန်နေဂျာ စန်းမောင်တို့ စကားစမြည်ပြောရင်း အစည်းအဝေးအချိန်ကိုစောင့်နေကြသည်။ စားပွဲထိပ်မှာထိုင်နေတဲ့ CEO မင်းကုဋေထိုက်ကတော့ စကားတစ်ခွန်းမှမဆိုဘဲ ကွင်းချုပ်စာအုပ်လေးကိုသာ စိတ်ဝင်တစ်စား တစ်ရွက်ပြီးတစ်ရွက်ဖတ်နေသည်။ကိုလွင်မင်းနှင့် လင်းဝရမိုရ်တို့ အဆောင်ချဲ့မည့် မြေကွက်နေရာကို သွားကြည့်ကြပြီး အစည်းအဝေးခန်းကိုပြန်လာခဲ့ကြသည်။"ကျွန်တော်အရင်တင်ပြထားတဲ့အတိုင်းပဲ မြေနေရာမှာ အဆောက်အဉီးကို ဟောပုံစံမျိုး ဆောက်ပြီး အခန်းဖွဲ့အရှင်တွေနဲ့ ကလပ်တစ်ဘက် လက်ဆောင်ပစ္စည်းရောင်းတဲ့နေရာတစ်ဘက် ဖွင့်ချင်တာပါ။ ကလပ်က ညပိုင်းဖွင့်မှာဆိုတော့ အဲ့ဒီအခန်းကိုပဲ နေ့လည်ဘက် ပွဲလမ်းငှားတဲ့နေရာ အဖြစ်လွယ်လွယ်ပြောင်းလိုက်လို့ရမှာပါ။ ကျွန်တော်တို့ဆီမှာ ပွဲကျင်းပချင်လို့ ခန်းမလာစုံစမ်းတဲ့သူတွေ ရှိပါတယ် အဲ့လိုလူတွေအတွက် ဝန်ဆောင်မှုက အများကြီးထပ်ပေးစရာမလိုဘဲ ဝင်ငွေတစ်ဘက်ကရဖို့ စဉ်းစားကြည့်တာပါ ခင်ဗျာ။ ဒါကတော့ အဆောက်အဉီးရဲ့ ပုံကြမ်းပါ။"Projector ကနေထိုးပြနေတဲ့ အဆောက်အဉီးဒီဇိုင်းက ခေတ်မီသည် လှသည် ဆန်းသစ်သည်။"ဒါက ပုဂံဟိုတယ်အတွက် တင်ပြတာပါခင်ဗျာ။ နောက်ပြီးတော့ အင်းလေးဟိုတယ်အတွက်က ရေပေါ်တည်းခိုအိမ်လေး‌တွေ တိုးချဲ့ဆောက်လုပ်ဖို့ပါ။ ဖောင်ဒေးရှင်းအတွက် တကူးတစ်က တူးမနေရအောင် ရွာကလူတွေက ကျွန်းမျောအတွက် မြေနဲ့ ရေမှော်တူးချင်ပါတယ်လို့ခွင့်တောင်းလာတာပါ။ အဲ့ဒီနေရာကို ရေစုတ်ထုတ်ပြီး ၆ မျက်နှာဖွင့် ရေပေါ် ဘန်ဂလို တစ်လုံးဆောက်လိုက်ရင် အခန်း ၆ ခန်း ကို လျှောက်လမ်းတစ်ခုတည်းနဲ့ အဆင်ပြေသွားမှာမို့ တင်ပြပါတယ်။"ပြသနေတဲ့ နမူနာ Blue print ဒီဇိုင်းတွေက စောဒကတက်စရာမရှိအောင် ပြည့်စုံသည်။ လျာထားဘတ်ဂျက်နှင့် ရလာမည့် အကျိုးအမြတ်ကိုပါ မျှော်မှန်းတင်ပြထားတာမို့လဲ ကိုလွင်မင်းကို ချီးကျူးလိုက်ရသည်။မင်းကုဋေထိုက်အတွက်ကတော့ အခုအစီအစဉ်က အဆင်ပြေသည်။ တိုးလာမည့် အမြတ်ရာခိုင်နှုန်း ပမာဏကို ခေါင်းထဲကနေတွက်လိုက်ပြီး နှစ်ရှည်အကျိုးအမြတ်ဖော်ဆောင်သည့် စီးပွားရေးအစီအစဉ်ကလည်း စောစောက မို့ရ် စာအုပ်ထဲမှာ အကြမ်းချရေးထားတဲ့ အစီအစဉ်နဲ့တင် အတော်ပြည့်စုံနေပြီ။"မဟုတ်သေးပါဘူး ဗျာ"ခေါင်းညှိမ့်ထောက်ခံနေကြသူတွေ ကြောင်အမ်းကုန်ကြသည်။"ဒီနယ်မြေမှာ ကလပ် ဖွင့်ဖို့ ကြံနေတာပေါ့"လွင်မင်း ယောင်ပြီး ခေါင်းညှိမ့်လိုက်မိသည်။ ထိုက်နှင့် ရှယ်ရာရှင်သုံးယောက်တို့လည်း လင်းမိုရ်ဘက်ကို လှည့်လာကြသည်။"ဒီနယ်မြေကို အရောင်မဆိုးကြရင်ကောင်းမယ်ဗျာ"လင်းမိုရ်ရဲ့ မျက်နှာသွင်ပြင်မှာ ဘာအရောင်မှ ရှိမနေပါ။ မကြေလည်တာ မကျေနပ်တာ ကန့်ကွက်တာ စတဲ့ မှုန်မှိုင်းတဲ့ လက္ခဏာ မရှိ။ ပကတိ တည်ငြိမ်လျက်။"ဒီမြေကိုလာကြတဲ့သူတွေက ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုးရဲ့ ခမ်းနားကြီးကျယ်တဲ့ ယဉ်ကျေးမှုတွေကို လာလေ့လာကြတာ။ သမိုင်းဆိုတာ ဖျောက်ဖျက်ပစ်လို့မရဘူးဆိုပေမယ့် အဲ့ဒီသမိုင်းကို လက်နဲ့ရေးခဲ့တဲ့ လူတွေကပဲ ခြေနဲ့ဖျက်ပစ်လို့ ပျောက်ပျက်ခဲ့ရတဲ့ သမိုင်းဝင် ယဉ်ကျေးမှုတွေက ကမ္ဘာနဲ့အဝှမ်းမှာ သာဓကတွေရှိတယ်ဗျာ။ ခေတ်ပေါ်ကလပ်တွေက နေရာအနှံ့မှာရှိပါတယ်။ အဟင်း.. ကျွန်တော်တို့ဒီမှာ ခေတ်ပေါ်နိုင်တဲ့ အနေအထားလောက်နဲ့ သူတို့နိုင်ငံက ခေတ်ပေါ်ကို ယှဉ်လို့တောင်မရဘူး။ ပုဂံဟာ တစ်ကမ္ဘာလုံးမှာ တစ်နေရာပဲရှိတဲ့ တော်ဝင်မြေပဲဗျ။ မြန်မာတွေရဲ့ အသည်းနှလုံးကို ကျွန်တော်တို့ အကျိုးအမြတ်နဲနဲအတွက် မညစ်နွမ်းပါစေနဲ့ဗျာ"လင်းဝရမိုရ် ရဲ့ အသံက ကြိုးကြာငှက်အသံနဲ့တူတယ်ထင်သည်။ နားထောင်ရတာ မဝနိုင်အောင်ပင်။ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ စူးရှတဲ့အကြည့်တို့က ပြတ်သားတဲ့အသွင်ကို ဆောင်သည်။ နီဆွေးတဲ့နှုတ်ခမ်းတို့က လှုပ်ရှားလိုက်တိုင်း သွားတန်းညီညီလေးတွေကို မချင့်မရဲမြင်နေရတာ။ စားပွဲပေါ် တင်ထားတဲ့ လက်ဖမိုးလေးတွေ လက်ချောင်းလေးတွေက ဖောင်းအိနေလို့ သွေးကြောလေးတောင် ပေါ်လောက်အောင် ဖြူဝင်းသည်။ အနှီလူသားက ဘာလို့များဒီလောက်တောင် ချောမောတယ်ဆိုတာထက်ပိုနေရတာလဲ လို့‌ တွေးနေမိတာမို့ ... ထိုက် ကို ကိုလွင်မင်း အကူညီတောင်းသလိုကြည့်နေတာကို သတိမထားမိလိုက်တော့။"ဟို CEO က သဘောတူထားတာမို့လို့ ကျွန်တော် အင်ဂျင်နီယာကို အဆောက်အဉီး ဒီဇိုင်းအပ်ထားပြီးပြီခင်ဗျ""ဆောက်တာက ‌ဆောက်ပါ။ ဆောက်ထားတဲ့ အဆောက်အဉီးက အဆိပ်ပင်မဖြစ်လာစေဖို့ ပဲလိုတာ"ရှယ်ရာရှင်သုံးယောက်ကတော့ ခေါင်းချင်းဆိုင်ပြီး တိုင်ပင်နေကြသည်။"ဟုတ်ပြီလေ။ ခင်ဗျားက ဒီကယဉ်ကျေးမှုကို ချစ်တော့လည်း ကျွန်တော်တို့က လေးစားရမှာပေါ့။ ဒီလိုလုပ်ကိုလွင်မင်း အဆောက်အဉီးဒီဇိုင်းကို သဘောကျတယ်ဗျာ။ အဲ့ဒီတော့ တစ်ဘက်က လက်ဆောင်ရောင်းတဲ့နေရာကို ဒီအတိုင်းပဲထားပြီး ကလပ်နေရာကို တစ်ခြားတစ်ခုခု အစားထိုးရအောင်။"လွင်မင်း လေးစားစွာနားထောင်နေပါသည်။ ဟိုတုန်းက CEO ကို ပြန်တွေ့နေရပြီ။ တိကျတဲ့ လမ်းညွှန်မှုတွေနဲ့ အကျိုးအမြတ်ကို ကွန်ပြူတာဉီး‌ဏှောက်ကနေ ချက်ချင်းတွက်ထုတ်တတ်ပြီး အလုပ်အတူတူလုပ်သူမှန်သမျှ မလှုပ်နိုင်အောင် ချုပ်တတ်တဲ့ မင်းကုဋေထိုက်ကို ပြန်တွေ့နေရပြီမို့ လွင်မင်း နားစိုက်ထောင်နေရသည်။"မိုရ်.. ခင်ဗျားရေးထားတဲ့ Business plan ထဲက တစ်ခုကိုကျွန်တော် ယူသုံးလိုက်ချင်တယ်။ အဆင်ပြေမလား"လင်းမိုရ် ခေါင်းညှိမ့်ပြလိုက်တာနဲ့ ကွင်းချုပ်စာအုပ်လေးထဲက စာမျက်နှာတစ်ခုကို ဖွင့်ပြီး ကိုလွင်မင်းဆီ ကမ်းပေးလိုက်သည်။လွင်မင်း ဖတ်လိုက်ပြီးတာနဲ့ မျက်နှာဝင်းပသွားရသည်။ သုံးနှစ်ကျော်လောက် အားတင်းပြီး စမ်းတစ်ဝါးဝါး ထိမ်းထားခဲ့ရတဲ့ သူ့အတွက် အမှီအတည် ဒေါက်တိုင်တွေက ရောက်မယ့်ရောက်တော့ နှစ်ဘက်စလုံးက။ ဒီထဲကအစီအစဉ်အတိုင်းဆိုရင် လွင်မင်းအတွက် တစ်ကူးတစ်က အားစိုက်နေဖို့တောင်မလို။ ဒီနယ်မြေနဲ့လဲ ကိုက်ညီ။ ဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ဆွဲဆောင်နိုင်မည်မဟုတ်လား။"ယွန်းထည်လက်တွေ့လုပ်ငန်း လေ့လာဖို့ အတွက် နေရာပေးလိုက်ရမယ်။ ထွက်လာတဲ့ယွန်းထည်ကို လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှာတင်မယ်။ လိုချင်တဲ့ပုံစံလေးတွေ အော်ဒါလက်ခံမယ်။ သဲပန်းချီ၊ ရေဆေးပန်းချီ ပြခန်းလေးလုပ်မယ်။ ရောင်းမယ်.. လက်တွေ့ ဆွဲချင်ရင် ပစ္စည်း ရောင်းပေးမယ်။ ဆရာကိုလင်းဝရမိုရ် အစီအစဉ်က သိပ်ပြည့်စုံလွန်းပါတယ်ဗျာ။ ဒါပေမယ့် အမြတ်သိပ်ရမှာမဟုတ်ဘူးခင်ဗျ။ အကျိုးအမြတ်ကို နှစ်ရှည်စောင့်ပြီး ဖော်ရမယ့် အနေအထားဖြစ်နေတယ်""အမြတ်ထက် ကိုလင်းဝရမိုရ် ပြောတဲ့ Point of view က ပိုပြီးလုပ်သင့်တယ်ထင်တယ်။ နောက်ပိုင်း ကြော်ညာကဏ္ဍ မှာ ကောင်းကောင်းလေး ကြော်ညာပေးနိုင်ရင် လူသိများလာလိမ့်မယ်။ ဟိုတယ်ကို အဆင့်မြှင့်တင်ဖို့ ကိုလင်းဝရမိုရ်မှာ အကြံဉာဏ်ကောင်းတွေ အများကြီးရှိသေးတယ်။ ခင်ဗျားတို့ နောက်ကအောင်မြင်အောင်လိုက်လုပ်ရုံပဲ""ဟုတ်ကဲ့ အဲ့ဒီအပိုင်းကို ကျွန်တော် မစဉ်းစားမိဘူး။ စိတ်ချပါ ဆရာကိုလင်းဝရမိုရ် အဲ့ဒီအဆောက်အဉီးအသစ်ကနေ အကျိုးအမြတ် ရအောင် ကြိုးစားပေးပါ့မယ်""လင်းမိုရ်လို့ပဲခေါ်ပါ ကိုလွင်မင်း။ အခုလိုနားလည်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ပြီးတော့ အခု ကိုလွင်မင်းပြတဲ့ အဆောက်အဉီးဒီဇိုင်းကို ကျွန်တော် ကလောက စားသောက်ခန်းပြင်တဲ့နေရာမှာ သုံးလိုက်စေချင်တယ်။ ဒီဇိုင်းက ကလောကစားသောက်ခန်းနဲ့ သိပ်မကွာလို့ အဆင့်မြှင့်ရတာ ပိုလွယ်လိမ့်မယ် စားရိတ်လည်းသက်သာတာပေါ့။ ပုဂံဟိုတယ်အတွက်ကတော့ ရိုးရာနဲ့ နယ်မြေနဲ့ကိုက်ညီတဲ့ ဒီဇိုင်းကို ထပ်ပြင်ဆင်စေချင်တယ်။ ဒါမှလည်း ကျွန်တော်တို့ ထိမ်းသိမ်းတဲ့ယဉ်ကျေးမှုက အတွင်းရော အပြင်ပါ စည်းဝါးညီမှာ။"ခပ်ပြုံးပြုံး ဆိုလာတဲ့ လင်းမိုရ်ဆီကို လွင်မင်း စာအုပ်လေး တရိုတစ်သေကမ်းပေးလိုက်သည်။ ကိုယ်စားလှယ်က ရုပ်ချောရုံတင်မက အရည်အချင်းလည်းရှိပါပေတယ် ဆိုတဲ့ ချီးမွမ်းစကားကတော့ အစည်းအဝေးခန်းထဲကလူတိုင်း ရင်ထဲမှာ ကျန်နေရစ်တော့သည်။အစည်းအဝေးပြီးတာနဲ့ ဟိုတယ်ကို လှည့်ပတ်စစ်ဆေးချိန် လင်းမိုရ်နဲ့ ကိုလွင်မင်းတို့လေပေးဖြောင့်နေကြတာကို ထိုက် နောက်ကနေ တိတ်တဆိတ်ပဲ လိုက်ကြည့်နေမိသည်။ မိုရ်က ဒီအတိုင်းဆိုရင် သိပ်မကြာခင် ဟိုတယ်လုပ်ငန်းကို ဉီးဆောင်သွားနိုင်တော့မှာမလွဲပင်။မမေ့ဘူးဆိုပေမယ့် ထိုက်ရဲ့ Notepad ထဲမှာမှတ်ထားတဲ့ နေ့စဉ်လုပ်ဆောင်ချက်များ အောက်မှာ မဖြစ်မနေထည့်ရေးထားတဲ့စာကြောင်းတစ်ခုက...(မိုရ့်အတွက်)"ကျွန်တော် ဒီမီးလုံးလေးတွေကို သိပ်သ‌ဘောကျတာပဲ။ အိမ်မှာလည်း လှေကားမှာတပ်ရမယ်ဗျ ကိုလွင်မင်း။ ပိုးလုံးလေးက အိမ်ကလှေကားကို တက်လိုက်ဆင်းလိုက်နဲ့ လှေကားကမှောင်ရင် ချော်လဲမှာစိုးလို့ဗျာ။"ဟိုတယ်ပရဝုဏ်အတွင်း လျှောက်လမ်းလေးတွေမှာ တပ်ထားတဲ့ Motion sensor security Light လေးတွေကို ကြည့်ရင်း လင်းမိုရ်ပြောမိတော့ ကိုလွင်မင်းမျက်ဝန်းများက မှိုင်းညို့လို့။ကိုလွင်မင်းရဲ့ အုပ်ချုပ်မှုစွမ်းရည်ကို ချီးမွမ်းခန်းဖွင့်ရင်းပဲ ဟိုတယ်ခန်းကို ပြန်လာခဲ့ကြသည်။ညနေပိုင်း ဓါတ်ပုံရိုက်ဖို့ လင်းမိုရ်ပြင်ဆင်နေတုန်း လင်းမိုရ်အခန်းထဲကို ထိုက် ရောက်ချလာခဲ့သည်။"မိုရ် ခင်ဗျားစိတ်ချမ်းသာပြီမဟုတ်လား""အင်း. ကျေးဇူးပဲ ထိုက်။ မင်းက စီးပွားရေးအမြင်တော်တော်ရှိတယ်။ ဟိုတုန်းကတည်းက ဟိုတယ်တွေကို အောင်မြင်အောင် စီမံ‌ပေးထားတာ ကြီးနုက သိပ်ချီးမွမ်းတာ မင်းကို။"ထိုက် ခေါင်းထဲ ဆစ်ကနဲ ဖြစ်လာသည်။ဟိုတုန်းက .. စီးပွားရေးသမားလား။ သူက ဟိုတုန်းကတည်းက Notepad လေးထဲက အတိုင်း လုပ်လာခဲ့တာတွေ သုံးနှစ်စာလောက်ရှိပြီ တစ်ခုကိုမှ မမှတ်မိခဲ့။ အခု Notepad မလိုဘဲ တစ်ထိုင်တည်း စီမံလိုက်မိတာက သူ့ပင်ကိုယ်ပုံစံပဲလား။ အား ခေါင်းကိုက်လိုက်တာ။"ခေါင်းကို လက်နှင့်ဖိပြီး နာကျင်နေဟန်ရတဲ့ ထိုက်ကို လင်းမိုရ် ကမန်းကတန်း တွဲထားလိုက်ရသည်။ နံဘေးကပ်လျက်က ထိုက်အခန်းကို တွဲခေါ်လာခဲ့ပြီး အိတ်ထဲကဆေးတွေကို ယူကာ တိုက်လိုက်ရသည်။ ထိုက်ကို ကုတင်ပေါ်လှဲသိပ်လိုက်ပြီး မဝေဆီဖုန်းခေါ်ကာ အိမ်ပြန်ဖို့ လက်မှတ်အမြန်စီစဉ်ခိုင်းရတော့သည်။ ***💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚"အဲ့လိုဖြစ်တာသေချာလားသမီး""ဟုတ် သေချာတယ် ကြီးတင်။ လေယဉ်လက်မှတ် မှာတာ။ လင်းမိုရ်ကို ပြေခဲ့တဲ့စကားတွေကို မှတ်မိနေတာ တွေ သမီးသတိထားမိသလောက်ဆိုရင် သူအရင်နေ့တွေကအကြောင်းတွေကို မှတ်တမ်းမရေးထားဘဲ မှတ်မိနေတာ""အင်း ဒါဆိုလည်း မောင်ဝဏ္ဏဆီ ဖုန်းဆက်ပြီး ရက်ချိန်းမေးအုံးမှပဲ‌နော်။ ပြန်သတိရချင်နေတာများလားမသိဘူး""စစ်လိုက်တာအကောင်းဆုံးပဲလို့ ဆရာ ဉီးမြင့်ဉီးက ပြောသွားတာလေ ကြီးတင်။"ဒေါ်တင်တင် သူငယ်ချင်းနုနုဆီ အကျိုးအကြောင်း သတင်းပေးဖို့ ဖုန်းဆက်တုန်းပဲရှိသေး လင်းမိုရ်ဆီက ဖုန်းဝင်လာတာမို့ စိတ်ပူကုန်ကြရတော့သည်။ ညနေပိုင်းလေယဉ်နှင့် ဖုတ်ပူမီးတိုက်ပြန်ချလာကြတဲ့ တူလေးတွေကို ‌ဒေါ်တင်တင် အပြေးအလွှားသွားကြိုလာခဲ့ရသည်။ အိမ်ရောက်တော့ ဒေါက်တာမြင့်ဉီးနှင့် လက်ထောက်ဆေးရုံအုပ် ညီညီမင်းတို့ ရောက်နှင့်နေကြပြီ။"အခုလိုဖြစ်တာ ဟိုမှာတင် နှစ်ခါ နော်။"ဒေါက်တာမြင့်ဉီး စကားကို လင်းမိုရ် ခေါင်းညှိမ့်ရင်းပြန်ဖြေရသည်။ထိုက်ကတော့ သူတို့အားလုံးရဲ့ ရှေ့မှာ ပက်လက်ကုလားထိုင်ပေါ် မျက်လုံးစုံမှိတ်ကာ ထိုင်လျက်။"ဆေးက တိုးရဲ့လား ကိုလင်းမိုရ်""တိုးတယ် ဆရာ။ ဆယ်မိနစ်လောက် အတွင်း အိပ်ပျော်ပြီး နိုးလာရင် ကြည်ကြည်လင်လင်ပါပဲ။"လင်းမိုရ် ထိုက်အခုလို ခံစားနေရတဲ့ အကြောင်းအရင်းကို မသိ။ဒေါက်တာမြင့်ဉီးက လူတွေအားလုံးကို တိတ်တိတ်နေဖို့အချက်ပြလိုက်ပြီး မျက်လုံးမှိတ်ထားတဲ့ ထိုက် ကို အနူးညံ့ဆုံးအသံနှင့် မေးလိုက်သည်။"ခင်ဗျား မျက်လုံးကိုမှိတ်ထားလိုက် ခေါင်းထဲမှာ ဘာကိုမှတွေးမနေနဲ့"နံရံကပ်နာရီသံတစ်ချက်ချက် ကြားနေရသည်။"ကိုမင်းကုဋေထိုက်..။ ခင်ဗျားအခု သိပ်သာယာတဲ့နေရာကိုရောက်နေတယ်။ ခင်ဗျားစိတ်တွေအေးချမ်းနေပြီ။ ဘာအနှောက်အယှက်မှ မရှိဘူး။ ကဲ အခု ခင်ဗျား ဘာကိုတွေ့လဲ။"လူတွေအများကြီး .. ကျွန်တော့်အခန်းထဲမှာ.. ကျွန်တော့်ကို လာကိုင်နေတယ်""ဟုတ်ပါပြီ။ ခင်ဗျား သိတဲ့သူ တွေ့သေးလား။ လူအုပ်ထဲမှာ""မိုရ်...""ဟင်"ထိုက်ရဲ့ အဖြေကို လင်းမိုရ် အံ့ဩ သလို အခန်းထဲက လူတိုင်းလဲ အံ့အားသင့်ကြရသည်။"ဟုတ်ပါပြီ။ မိုရ့်ကို ဘယ်လိုမြင်လဲ သူဘာလုပ်နေလဲ""မိုရ် .. ဓါတ်ပုံရိုက်နေတယ်။ ကျွန်တော့်ကင်မရာလေးနဲ့""ဘယ်နေ့ကလဲ မှတ်မိလား။ ဘယ်မှာရိုက်နေတာလဲ"ထိုက်နှုတ်ခမ်းများ တွန့်ကွေးသွားသည်။"မြစ်ကမ်းနှဖူးမှာ.. ပုဂံလေ.. သရေခေတ်တရာဟိုတယ်။ မိုရ် ခင်ဗျားကို ကျွန်တော် ကတိပေးထားတာရှိတယ်နော်။ ဖြစ်အောင်လုပ်ပေးမှာ"လင်းမိုရ် နှုတ်ခမ်း အစုံကို သွားအောက်ထဲ စုပ်သွင်းပြီး ဖိကိုက်ထားမိသည်။ ထိုက်သတိရတဲ့ တစ်ဉီးတည်းသောသူက သူပဲလား။"မင်းကုဋေထိုက်.. ကျန်တာ ဘယ်သူ့ကိုမြင်သေးလဲ"ပြန်မဖြေပါ။‌ဒေါက်တာမြင့်နိုင် မေးနေတာကိုရပ်လိုက်ပြီး ထိုက်ကိုအသာအယာနှိုးလိုက်သည်။ ဇဝေဇဝါနဲ့ နိုးတစ်ဝက် ဖြစ်နေတဲ့ထိုက်ကို လင်းမိုရ်တွဲကာ အိပ်ခန်းထဲပို့ပြီး သိပ်ခဲ့လိုက်သည်။အိမ်အောက်ထပ် ဧည့်ခန်းထဲ အားလုံးဆုံမိကြတော့"အခုက သူ့စွဲမိစွဲရာကို စွဲလန်းနေတဲ့ပုံမျိုးမဟုတ်တော့ဘူး။ တူကြီးလင်းမိုရ်နဲ့ပတ်သက်တဲ့ကိစ္စတွေကို သူက မှတ်မိနေတဲ့သဘောဖြစ်နေတာ။ ဖြစ်နိုင်မယ်ဆိုရင် သူအရင်တုန်းက သွားခဲ့ဖူးတဲ့နေရာတွေ မှတ်မှတ်ရရအဖြစ်တွေကို ပြန်မြင်စေရမယ့်အနေအထားတွေကို ဖန်တီးပေးရင် တိုးတက်မှုရှိလာနိုင်တယ်။ကျွန်‌တော် ‌သောက်ဆေးထပ်ပေးခဲ့မယ်ဗျာ။ သက်သာသွားပါလိမ့်မယ်။ အခြေအနေထူးရင်တော့ သေချာစစ်ရမယ်ဗျ"‌ဒေါက်တာမြင့်နိုင်နဲ့အတူ ကိုညီပါပြန်သွားကြတာမို့ လင်းမိုရ် အပေါ်ထပ်အခန်းဆီ ပြန်တက်လာခဲ့သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာတဲ့ ထိုက်အနား ကုတင်ပေါ် တင်ပါးလွှဲထိုင်လိုက်ပြီး နှဖူးပေါ်က ဆံနွယ်တွေကို ဖယ်ပေးလိုက်မိပြီး ဆံနွယ်တွေ အောက်က ကန့်လန့်ဖြတ် အမာရွတ်ကို အသာအယာ ပွတ်လိုက်မိသည်။ ဘာတွေဖြစ်ခဲ့လို့လဲ ထိုက်ရယ်။" To be continue.. Thanks for reading..

ချစ်သူပျော်ရာ ဤကမ္ဘာ၌ ပန်းမျိုးပင်လယ် ပွင့်ကျန်ရစ်စေWhere stories live. Discover now