Part 1. Z

200 3 0
                                    

Great Otway national park in australia..ဧပြီလရဲ့ မပူမအေး ရာသီဉတုက အမျိုးသားဉယျဉ် သစ်တောကြိုးဝိုင်းကြီးကို မြူအနည်းငယ်အုံ့ဆိုင်းစေတာကလွဲရင် .. စိမ်းစိုသာယာနေစေတာမို့လို့ ဒီရာသီကို လင်းမိုရ် သိပ်ကြိုက်ရသည်။ သစ်တောကြိုးဝိုင်းထဲ ရောက်နေတာ တစ်ပါတ်ခန့်ရှိနေပြီမို့လည်း ဓါတ်ပုံ‌ထောင်ချီပြီးရိုက်မိထားပြီ။ မနေ့က တွေ့လိုက်မိတဲ့ ပျားရည်စုပ်ငှက် အပြာလေး ကို ထပ်တွေ့ရနိုးနိုးနဲ့ စောင့်နေမိတာ လေးနာရီလောက်ကြာပြီ။ အခုလိုမျိုး မလှုပ်မယှက် နေတတ်အောင် သင်ပေးခဲ့တဲ့ Phi Ray ရဲ့ကျေးဇူးကြောင့် တစ်မနက်လုံး နှစ်ခါလောက်ပဲလှုပ်ရှားမိသေးပေမယ့် လင်းမိုရ်အတွက်ကတော့ ဒီလိုငြိမ်ပြီး တွေးနေရတဲ့ အရသာက ဘာနဲ့မှမတူပါ။ တွေးစရာ များများစားစားမရှိပါဘဲလျက်က သူ့အတွေးတွေက ရခိုင်ပြည်နယ် ရသေ့တောင်မြို့လေးဆီ ခဏခဏရောက်တတ်သေးတာပင်။ အေးချမ်းသလောက်နွေးထွေးတဲ့ ထိုမြို့လေးဆီကို လုပ်အားပေးကျောင်းဆရာလေးအဖြစ်‌ရောက်ခဲ့စဉ်က အချိန်တွေသည် လင်းဝရမိုရ်အတွက်တော့ မေ့ဖျောက်ဖို့မရနိုင်တဲ့ နေ့ရက်တွေပဲဖြစ်သည်။ ဖခင်ရဲ့ လောင်းရိပ်အောက်က ပထမဉီးဆုံးထွက်လာခဲ့သည့် အခိုက်ဖြစ်သလို ချစ်လှစွာသော ကြီးကြီးနုရဲ့ ယုံကြည်စိတ်ချခြင်းခံရကာ လေယျာဉ်ခရီးဖြင့် ထွက်ခွင့်ရတဲ့ ခရီးဖြစ်တာကြောင့်လည်း ပျော်ရတာဖြစ်သလို ဆယ်တန်းအောင်ပြီး‌ကျောင်းသားများရဲ့ နောက်ဆုံးလွတ်လပ်ခြင်းလည်းဖြစ်ခဲ့တာပင်။စကားသံဝဲဝဲတိုင်းရင်းသားတွေ။ ဈေးထဲက မုန့်ပေါင်းနဲ့ လှော်စာ၊ မရိုးအီနိုင်တဲ့ ခရမ်းချဉ်သီးအစပ်နှပ်နှင့် ငါးမြင်းဗိုက်သားဆီပြန်၊ ချဉ်ပေါင်ဖူးဟင်းချိုနဲ့ ရေဘဝဲကင်၊ စေတီခရုပြုတ်နဲ့ ပုဇွန်ထောင်း။ မုန့်တီထဲ ဝက်ဆီဖတ်လေးတွေညှပ်ထည့်ထားတဲ့ ပန်းကန်လေး တွေက အာရုံထဲ ခဏခဏဝင်လာတာမို့ ငါတော်တော်ဆာနေပြီပဲလို့လည်း တွေးမိပြီး လင်းမိုရ်တစ်ယောက်တည်း ရယ်လိုက်မိသည်။ အသံထွက်မိတော့မည်ဆိုးလို့ သတိကပ်လိုက်တော့မှ ရှေ့ခပ်လှမ်းလှမ်းက ဝက်သစ်ချပင်ပေါ်နားနေတဲ့ ပျားရည်စုပ်ငှက်လေး။ နေရာကနေပဲ ဓါတ်ပုံပေါင်းများစွာရိုက်လိုက်ပြီး မှတ်တမ်းယူလိုက်မိသည်။ ရပြီ။ ဘန်ကောက်ကိုပြန်တော့မည်။ Phi Ray လိုချင်တဲ့ ရှုခင်းပုံတွေအပြင် တောရိုင်းတရိစ္ဆာန်လေးတွေရဲ့ ပုံလေးတွေကလည်း Memory sticks ဆယ်ခုနဲ့ အပြည့်။ နောက်လထဲလုပ်မယ့် ပြပွဲအတွက် အဆင်သင့်တော့ဖြစ်ပါပြီ။စိတ်လက်ပေါ့ပါးစွာနဲ့ ဝပ်နေရာကနေ ကျောဆန့် ခြေဆန့် အပျင်းဆန့်လိုက်မိသည်။ ၆ပေပြည့်ဖို့ ၄ စင်တီမီတာသာလိုတဲ့ အရပ်က ကွေးဝပ်ထားရတာ ပြန်ဆန့်တော့ မသက်သာလှ။ စခန်းချရာနေရာကိုပြန်လာခဲ့ပြီး မီးဖိုမီးကို စိတ်ချရအောင်သတ်ပစ်လိုက်သည်။ ရွက်ဖျဉ်တဲကို သိမ်းကာ ပစ္စည်းအစုစုကို ကျောပိုးအိတ်ထဲ နေရာတစ်ကျထည့်လိုက်ပြီးတာနဲ့ အုတ်ထ်ဝေး အမျိုးသားဉယာဉ်ကြီးကို ဝေ့ကြည့်ရင်း နှုတ်ဆက်လိုက်မိသည်။ သဘာဝတရားကြီး ဒီထက်ပိုပြီး အဓွန့်ရှည်လှပပါစေ ဆိုတဲ့ တောင်းနေကျ ဆုတောင်းလေး ကို စိတ်ထဲကရွတ်လိုက်မိတော့ မိုးသစ်တောကြီးက တစ်ဝေါဝေါ လေညင်းတွေတိုက်လာပြီး လင်းမိုရ်ကို နှုတ်ဆက်နေသလိုပင်။Hilton Hotel lobby ထဲကို လင်းမိုရ်ဝင်လိုက်တာနဲ့ အခန်းထဲရှိသမျှလူတိုင်းရဲ့ မျက်လုံးများက လင်းမိုရ်ဆီ ရောက်လာကြသည်။ တစ်ပါတ်လောက် ရေမိုးမချိုးထားတာတောင်မှ ကြည်လင်တဲ့ အသားအရည်တို့က ခေါက်တင်ထားတဲ့ ရှပ်အင်္ကျီလက်ရှည်အောက်ကနေ ဝင်းဖန့်နေတာ၊ မျက်ခုံးထင်းထင်းနဲ့ သွယ်လျှတဲ့မေးရိုးတို့က ချောမောတဲ့ အမျိုးသားတစ်ယောက်ပုံကိုဖော်သကဲ့သို့ ခပ်ပြေပြေဝဲကျနေတဲ့ ဆံနွယ်တွေအောက်ကနှဖူးပြင်ကျယ်နဲ့ ကော့ညွတ်တဲ့ မျက်တောင်များအနားသတ်ထားတဲ့ ဗာဒံသီးပုံစံမျက်ဝန်းထဲက ပျားရည်ညိုရောင် မျက်လုံးများက ထက်မြက်ပြီး သန့်ပြန့်ချောမောတဲ့ အာရှသားတစ်ယောက်အဖြစ် အသိအမှတ်ပြုကုန်ကြရ‌အောင် ထင်ရှားနေသည်။ ထင်ပေါ်တဲ့နှာတံနဲ့ ချွန်မြတဲ့ နှာခေါင်းကြောင့် သွေးနှောများလားလို့လဲ အထင်မှားစေရပြန်သည်။ မုတ်ဆိတ်ရေးရေးခပ်စိမ်းစိမ်းနှင့် သံညှိရောင် ဘောင်းဘီပွ၊ ကျောပိုးအိတ်ကြီး သုံးချောင်းထောက် ဒေါက်တိုင်နဲ့ ရင်ဘတ်မှာလွယ်ထားတဲ့ ကင်မရာတို့ကြောင့် Backpacker ကမ္ဘာလှည့်ခရီးသွားတွေထဲ အတော်ကြည့်ကောင်းလှတဲ့ လူပဲလို့ မှတ်ချက်ချကြရပြန်သည်။ လင်းမိုရ် ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ပါ။ဟိုတယ်အခန်းထဲ ရောက်တာနဲ့ အိတ်ကိုပစ်ချပြီး ရေနွေးစပ်ထားတဲ့ Bath tab; ထဲ ဝင်စိမ်နေလိုက်မိသည်။ ရေမချိုးခဲ့တဲ့ တစ်ပါတ်အတွင်းက ကြေးညှော်တွေကုန်အောင် ချွတ်ပစ်ရမည်လေ။ မနက်ဖြန် ဘန်ကောက်ကိုလေယျာဉ်စီးပြန်ပြီးရင် ရန်ကုန်က ကြီးနုဆီတစ်ခေါက်တော့ပြန်အုံးမှလို့လည်း တွေးနေမိသည်။ ကြီးနုကတော့ သူ့ကိုလွမ်းနေတော့မှာ။ လင်းမိုရ် သုံးနှစ်သားလောက်ကတည်းက လင်းမိုရ်ရဲ့ မာမီက ဆုံးပါးခဲ့ပြီး ဒယ်ဒီ့ အမကြီး ကြီးကြီးနုက လင်းမိုရ်ကို မိခင်သဖွယ်စောင့်ရှောက်ခဲ့ရသည်။ ဒယ်ဒီကတော့ ထိုစဉ်ကတည်းက ကိုယ်ပိုင်ဆေးခန်းလေးကို ထောင်ကာ ကျန်းမာရေးဝန်ဆောင်မှုပေးနေတာမို့ လင်းမိုရ် ဖခင်နဲ့ မျက်နှာချင်းဆိုင်ချိန် အလွန်ရှားသည်။ ကြီးကြီးနုရဲ့ အုပ်ထိမ်းမှုအောက်မှာ လင်းမိုရ်တစ်ယောက် လူလားမြောက်လာခဲ့ရသလို ကြီးနုရဲ့ အစီအမံနဲ့ပဲ ထိုင်းနိုင်ငံမှာ Communication Art ကို ဆက်တက်ဖြစ်ခဲ့တာပင်။ ဘွဲ့ရတော့ သူများတွေလိုမျိုး ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးရေး နဲ့ ကုန်ပစ္စည်းသံတမန် လုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် လင်းမိုရ်စိတ်ဝင်စားမှုက ဓါတ်ပုံရိုက်ခြင်းနဲ့ သဘာဝအလှကို လူအများအလေးထားအောင် ပြသခြင်းပဲဖြစ်တာမို့ ဓါတ်ပုံရိုက်တဲ့အလုပ်ကိုပဲ ဇောက်ချလုပ်လာခဲ့တာ အခုဆိုရင် ၄ နှစ်ခန့်တောင်ရှိနေခဲ့ပြီ။ နိုင်ငံတစ်ကာ ဓါတ်ပုံဆရာများ အသင်းက လင်းမိုရ်ကို အတိုင်ပင်ခံအနေနဲ့ကမ်းလှမ်းပေမယ့် လင်းမိုရ်ကတော့ ဝါသနာအရ အလွတ်တမ်းဓါတ်ပုံဆရာတစ်ယောက်အဖြစ်သာ အသက်မွေးနေခဲ့တာဖြစ်သည်။Phi Ray နဲ့ တွေ့ခဲ့တဲ့ လွန်ခဲ့သောသုံးနှစ်ကတော့ လင်းမိုရ်အတွက် အဆင်အပြေဆုံးနှစ်များပဲဖြစ်သည်။ ဓါတ်ပုံကောင်းကောင်း Documentary ကောင်းကောင်းတစ်ခုရလာဖို့အတွက် လင်းမိုရ်ကို ယုံကြည်ပေးကာ စားရိတ်အားလုံးကျခံပေးတဲ့ ဆရာလည်းဖြစ် သူဌေးလည်းဖြစ်သည့် Phi Ray ကို လင်းမိုရ် ခင်မင်နေမိတာမို့လည်း ကြီးနုနဲ့ ဒယ်ဒီက အတင်းပြန်ခေါ်နေတာတောင် လင်းမိုရ်မြန်မာနိင်ငံကို မပြန်ဖြစ်တာပင်။လင်းမိုရ် အားရအောင်ရေစိမ်ပြီးမှ အပြီးသတ်ရေချိုးလိုက်ပြီး အိပ်ခန်းထဲပြန်ထွက်လာလိုက်သည်။ ထိုစဉ်မှာပဲ Room service ပေးဖို့ ဘလ်တီးလာတာမို့ လင်းမိုရ် Bathrobe လေးကို ကြိုးစည်းလိုက်ပြီးတံခါးဖွင့်ပေးလိုက်မိသည်။"လူကြီးမင်းမှာယူထားတဲ့ စားစရာရောက်ပါပြီ""နိုး။ ခဏလေး။ ကိုယ်မမှာထားဘူး။ အခန်းမှားတယ်ထင်တယ်နော်""ဟုတ်ပါတယ်လူကြီးမင်း အခန်းနံပါတ် ၃၀၃၃ ပါ"နံပါတ်ကတော့ ဟုတ်ပါရဲ့ ဒါပေမယ့် သူမမှာထားမိတာမို့ လက်မခံချင်ပါ။"အခန်းက‌တော့ဟုတ်တယ်။ ဒါပေမယ့် ငါမမှာထားလို့ လက်မခံဘူး ပြန်ယူသွားလိုက်ပါ""ဒီစားစရာစားပွဲအတွက် ငွေရှင်းထားပြီးသားမို့လို့ ကျွန်တော် ပြန်ယူသွားလို့မရပါဘူးခင်ဗျ"ဝိတ်တာလေးက မျက်နှာငယ်လေးနဲ့ စောဒကတက်နေတာ လင်းမိုရ်အတော်စိတ်ညစ်သွားရသည်။ ဘယ်သူများပါလိမ့်။ ဒီတစ်ခေါက်လည်း အသက်ကြီးကြီး အမျိုးသမီးတစ်ဉီးများဖြစ်နေလေမလား။ လင်းမိုရ်ရဲ့ သွင်ပြင်ကို မျက်စိကျရုံမက အနားကပ်ချင်တဲ့ ကြီးကြီးငယ်ငယ် ကျားကျား မမ တွေ လင်းမိုရ် ဘန်ကောက်မှာတုန်းတည်းက ခဏခဏ ကြုံနေရတာ စိတ်တွေလည်းကုန်လှပြီ။ဒါကိုလက်ခံလိုက်တာနဲ့ ကိုယ့်ကိုအတင်းဒုက္ခပေးမယ့်သူကိုပါ အခန်းထဲဖိတ်ခေါ်လိုက်သလိုဖြစ်မှာ။ ဒါမျိုးအဖြစ်ခံလို့မရ။လင်းမိုရ် အခန်းအပြင် ကော်ရစ်တာအထိ ထွက်လိုက်ပြီး ဘေးဘီကြည့်လိုက်တော့လည်း သူ့ကိုစောင့်ကြည့်နေတဲ့သူ မရှိ။ ဝိတ်တာလေးကလည်း လိုက်ကြည့်နေတာမို့ တစ်ခုခုသဘောပေါက်သွားဟန်ဖြင့်ပင်။"အပြင်ကမှာတာမဟုတ်ဘူးလူကြီးမင်း။ စားသောက်ဆိုင်ကနေ ဝယ်ပြီးမှ အခန်းထဲပို့ခိုင်းထားတာပါ။""ဘယ်လိုဖြစ်ဖြစ် ငါဒါကို လက်ခံလို့မရဘူး။ မင်းအဆင်ပြေရင် ဝန်ထမ်းခန်းထဲယူသွားပြီးစားပစ်လိုက်။ အိုကေလား"ဝိတ်တာလေးက လည်း ငိုမဲ့မဲ့ ဇဝေဇဝါ။ လင်းမိုရ်ကလည်း အားနာမနေနိုင်တော့ စိတ်တိုလာတဲ့ပုံနဲ့ ခပ်တင်းတင်း အခြေအနေကို ရင်ဆိုင်နေရတုန်း ဗြုန်းဆို လင်းမိုရ်ရှေ့တည့်တည့်အခန်းက တံခါးပွင့်လာခဲ့သည်။စူးရှတဲ့ အကြည့်တို့နဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်းနှစ်လွှာတို့က ထိုလူဘယ်လောက် တစ်ဇွတ်ထိုးနိုင်လိမ့်မည်ဆိုတာ သိသာစေသည်။ ထောင့်မှန်ကျတဲ့မေးရိုးများက ယျောက်ျားပီသခြင်းကို ဖော်ပြနေသလို ဝင်းဖန့်ညိုစိမ့်တဲ့ အသားအရည်ကလည်း အာရှသားတွေထဲ ရှာမှရှားတဲ့ အရောင်မျိုး။ မြန်မာပီပီ အရပ်ကခပ်ပြတ်ပြတ်။ လင်းမိုရ်ထက် ၃ လက်မလောက် ပုပေမယ့် သူ့အရှိန်အဝါကြောင့် ကိုယ့်ထက်တောင် ထောင်မောင်းနေသလိုပင်။ ရှပ်အင်္ကျီလက်တိုကို ရင်ပတ်ဟပြဲထားပြီး စတိုင်ဘောင်းဘီကွာတားလေးဝတ်ထားတဲ့ ထိုလူက လင်းမိုရ်တို့ကို မျက်လုံးပြုးကြည့်နေရင်းက"ငါမှာထားတဲ့ စားစရာတွေက ဒီနေ့မရောက်လာတော့ဘူးလား။ Reception က အပေါ်ကိုပို့နေပြီဆိုပြီး အခုထိရောက်မလာသေးတာ မင်းတို့ဘာလုပ်နေတာလဲ"ခပ်ရင့်ရင့်စကားသံကြောင့် လင်းမိုရ် ဝိတ်တာလေးကို အားနာသွားမိသည်။ ဒီလူဘယ်လိုလူလဲ။ ပြေပြေလည်လည်မေးလဲရတဲ့ဟာကို။ ဆယ်ကျော်သက်အရွယ်ဝိတ်တာလေးကတော့ လက်ထဲက စမတ်ဖုန်းလေးထဲမှ အခန်းနံပါတ်ကို သေချာပြန်စစ်နေလေသည်။လင်းမိုရ်လက်ကနဲ တစ်ချက်တွေးမိတာမို့ ထိုလူကို အင်္ဂလိပ်လိုပီပီသသဖြင့်"လူကြီးမင်းမှာထားတဲ့ မီနူးကို တစ်ချက်ပြောပြလိုက်ပါလား။ သူယူလာတာ ခင်ဗျားဖို့ဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒီစားစရာတွေက ကျွန်တော် မှာမထားဘူး"မျက်ခုံတစ်ဘက် ပင့်တက်သွားပြီး ဝိတ်တာလေးလက်ထဲက စမတ်ဖုန်းလေးကို ဆတ်ကနဲ ဆွဲယူကြည့်လိုက်ပြီးနောက်"ဟေ့ ကောင်လေး။ ဒါငါမှာတဲ့ စားစရာတွေ။ မင်းကဘာလို့ဒီဘက်ကလူဆီပို့နေတာလဲ။ မင်းဘယ်လိုအလုပ်လုပ်နေတာလဲ"ဝိတ်တာလေးခမျာ တုန်တက်သွားရသည်။ ထိုလူရဲ့အသံက အတော် သြရှရှနိုင်သည်။ အားနှင့်ပြောတော့ အော်လိုက်သလိုမျိုး။"ခဏနေပါအုံး။ ခင်ဗျားအခန်းနံပါတ် ဘယ်လောက်ကိုပို့ဖို့ မှာလိုက်တာလဲ"" 3033 လေ"ဟုတ်ပြီ။"ဒီမှာ ကျွန်တော်နေတာ 3033။ ခင်ဗျားနေတာ 3303။ ခင်ဗျားအမှားပဲ။ သူ့ကို ကွန်ပလိမ့်တက်စရာမလိုဘူးထင်တယ်"ထိုလူရော ဝိတ်တာလေးရော အခန်းတံခါးပေါ်က နံပါတ်လေးတွေကို တစ်လှည့်စီကြည့်ပြီး ငြိမ်သက်သွားကြသည်။"ဟုတ်သားပဲ .. အိုး.. ငါ့အမှားပါ။ ဆောရီးကောင်လေး။ ဒါဆို ဒါင့ါအတွက်ပေါ့ဟုတ်လား။ ခပ်မြန်မြန် အခန်းထဲပို့ကွာ။ ငါ ဗိုက်ဆာလှပြီ။"ဝိတ်တာလေးက လင်းမိုရ်ကို ကျေးဇူးတင်တဲ့မျက်နှာလေးနဲ့ ပြုံးပြပြီး ထိုလူ့အခန်းထဲ စားစရာလှည်းလေး တွန်းဝင်သွားတော့ ထိုလူကလည်း လင်းမိုရ်ကို ကျောခိုင်းသွားတော့သည်။"ဟူး တော်သေးတာပေါ့"တော်သေးပါတယ်။ လင်းမိုရ်အတွက် ကြောက်ရမယ့်အပိုင်းမရှိတော့ပေမယ့် ခပ်မြန်မြန်ပဲ အခန်းထဲပြန်ဝင်လာမိတော့သည်။ အဝတ်အစားတောင် မလဲရသေး အခန်းတံခါးခေါက်သံကြားတာမို့ ဖွင့်လိုက်ပြန်တော့ တစ်ဘက်ခန်းက လူ။"ခင်ဗျားကို ကျေးဇူးတင်ချင်လို့။ ရော့ ဒါ ဒီနိုင်ငံကထုတ်တဲ့ ဝိုင်အကောင်းဆုံးထဲက တစ်ခု။ စောစောက ခင်ဗျားမရှင်းပေးရင် ကျုပ် စားရတော့မှာမဟုတ်ဘူး။"ပြောရင်းဆိုရင်း လက်ထဲကို ဝိုင်ပုလင်းထည့်ထားတဲ့ စက္ကူအိတ်ထည့်ပေးကာ သူ့အခန်းထဲသူပြန်ဝင်သွားလေတဲ့ ထိုလူကို ကျွန်တော်လည်း မြန်မာပဲ ဗျ လို့ လင်းမိုရ် မ‌ပြောလိုက်ရ။ နေပါစေလေ။ ရေစက်ဆိုတာ ဒီလိုပဲ တစ်ခါတစ်လေ မမျှော်လင့်ဘဲ ထိခတ်မိတတ်ပြီး အားလုံးက အဲ့ဒီရေစက်ကုန်တာနဲ့ ကိုယ့်လမ်းကိုယ်သွားကြရတာပဲမဟုတ်လား။လင်းမိုရ် ဘန်ကောက်လေဆိပ်ကို ဆင်းတာနဲ့ Mr Ray က အသင့်စောင့်ကြိုနေလေသည်။ လူကြီးလူကောင်းပီသတဲ့ လင်းမိုရ်ရဲ့ သူ‌ဌေးက ထိုင်း အမေရိကန် ကပြားမို့ ချောလှသည်။ အိမ်‌ထောင်လည်းမပြုဘဲ တစ်ယောက်တည်း ဝါသနာကို ဇောက်ချလုပ်နေတာ အသက်တန်းတောင် ၄၀ ကျော်နေခဲ့ပြီ။ ကိုယ်ပိုင် ဓါတ်ပုံပြခန်းတစ်ခု ဖွင့်လှစ်ထားသလို တက္ကသိုလ်မှာလည်း ဖလင်နည်းပြဖြစ်တဲ့အတွက် MR Ray အတွက် ငွေဆိုတာပူပန်စရာမလိုအပ်တဲ့ အရာပဲဖြစ်သည်။ ပီရေး လို့ လင်းမိုရ်ခေါ်တာ သိပ်သဘောကျတဲ့ ထိုဆရာဖြစ်သူကို လင်းမိုရ်ကလည်း လေးစားချစ်ခင်တာမို့ သူတို့နှစ်ဉီး အလုပ်တူတူတွဲလုပ်ရတာ အဆင်ပြေလှသည်။ ဘန်ကောက်မြို့အစွန်က တိုက်ခန်းလေးထဲ လင်းမိုရ်ပြန်ရောက်တာနဲ့ ထိုင်မနေနိုင်အား။ Memory Stick ထဲက ဓါတ်ပုံတွေကို ကွန်ပြူတာထဲ ထည့်သိမ်းရမည်။ Resolution မကျအောင် စနစ်တစ်ကျကူးယူရမှာမို့ ဂရုစိုက်လုပ်ရမည့်အလုပ်တစ်ခုဖြစ်သည်မဟုတ်လား။ ပြီးမှထိုဓါတ်ပုံတွေကို Professional external hard disk ထဲ ထည့်သွင်းပြီး ပီရေးကိုပေးရမှာ ပီရေးက သူကြိုက်တာ‌ရွေးလို့ တစ်ချို့ကို ပြခန်းမှာရောင်းမည် တစ်ချို့ကို လေလံတင်မည် တစ်ချိုကိုတော့ လူတိုင်းကြည့်နိုင် သုံးနိုင်ကြည်နူးနိုင်အောင် သူ့ကိုယ်ပိုင် Website မှာ တင်ပေးလိမ့်မည်။ လင်းမိုရ် ဓါတ်ပုံထောင်နဲ့ချီတဲ့ ဓါတ်ပုံတွေကို တစ်ပုံချင်း ကူးထည့်ပြီး အလုပ်လက်စသတ်လိုက်တော့ ည ၁၁ နာရီ။ အဆာခံတတ်တာအကျင့်ဖြစ်နေသလို တောထဲတောင်ထဲ ဓါတ်ပုံရိုက်ရင် စည်သွပ်ဗူးလေး ပေါင်မုန့်ခြောက်လေးပဲ စားနေကျမို့ အခုထိ သိပ်မဆာ။ လင်းမိုရ်ကို ပီရေးက လက်မလွှတ်ရသည့်အချက်တွေထဲမှာ အဲ့လို အပေအတေခံတာလည်းပါသလို ရိုက်လာသမျှ ဓါတ်ပုံအားလုံးကို တစ်ပုံမကျန် လက်လွှဲပေးတတ်တာကြောင့်လည်းပါသည်။ အလုပ်အပေါ် သစ္စာရှိတဲ့ အပြုအမူမှန်သမျှကို လင်းမိုရ်ထိမ်းသိမ်တာကို ပီရေးကသဘောအကျဆုံးပင်။ခေါက်ဆွဲတစ်ထုပ်ပြုတ်လိုက်ပြီး စားမလို့ထိုင်တုန်းပဲရှိသေး ကြီးနုဆီက ဖုန်းဝင်လာတော့သည်။"ညမိုးချုပ်လှပြီ ကြီးနု။ သားက ကြီးနုအိပ်နေပြီထင်တာ""သားလေး ပြန်ရောက်လောက်ပြီလို့မှန်းထားတာ မှန်နေတာပဲ။ အခုချိန်အားသွားပြီမဟုတ်လား။ သားအားမယ့်အချိန်လေးမှန်းဆက်ရတာ။""အခုလေးပဲ အလုပ်တွေပြီးတာ ကြီးနု။ ခေါက်ဆွဲစားနေတယ်""ထမင်းစားပါလို့ပြောသားနဲ့သားရယ်။ ကြီးနုစိတ်ပူအောင်လုပ်နေတာလား ဟုတ်လား""အဟီး ထမင်းမတည်ဖြစ်လိုက်လို့ပါ ကြီးနုရဲ့။ မနက်ဖြန် သေချာပေါက် ထမင်းကို သုံးနပ်စားမယ် ဟုတ်ပြီလား"ကြီးနုရဲ့ ရယ်သံလေးက လွမ်းစရာ ဖုန်းထဲကနေဝင်လာသည်။ အမေလိုတွယ်တာရတဲ့ ကြီးနုကို လွမ်းလာမိသည်။"သားလေး။ ကြီး တစ်ခု ပြောစရာရှိတယ်။""ဒယ်ဒီ့ကိစ္စပဲလား""အင်း။ သားဒယ်ဒီ လက်ထပ်တော့မယ်တဲ့။ ကောင်မလေးက သားသိတဲ့သူပဲ""ဆေးရုံက အတွင်းရေးမှူးမဟုတ်လား။ သားထက် လေးနှစ်လောက်ပဲ ကြီးတာကို ကြီးနုရယ်။""သားလေး။ သားဒယ်ဒီက သားကို အခုလိုလူလားမြောက်တဲ့အထိ စောင့်ခဲ့ပြီးပြီပဲကွယ်။ သားကနားလည်ပေးလိုက်ပါ။ ကြီးသားလေး လည်း မကြာခင် အိမ်ထောင်ရက်သားကျရတော့မှာပဲဟာကွယ်""သားက အိမ်ထောင်မပြုဘူးကြီးနု။ သားတောနက်တွေထဲ ဓါတ်ပုံလိုက်ရိုက်နေမှာ""သားရယ်။ ကြီးနုပြောတာနားထောင်နော်။ အခု သားဒယ်ဒီက အိမ်ထောင်နဲ့ဆိုတော့ ကြီးနုက သားဖို့ လုပ်ထားတဲ့ ဟိုတယ်လုပ်ငန်းကို သားဆီလွှဲပေးချင်ပြီ။ ကြီးသူငယ်ချင်းတစ်ယောက်ကလည်း ဆုံးပြီဆိုတော့ ကြီးနဲ့ တင်တင် နှစ်ယောက်တည်းလုပ်နေရတာတွေက သိပ်အဆင်မပြေတော့ဘူးသား။ သားဒယ်ဒီက ဆေးရုံကို ထပ်ချဲ့လိုက်တယ်လေ။ ကြီးနုကို သူမကူနိုင်တော့ဘူး။ နောက်ပြီး ကောင်မလေးကို ဟိုတယ်လုပ်ငန်းမလွှဲလိုက်ချင်ဘူး သား။ ကြီးနုအသက်ကြီးပြီသားရယ်။ သားလေး ပြန်လာပြီး လုပ်ငန်းကို ဉီးဆောင်ပေးပါလား။"ကြီးနုရဲ့ စကားက လင်းမိုရ်ရဲ့ စိတ်ကူးအိမ်မက်တွေကို သေမိန့်ပေးနေသလိုပင်။ တစ်နေ့ လုပ်ငန်းကို ဉီးစီးရမယ်ဆိုတာ လင်းမိုရ်သိပါသည်။ ဒါပေမယ့်လည်း ဝါသနာနဲ့ ကိုက်ညီနေတဲ့ လုပ်ငန်းကို ဇောက်ချလိုက်ချင်တဲ့ ဆန္ဒတွေကလည်း တစ်ဖွားဖွား။ ကြီးနုမျက်နှာလေးကို မြင်‌ယောင်လာတာနဲ့ပဲ ကျေးဇူးရှင် စိတ်ဆင်းရဲမည့်ကိစ္စတွေထပ်မပြောချင်တော့။ သူဒီလောက်အချိန်အကြာကြီး ဒီနေရာမှာ စိတ်ဝင်စားတာတွေလုပ်ဖို့ ခွင့်ပေးတာပဲ လွန်လှပြီမဟုတ်လား။ ပြေးကြည့်မှ သားအဖနှစ်ယောက် နဲ့ မောင်နှမနှစ်ယောက်၊ လူသုံးယောက်သာရှိတဲ့ အိမ်ကြီးကို လင်းမိုရ် ပြန်ရပေအုံးတော့မည်။"နောက်တစ်ပါတ်ထဲ ဓါတ်ပုံပြပွဲရှိတယ်ကြီး။ သား ပွဲပြီးတဲ့အထိတော့ နေအုံးမယ်၊ ဒယ်ဒီ့မင်္ဂလာဆောင်တော့ မလာဘူး။ သားရှက်တယ်"ကောင်းပါပြီသားလေး။ ကြီးစောင့်နေမယ်နော်။ သားပြန်ရောက်မှ ပဒုမ္မာနဲ့ တွေ့ပေးရတော့မှာ"ဝမ်းသာအားရ ဖုန်းချသွားတော့ ခေါက်ဆွဲတွေက ပန်းကန်ထဲ ပွစိနေပြီ။ သူ့ အိမ်မက်တွေလိုပဲ စားလို့တော့ရပါသေးသည် အရသာကကင်းမဲ့လေ၏။***********အိမ်..ဒီအိမ်က ဘယ်တုန်းက သူ့အိမ်ဖြစ်လာခဲ့သလဲ သူ မမှတ်မိတော့။ ဒီအိမ်ကို ပြန်လာဖို့ မြေပုံတစ်ကူးတစ်က လိုအပ်မနေ အရာအားလုံးက ပုံမှန်လိုပါပဲ။ သူက ပုံပြင်ထဲက ဇာတ်ကောင်တစ်ကောင်လိုမျိုး တစ်ညအိပ်ပြီး နိုးတာနဲ့ မနေ့ကကြုံတွေဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေ။ ဆုံခဲ့တဲ့ လူတွေ၊ ရောက်ခဲ့တဲ့နေရာတွေ၊ ပြောခဲ့တဲ့စကားတွေ ဘာကိုမှမမှတ်မိ၊ နေ့တစ်နေ့အစတိုင်းက သူ့အတွက် နေ့သစ်တွေကြည့်သာ။ အမြဲပြန် စ နေရလို့ထင်ပါရဲ့ ဒီလိုနေရတာ အသားကျနေသလိုပင်။(21/4/2019) သြစတေးလျက ပြန်လာတယ်။ အိမ်ကိုပြန်မယ်။ အလုပ်ကို လက်မှတ်ထိုးခဲ့ပြီ။ ပဒုမ္မာ ရှယ်ရာရှင်တွေ တွေ့မယ်။ မဝေဆီ လက်လွှဲလိုက်မယ်။)ကိုင်ထားတဲ့ notepad ထဲမှာ ကိုယ်တိုင်ရေးထားတာလား သူများရေး‌ပေးလိုက်တာလား မမှတ်မိတဲ့စာတွေက သူမနေ့က ဒါမှမဟုတ် တမြန်မနေ့က လုပ်ခဲ့တာတွေကို နေ့စွဲအလိုက် မှတ်သားထားတာတွေပဲဖြစ်သည်။ ဒီလိုနေ့စဉ်လုပ်ငန်းဆောင်တာတွေကို မှတ်သားထားတဲ့ Application လေးက ရက်စွဲတွေကိုပြန်ဖတ်လိုက်တော့ သုံးနှစ်ကျော်လာခဲ့ပြီ ဒီနေ့အထိ ဒီအတိုင်း။ ဘယ်ကစလို့ ဘယ်လိုဖြစ်တယ်ဆိုတာကိုလည်း မမှတ်မိ။ သူ့ခေါင်းထဲမှာအားလုံးက ဗလာ။ ဒါတောင် မဝေဆိုတဲ့နာမည်ကို သူ့နေ့စဉ်အလုပ်မှတ်တမ်းထဲ မြင်နေလို့ ရင်းနှီးနေတာ။ အခုလိုချရေးထားဖို့ကိုလည်း မဝေပဲ သင်ပေးတာဖြစ်မည်။ သူစာချမရေးထားဘဲ မှတ်မိတာဆိုလို့ ကြီးကြီးတင်ပဲရှိသည်။ ဘာလို့ကြီးတင်ကိုပဲ မှတ်မိတာလဲ တော့ သူတွေးလို့မရ။ မမှတ်မိ။ သူ့ဘဝက ဒီလိုပဲသွားတော့မလားလို့ တွေးမိနေရင်းနဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ် နေ့ကူးသွားတာကို လိမ်လိမ်မာမာပဲ စောင့်နေလိုက်ရတော့တဲ့နေ့တွေက သုံးနှစ်ကျော်လာခဲ့ပြီထင်သည်။(23/4/2019.. အိမ်ပြန်။ နားရမယ်။မဝေနဲ့ ကြီးတင်ကို စာချုပ်တွေပေး။ Gym ဆော့။ အိပ်)အဟက် ဒီအတိုင်းပါပဲ။ ဒီလိုစာကြောင်းက သုံးနှစ်တာကာလအတွင်း သူ့နေ့စဉ်လုပ်ငန်းတွေမှတ်ထားတဲ့အထဲ အမြင်ရဆုံးစာကြောင်းပါပဲ။ ဒီစာကြောင်းကို သူကိုယ်တိုင်ပဲ ရေးခဲ့သလား ထပ်မတွေးချင်မိတော့။ အိမ်ရှေ့ထိုးရပ်လိုက်တဲ့ကားပေါ်ကနေ ခရီးဆောင်အိတ်ကို ဆွဲချလိုက်ပြီး ဆင်းလာခဲ့တော့ ကားဆရာက လက်ပြထွက်ခွာသွားလေသည်။ သူကားပေါ်တက်တည်းက ကားခပးထားပြီးသား။ မေ့မှာစိုးလို့။ ခြံဝန်းထဲဝင်လာတာကို မြင်လိုက်တဲ့ မိန်းကလေးတစ်ယောက်က သူ့လက်ထဲက အိတ်ကိုယူပြီး တိုက်ဒုတိယထပ် လှေကားထိပ်အထိ ပို့ပေးကာပြန်ဆင်းသွားလေသည်။သုံးလွှာထပ်ဆောက်ထားတဲ့ တိုက်ကလေးက ခြံဝန်းထဲမှာ သီးသန့်လေးမို့ နေချင့်စဖွယ်။ သူတကူးတက မမှတ်ထားဘဲ မှတ်မိနေတဲ့အထဲမှာ ဒီအိမ်လေးတစ်လုံးအပါအဝင်ဖြစ်ပေလိမ့်မည်။ ယခုချောချောမောမောရောက်လာခဲ့သည်မဟုတ်လား။ မည်သူ့အိမ်လို့ မမှတ်မိပေမယ့် ဒီအိမ်က သူကိုယ်တိုင် သူ့လက်နဲ့ဆောက်ထားသလို ခံစားမိတတ်သည်။ အောက်ဆုံးထပ်က(ပဒုမ္မာ လုပ်ငန်းစု) အမည်တပ်ထားတဲ့ ရုံးခန်းထဲ လူတွေများနေတာမို့ အိမ်ထဲပဲ ဝင်လာပြီး တိုက်သုံးထပ်လုံးကို တစ်ဆက်တည်းတက်လို့ရတဲ့ အတွင်းလှေကားကနေ အပေါ်ဆုံးထပ်အထိ တက်လာမိသည်။ မှန်နံရံအပြည့်ကာရံထားတဲ့ လှေကားခွင်လေးက တစ်ဖြေးဖြေးတက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လို့ရတာမို့ သူ့အကြိုက်ဆုံးနေရာပင်။ အပေါ်ဆုံးထပ် အိပ်ခန်းထဲ ခရီးဆောင်အိတ်ကို ထည့်လိုက်ပြီး ကုတင်ပေါ် ခဏပစ်လှဲပစ်လိုက်မိသည်။ ကိုယ့်အခန်းကိုပဲမှတ်မိပြီး ကျန်တာမမှတ်မိတဲ့ ဘဝထဲမှာမှ အိမ်မက်ထဲ လူတစ်ယောက်ကို ခဏခဏမက်ပြီး အိမ်မက်ကို မှတ်မိနေရတာက သူ့အတွက် စိတ်အ‌နှောက်အယှက်ဖြစ်စရာ။ အိမ်မက်ထဲမှာ ထိုလူက သူကိုကျောခိုင်းထားသည်။ ထိုကျောခိုင်းထားသူကို ကုန်တင်ကားကြီးက ဝင်တိုက်သည်။ ထိုလူက ကားနဲ့မထိမိဘဲ သူ့အနားရောက်လာခဲ့သည်။ ထိုရောက်လာသူကို သူက ဇွတ်အတင်း တွယ်ဖက်ထားလိုက်မိပြီး အဲ့ဒီအချိန်မှာ သူ့ရင်ထဲ အေးချမ်းမှုတွေကို အပြည့်အဝခံစားရသည်။ အနှီအိမ်မက်ကို သူ ချ‌ရေးထားဖို့မလိုအောင် မှတ်မိနေသော်လည်းအဲ့လိုကိစ္စတွေများ ဖြစ်ခဲ့သလား တွေးလို့မရ။ မမှတ်မိ။ ဘယ်အချိန်တည်းက အဲ့ဒီအိမ်မက်ကို မက်နေခဲ့တာလဲ။ သူမသိ။ နောက်ဆုံးကောက်ချက်ကတော့ ငါရူးနေတာနေမှာ ဆိုတာပဲ ဖြစ်သည်။"ထိုက်.. ထိုက်.."နာမည်ခေါ်သံကြောင့် မင်းကုဠေထိုက် လှဲနေရာက ထလာခဲ့ရသည်။ ဧည့်ခန်းဆိုဖာပေါ်မှာတော့ ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်။ မဝေ။"ထိုက် နေမကောင်းလို့လား ရုံးခန်းထဲမဝင်လာလို့လေ။ မမဝေ"မမဝေက သူ့ကိုယ်သူလက်ညှိုးထိုးပြီး မိတ်ဆက်သလိုမျိုး ပြောတော့မှ သူ မချိပြုံးလေး ပြုံးလိုက်မိသည်။"မှတ်မိပါတယ် မမဝေ။ ကျွန်တော် လူများနေလို့ မဝင်လာချင်တာနဲ့ တက်လာခဲ့တာ။ မမ ပြောစရာရှိလို့လား""ဟင်း. မရှိပါဘူး ထိုက် နေ့တိုင်း လုပ်ပြီးတာတွေပို့ထားတာပဲလေ။ မမစိတ်ပူသွားလို့ပါ။ ဒါနဲ့ အိမ်ကိုသိပ်မရှာလိုက်ရဘူးမဟုတ်လား""မရှာရပါဘူး။ တန်းပြန်လာတာပါ။ မမဝေ ကိုလည်း ကျွန်တော်မှတ်မိပါတယ်"မဝေ ဝမ်းသာသွားမိသည်။ သူ့ကိုဖြောင့်ဖြောင့်တန်းတန်း မှတ်မိလာပြီဆိုတော့ သား လေးကိုလည်း မှတ်မိလောက်မည်။ ကြီးတင်ကို ပြောမှပဲ။ ဝေဝေဉီး စိတ်လက်ပေါ့ပါးစွာပဲ ထလိုက်သည်။"ညနေ ဘာအစီအစဉ်ရှိလဲ ထိုက်။ လင်းမြင့်မိုရ်ဘက်က ဖုန်းဆက်လာတယ် တွေ့ချင်လို့တဲ့""ကျွန်တော် ခဏနားပြီး အစီအစဉ်ထဲက အတိုင်းလုပ်ဖို့ပဲ မမ။ တွေ့ရမယ်ဆိုရင်လည်း တွေ့တာပေါ့ဗျာ။ ညနေအစီစဉ်က မမဝေနဲ့လိုက်ရမယ်ဆိုရင်လည်း အဆင်ပြေတာပါပဲ""ကောင်းပြီ ညနေ ၄ နာရီနော် မမဝေအောက်ထပ်ကပဲစောင့်မယ်။ သားကို သွားကြိုရအုံးမှာ""သား??"မမဝေမှာ သားရှိတာလား။ သူမမှတ်မိ။"အင်းလေ မမဝေသားလေးကို ကြိုပြီးအောက်ကစောင့်နေမယ်နော်"ကြည်ကြည်လင်လင်ကနေ ဇဝေဇဝါဖြစ်သွားရှာတဲ့ ထိုက်ကိုငေးရင်း ဝေဝေဉီးစောစောက ဝမ်းသာမှုတွေ ကြက်ပျောက်ငှက်ပျောက်။ ဖြေးဖြေးပေါ့ .. ဒီလောက် တိုးတက်လာတဲ့ အခြေအနေကို ဝမ်းသာရမှာပဲမဟုတ်လား။ နေ့စဉ်အစီအစဉ်တွေထဲမှာ သားလေးနဲ့ပတ်သက်တဲ့ တစ်ခုမဟုတ် တစ်ခု ကို ထည့်ပေးထားတာတောင်မှ Australia မှာ ဟိုတယ်လုပ်ငန်းရှင်များ အစည်းအဝေးသွားတဲ့ ခဏလေးအတွင်း သားကိစ္စမပါတော့တာနဲ့ သားကို မေ့သွားလိုက်ပြန်ပြီ။ ထိုက်ရေ. .. စောင့်နေတယ်။ မမဝေစောင့်နေတယ်။မင်းကု‌ဋေထိုက် အိပ်ခန်းထဲပြန်ဝင်လာပြီး Notepad ကိုဖွင့်ကြည့်လိုက်မိပြန်သည်။ ဒီနေ့ ဘာတွေလုပ်မယ်ဆိုတာ သူအားလုံးမှတ်မိပါသည်။ ဒါပေမယ့် စာတစ်ကြောင်းကို Pen သုံးကာ ထည့်ဖြည့်လိုက်မိသည်။(လင်းမြင့်မိုရ်နဲ့ တွေ့ရန် ညနေ ၄ နာရီ)ခဏလောက် ဂျင်မ် ဆော့ပြီး ရေကူးကန်ဆီမတက်တော့ဘဲ ရေမိုးချိုးပစ်လိုက်မိသည်။ ခေါင်းထဲ နည်းနည်း ညည်းစီစီနဲ့။ ရေမိုးချိုးပြီးချိန် ညနေပိုင်းအစည်းအဝေးအတွက် ပြင်ဆင်နေတုန်း ဖုန်းထဲကို ဝင်လာတဲ့ မက်‌ဆေချ့်ကို ဖွင့်ဖတ်လိုက်တော့ မမဝေ မနက်ဖြန်သူလုပ်ရမယ့် ကိစ္စတွေကို ပို့ပေးထားတာ။ ကုတင်ပေါ် တင်ပါးလွှဲထိုင်ရင်း သူစဉ်းစားကြည့်မိသည်။ တစ်ကယ်လို့ မမဝေသာ အခုလိုတွေ မပို့ဘူးဆိုရင်.. သူဟာ တစ်နေကုန် ဘာလုပ်လို့လုပ်ရမှန်း သိမှာမဟုတ်‌တော့တဲ့ လူပိုပဲဖြစ်နေတော့မှာမဟုတ်လား။ ဒီလိုလူပိုတစ်ယောက်ကို ကြီးတင်တို့ မမဝေတို့က ဘာလို့များ စိတ်ရှည်သည်းခံနေကြပါလိမ့် လို့ တွေးရင်း ခေါင်းတွေကိုက်တက်လာရတော့သည်။ ဒီကိစ္စကို အရင်ကတွေးဖူးလား သူမသိ။ တစ်ယောက်ယောက်ကို မေးဖူးလားလဲသူမသိ။ ဒီတစ်နေ့ထဲကိစ္စတွေကိုပဲ မှတ်မိပြီး နောက်နေ့လူသစ်လိုဖြစ်နေတဲ့သူ့ကို ဘာလို့ဆိုတဲ့ အဖြေ သူရဖူးသလား။မျက်လုံးမဖွင့်နိုင်အောင် ကိုက်တက်လာတဲ့ခေါင်းကြောင့် အိပ်ယာထဲဝင်လှဲနေလိုက်ရသည်။သူ့အနားကို လူတစ်ယောက် ရောက်လာသည်။ ရှည်လျားတဲ့အရပ်။ ကြည်လင်တဲ့အသားအရည်တို့ပိုင်ရှင်က ဝေဝါးဝါးနဲ့ ပြုံးများနေသလား။"စိတ်မပူပါနဲ့ ခင်ဗျားသက်သာသွားမှာပါ" ဆိုတဲ့စကားကို ပြောသွားပြီး သူ့ကိုကျောခိုင်းလိုက်တာမို့ ထိုလူလက်ကို ဆွဲဖို့ကြိုးစားလိုက်မိစဉ် လက်ဖျံထဲ စူးကနဲ တိုးဝင်လာတဲ့ အပ်ကြောင့် နိုးလာခဲ့သည်။ ငါဘာဖြစ်သွားတာလဲ။ ငါဘယ်မှာလဲ။ စောစောကလူရော ဘယ်ရောက်သွားတာလဲ။ သူက ငါ့ကို ဘာလို့ ခဏခဏ ထားရစ်နေတာလဲ။"သားငယ်လေး။ သတိရပြီလား။ သားငယ်လေး.."ဒါက ကြီးတင်အသံ။ သူ့အတွက် တကူးတစ်ကမှတ်ထားပေးဖို့မလိုတဲ့ တစ်ဉီးတည်းသောသူ။ ကြီးတင်။ သူနဲ့ကြီးတင် ဘယ်လိုတော်စပ်တာလဲ သူမသိ။ ကြီးတင်ကတော့ပြောပြဖူးပါလိမ့်မည်။ ဒါပေမယ့် သူမမှတ်မိ။ ကြီးတင်ကို သူ တွေ့တိုင်း မိရင်းဘရင်းကိုတွေ့ရသလို ရင်းနှီးသည်။ မလိုအပ်ပါဘဲ မျက်ရည်တစ်စက်က မျက်လုံးဒေါင့်ကနေ ကျသွားရသည်။ ရှုပ်ထွေးလွန်းတဲ့ ခံစားချက်တွေက ဘာကြောင့်ဆိုတာ မသိရတဲ့ အခါ ငါ အရူးပဲလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ရတဲ့အခါ ရှေ့ဆက်အသက်ရှင်ဖို့ အ‌ကြောင်းအရင်းကို ဖမ်းဆုပ်ဖို့ ခက်ခဲတဲ့အခါ လူတွေဘယ်လိုခံစားရလိမ့်မလဲ။ သူ မသိပါ။ အခု ဘာဆိုဘာမှ သူမသိတော့ပါ။********"သူတစ်ခုခုကို မှတ်မိလို့ ရှော့ခ်ရသွားတဲ့ ပုံမျိုးဖြစ်သွားတာ။ ဒါမှမဟုတ် သူတစ်ခုခုကို တွေးမိပြီး မခံနိုင်အောင်ဖြစ်သွားတာ ဖြစ်နိုင်တယ် အခုမေးရင်လည်းမှတ်မိမှာမဟုတ်လို့ ဘာမှမမေးဘဲ ဒီအတိုင်းသက်သာအောင်ပဲ ထားပေးပါ။ ဒါမျိုးနောက်တစ်ခေါက်ထပ်ဖြစ်ရင် ဆေးရုံတင်ပြီး သေချာထပ်စစ်ဆေးဖို့လိုပါလိမ့်မယ်"ဒေါက်တာ မြင့်ဉီး ရဲ့ စကားကို နား‌ထောင်ရင်း ဒေါ်ရီရီတင်နဲ့ ဝေဝေဉီးတို့ ထိုက်ကိုသာ သနားခြင်းများနှင့်ကြည့်နေမိကြတော့သည်။ သုံးနှစ်တောင် ကျော်လာခဲ့ပြီ။ ဖြစ်ခဲ့သမျှအဖြစ်အပျက်တွေကို ပြန်သတိမရတာပဲ သူ့အတွက်ကောင်းလေမလား။ သတိရပြီး မူလဘဝမှာ အဖြစ်မှန်တွေလက်ခံလိုက်ရင် ပိုကောင်းသွားမလား မသိတော့။"ကြီးတင်.. ဒီအတိုင်းဆိုရင် လင်းမြင့်မိုရ်ဘက်ကို အစည်းအဝေးပြန်ချိန်းလိုက်ရမလား။ သူတို့ စောင့်နေတာ ၃ ရက်တောင်ရှိပြီဆိုတော့လေ""နေပါစေသမီး။ ကြီးတင် နုနုဆီသွားလိုက်မယ်။ ဟိုတယ်ကိစ္စက ပြတ်ပြီလား။""မပြတ်သေးဘူးကြီးတင်။ ကိုလွင်မင်းက သဘောမတူဘူးဖြစ်နေလို့လေ။ ဝေလည်း သူ့ကိုမရှင်းပြတတ်တော့ဘူး။ ပလပ်စတစ်စက်ရုံအတွက် ကုန်ကြမ်းဝယ်ဖို့ကိုတော့ ထိုက်က နေမကောင်းသေးလို့ ကိုတင်ဉီးကို ဝယ်ခိုင်းထားတယ်၊ မိုတွေကတော့ မှာထားတာမရသေးဘူး ကြီးတင်။ ထိုက်လုပ်ထားသမျှတွေကို ဝေလည်းလိုက်အကောင်ထည်ဖော်နေရတာ။ တစ်ခါတစ်လေ ထိုက်ပို့‌ပေးတဲ့ အစီအစဉ်ကို ဝေဘာဆက်လုပ်ရမလဲ မသိတော့ဘူး ကိုတင်ဉီးကလည်း နားမလည်ဘူးလေ""ဒါနဲ့ သမီး သားငယ်လေး အခုလိုမဖြစ်ခင်ထူးခြားတာမရှိဘူးလား""သမီးပြောမလို့ အဲ့ဒါကို၊ လေဆိပ်က ပြန်ရောက်ရောက်ချင်း သမီးကို သူမှတ်မိကြောင်းပြောတယ် ကားလည်း သူ့ဘာသာ ဖြောင့်နေအောင် ငှားလာခဲ့တာ ကြီးတင်။""မှတ်များ မှတ်မိချင်တာလားမသိဘူးနော်"ဆေးအရှိန်ကြောင့် အိပ်ပျော်နေရှာတဲ့ ထိုက်ကို ခပ်ငေးငေး စိုက်ကြည့်ရင်း သူတို့နှစ်ယောက် သက်ပြင်းချလိုက်မိသည်။သူတို့ ရှေ့မှာ အားနည်းဖျော့တော့စွာလဲလျောင်းနေရှာတဲ့ သူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းကု‌ဋေထိုက် ဆိုတဲ့နာမည်တစ်လုံး ကျော်ကြားအောင် ထက်မြက်လှတဲ့သူဆိုတာ အခုအချိန်ပြောရင် ယုံကြမယ့်သူရှိမှာမဟုတ်။ ဒီတူလေးကို ကြီးတင် ငယ်စဉ်တည်းက ကျွေးမွေးပြုစုလာခဲ့တာ။ ရီရီတင်နဲ့ ဒီပါမင်း ဆိုတဲ့ သားသမီးနှစ်ယောက်တို့ရဲ့ ဖခင် ဉီးညွန့်ခင်က မိခင်ကြီး ‌ဒေါ်ပဒုမ္မာတင် နာမည်ကို ယူကာ မူလ ပဒုမ္မာအမှတ်တံဆိပ် ပလပ်စတစ်စက်ရုံကို ထူထောင်ခဲ့ပြီး သားသမီးနှစ်ယောက်ကို စီးပွားရေးပညာတွေသင်ပေးခဲ့သည်။ ဖခင်ကြီးက မိခင်ကြီးဆုံးပါးတဲ့နှစ်မှာပဲ ရီရီတင်တို့ မောင်နှမကို လုပ်ငန်းလက်လွှဲခဲ့ပြီး တရားဘောင်ဝင်သွားခဲ့တာ ပျံလွန်တော်မူတဲ့အထိပင်။ရီရီတင်ကို ‌မောင်ဖြစ်သူ ဒီပါမင်းက လက်မွှေးခြေမွှေးမီးမလောင်အောင် တယုတယ ထားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ရတနာလင်း နဲ့သားလေး ထိုက်ကိုလည်း ငုံထားမတတ်ချစ်ရှာသည်။ ဒီပါမင်းက ပလပ်စတစ်စက်ရုံကို ဉီး‌ဆောင်အုပ်ချုပ်ခဲ့သလို အိမ်ယာဆောက်လုပ်ရောင်းဝယ်တဲ့လုပ်ငန်းတွေကိုပါ ချဲ့ထွင်လာခဲ့တာ လုပ်ငန်းတွေများလာပြီး မနိုင်နင်းတော့မှ အမဖြစ်သူ ရီရီတင်ကို အကူညီတောင်းလာခဲ့တာဖြစ်သည်။ရီရီတင့်မှာ ငယ်ပေါင်းကြီးဖော်သူငယ်ချင်း စိတ်တူကိုယ်တူ အပျိုကြီး နှစ်ယောက်ဖြစ်တဲ့ ခင်နုနဲ့ ကြည်အေးတို့ကပါ မိသားစုလုပ်ငန်းများကို ဉီးဆောင်ရင်း ရီရီတင့်ကို ကူညီပေးခဲ့ကြတာ။ ထိုအကူအညီတွေနဲ့ ပဲ ပဒုမ္မာအမှတ်တံဆိပ်က နိုင်ငံအနှံ့ နေရာယူလာနိုင်ခဲ့တာပဲဖြစ်သည်။ သားငယ်လေး မိခင်ဖြစ်သူက သားငယ်လေးကို အလွန်ချစ်ရှာသလို ရီရီတင့်ကိုလည်း မမတင်နှုတ်ဖျားကမချ လေးစားချစ်ခင်ရှာသည်။ ရိုး‌အေးတဲ့ မိန်းကလေးက သားငယ်လေး ဆယ်တန်းနှစ်မှာ အစာအိမ်ကင်ဆာနဲ့ တိမ်းပါးတာမို့ ရီရီတင် သားငယ်လေးကို ယောင်းမကိုယ်စား ချစ်ခင်ဂရုစိုက်ပေးခဲ့ရတာပင်။ သားငယ်လေး စီးပွားရေးတက္ကသိုလ်တက်နေဆဲမှာပဲ ရီရီတင့်မောင်ဖြစ်သူ ဒီပါမင်းလည်း မိန်းမစိတ်နဲ့ပဲ သူတို့ကိုထားရစ်ခဲ့ပြန်တော့တာမို့ နုနုနဲ့ အေး တို့ အကူအညီဖြင့်သာ စီးပွားရေးလုပ်ငန်းတွေကို ဆက်ဉီးဆောင်လာခဲ့ရတာဖြစ်သည်။သားငယ်လေး ထိုက်က သိပ်တော်သည့်ကလေးပင်ဖြစ်သည်။ ဆယ်တန်းမဖြေခင် ဆုံးပါးသည့်မိခင်ကို သားကိုစိတ်ချပါ မေမေ ဆိုတဲ့စကားအတိုင်း တည်အောင် စိတ်ချရစေတဲ့ အပြုအမူများကိုသာလုပ်သည်။ စီးပွားရေးတက္ကသိုလ်ကို ထူးထူးချွန်ချွန်အောင်အောင်ဖြေနိုင်သလို ဖခင်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်း လူရင်းတွေ အကူညီနဲ့ နားလည်အောင်ကြိုးစားပြီး ဉီးဆောင်ခဲ့သည်။ ဘွဲ့ရတဲ့နှစ်မှာပဲ ထိုက်က ဒီပါမင်းတည်ထောင်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပလပ်စတစ်စက်ရုံကို ဉီးဆောင်လာနိုင်ပြီး လင်းမြင့်မိုရ် ကုမ္ပဏီဘက်က နုနုအကူညီတောင်းလာတာမို့ ပုဂံနှင့် အင်းလေးမှာ ဟိုတယ်နှစ်လုံးဆောက်တာကို ဉီးဆောင်ပေးခဲ့ကာ ရှယ်ယာတွေပါ ထည့်ဝင်ပြီး စီမံခန့်ခွဲပေးခဲ့သည်အထိ ထက်မြက်ခဲ့တာပင်။ သားလိုချစ်ရတဲ့ တူလေးက မောင်ဖြစ်သူနဲ့ ကတောက်ကဆတွေဖြစ်ပြီး နိုင်ငံခြားမှာကျောင်းသွားတက်နေတာမို့ ဟိုတယ်လုပ်ငန်းနှင့် ဆေးရုံလုပ်ငန်းကို တစ်ယောက်တည်း စီမံနေရတဲ့ နုနုအတွက် ထိုက်က စိတ်ချရတဲ့ သားလေးတစ်ယောက်ပမာပင်။ ထိုကလေးက အခုလိုကံကြမ္မာမျိုးကို ထမ်းပိုးထားရတာ တင်တင့်အတွက်တော့ ငရဲတစ်ခုကို လတ်တလောကျနေရသလို ပူလောင်ရသည်။ မြေးလေးကိုလည်း သနားမိပြန်သလို ဝေဝေ့ကိုလည်း အားနာနေမိပြန်သည်။ လူကြီးတွေရဲ့ ကြမ္မာက လူငယ်တွေအလှည့်မှာ အပြီးသတ်စေချင်လှပြီ။တင်တင်တို့ သူငယ်ချင်းသုံးယောက်က ကံကြမ္မာတူတယ်ပြောရမလား၊ မိသားစုမှာ အမကြီးတွေဖြစ်ကြတာချင်းတူကြသလို မောင်အငယ်တွေရဲ့ ချစ်ခင်မှုကိုခံကြရတာလည်းတူသည်။ ဒါ့အပြင် ထိုမောင်ငယ်တွေရဲ့ သားသမီးတွေကို ဆက်လက်စောင့်ရှောက်ထားရတာလဲ တူသည်။ကြည်အေးဆိုလျှင် မောင်ငယ်ဖြစ်သူတို့ လင်မယားနှစ်ယောက်စလုံး မြစ်ဝကျွန်းပေါ် ဇာတိဘက် ပြန်နေတဲ့ခရီးစဉ်မှာပဲ နာဂစ်မုန်တိုင်းမိပြီး တိမ်းပါးကြတာမို့ ဝေဝေဉီးနဲ့ လွင်လွင်ဉီး ညီအမနှစ်ယောက်ကို အေး က ထိမ်းသိမ်းပြုစုခဲ့ရပြီး မောင်ငယ်ထားခဲ့တဲ့ လက်ငုတ်ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းကို ဉီးဆောင်ရင်း မိန်းမသားသုံးယောက် အခြေပျက်မတတ်ဖြစ်ခဲ့ကြရသည်။ နုနုနဲ့ တင်တင် တို့ ကူညီထိမ်းကျောင်းပေးခဲ့လို့သာ အထည်ချုပ်လုပ်ငန်းက ပြိုင်ဘက်တွေလက်ဝါးကြီးအုပ်မခံရတာဖြစ်သည်။နုနုရဲ့ မောင်ငယ်ကတော့ ဆရာဝန်ဖြစ်ပြီး လက်ရှိ လင်းမြင့်မိုရ် ဆေးရုံကြီးကိုပိုင်ဆိုင်သူပင်။ နုနုရဲ့ ယောင်းမဖြစ်သူကတော့ သားလေး သုံးနှစ်ပြည့်တဲ့ နှစ်မှာပဲ နှလုံးရောဂါနဲ့ တိမ်းပါးခဲ့တာမို့ တူလေးမိတစ်ဆိုးကို ပြုစုပျိုးထောင်ရင်း ရီရီတင်နဲ့အတူတူ လုပ်ငန်းတွေ ဉီးဆောင်ပေးခဲ့သည်။ သုံးမိသားစုတစ်စီးပွားတည်းလိုဖြစ်နေပေမယ့် နုနုက သိပ်တိကျသည်။ အကျိုးအမြတ်ကို ဆတူခွဲပေးတတ်သလို လုပ်သင့်လုပ်ထိုက်သည့် တာဝန်တွေကိုလည်း ခွဲဝေပေးတတ်တာမို့ သူတို့သူငယ်ချင်းသုံးယောက် တစ်ယောက်ကိုတစ်ယောက်အားနာနေစရာမလိုဘဲ နှစ်များစွာကြာအောင် လက်တွဲလာနိုင်ခဲ့တာပဲဖြစ်သည်။"နုနုရယ်။ သားငယ်လေးက အထိခိုက်မခံသေးဘူးဖြစ်နေတယ်""အို တင်တင်။ နုက ကောင်းနေပြီထင်တာ နိုင်ငံခြားတောင်သွားနေတယ်ဆိုလို့လေ""အဲ့ဒါက သူ့စိတ်ထဲလုပ်ချင်တာတွေကို နေ့စဉ်အစီအစဉ်တွေပြန်ကြည့်ပြီး အစီအစဉ်ဆွဲထားတာ နုရဲ့။ အဲ့ဒီအစီအစဉ်အတိုင်းကို သူ့ဘာသာဆက်လုပ်နေတဲ့သဘောပေါ့။ ဟိုမှာ ကြိုမယ့်သူကို ချိတ်တာ၊ အစည်းအဝေးအတွက် ဆွေးနွေးရမယ့်ခေါင်းစဉ်တွေကို ရွေးတာ ပြင်ဆင်တာ တစ်နေ့ချင်းစီသူ့ဘာသာ ရေးထားပြီး လုပ်သွားတာ။ တင်တင်နဲ့ သမီဝေတို့က သွားတော့မယ်ဟေ့ဆိုမှ သိရတော့တာပဲ။""ဟုတ်တယ်ကြီးနု။ ဟိုကနေ သူတစ်နေ့တာဘာလုပ်ပြီးကြောင်းတွေ မေးလ်ပို့တော့လဲ နေ့တိုင်း လူကောင်းတစ်ယောက်လိုပဲ။ ရင်းနှီးမြုပ်နှံမှုစာချုပ်တွေက ဒီမှာပါ ကြီးနု။ ဟိုလူကလူတွေ အဖွဲ့လိုက် ရှေ့လထဲလာကြလိမ့်မယ်။ သမီးနာမည်ကိုဆက်သွယ်ပါဆိုပြီးပြောခဲ့တယ်တဲ့လေ ကြီးနုရယ်""အင်း ဒီလောက်ဆို အခြေအနေအတော်တိုးတက်လာတာပဲလေ""အခုဖြစ်တာလဲ အဲ့လိုအခြေအနေတိုးတက်လာလို့ထင်တယ်ကြီးနု။ သူ့ခေါင်းကို သိပ်မသုံးနိုင်သေးတာဖြစ်မယ်။"နုနုနဲ့ တင်တင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ ရှေ့ဆက် ဘာလုပ်သင့်တယ်ဆိုတာကို နှစ်ယောက်သား တွေးနေပေမယ့် မရေမရာ။"သားလင်းမိုရ် ပြန်လာတော့မယ် တင်တင်။ ဒီက ဟိုတယ်လုပ်ငန်းကို သူ့ကိုဉီးဆောင်ဖို့ပြောထားတယ်။ ထိုက်လေးလဲ အဖော်ရတာပေါ့။ သမီးဝေလည်း အလုပ်ပေါ့သွားမှာပါ။""အို.. သားလေးပြန်လာရင်ကောင်းတာပေါ့။ အားကိုးရတော့မှာပဲ""လင်းမိုရ်က ဝါသနာပါပါ့မလား ကြီးနုရယ်။ နောက်ပြီး ထိုက် လိုအခြေအနေမျိုးကို နားလည်ပါ့မလား။ လင်းမိုရ်က နဂိုတည်းက အေးအေးပဲ‌နေတတ်တာကို။""အဲ့ဒါကြောင့်လည်း ကြီးနုက အတင်းပြန်ခေါ်ရတာ သမီးဝေ။ အေးတိအေးစက်နဲ့ တောထဲတောင်ထဲ ဓါတ်ပုံပဲရိုက်နေလို့ မ‌ရဘူးလေ။ နောက်ပြီး ဝဏ္ဏကလည်း နောက်အိမ်ထောင်နဲ့ဆိုတော့ လုပ်ငန်းကို သားလေးဉီးဆောင်ထားစေချင်တာ။ ထိုက်ကိုလည်း နားစေချင်တယ်လေ။ သူတို့အတူတူတွဲလုပ်ကြတော့ ကြီးနုလည်းစိတ်ချရတာပေါ့။"ဖြစ်သင့်တဲ့ကိစ္စမို့လို့ တင်တင်ရော ဝေဝေပါ စောဒကတက်စရာမရှိပါ။ လူစိမ်းတွေထက်စာရင် ပိုင်ရှင်တွေက ပိုပြီး နားလည်မည့် လုပ်ငန်းဖြစ်တဲ့အပြင် နားလည်မှုပေါ်မူတည်ပြီး အကျိုးအမြတ်ကလည်း ကွာခြားတာမို့ လင်းမိုရ်ကိုအမြန်ပြန်လာစေချင်မိတော့သည်။ To be continue.. Comment please!

ချစ်သူပျော်ရာ ဤကမ္ဘာ၌ ပန်းမျိုးပင်လယ် ပွင့်ကျန်ရစ်စေOpowieści tętniące życiem. Odkryj je teraz