ဂျောင်ဂုနှင့် ထယ်ယောင်းတို့နှစ်ဦးသား စကားအချေအတင်ဖြစ်ပြီးသည့်နောက် တစ်ဦးကိုတစ်ဦး စကားလည်းမပြောမိကြ။ ထယ်ယောင်းက ဂျောင်ဂုကို ထားခဲ့ကာ သူပန်းချီဆွဲသည့်အခန်းထဲသို့ ဝင်သွားပြီး ဂျောင်ဂုသည်လည်း ဧည့်ခန်းတွင်းရှိ ဆိုဖာညိုထက်တွင်သာ ခြေပစ်လက်ပစ်ထိုင်ချရင်း အတွေးများလွန်ဆွဲလျက် အချိန်ကုန်ဆုံးစေခဲ့၏။ မည်သည့်နေရာက စတင် မှားယွင်းခဲ့၍များ သူနှင့်ထယ်ယောင်းကြား ယခုလိုဖြစ်လာရလဲ ဂျောင်ဂု မတွေးတတ်တော့။ သေချာသည်က သူတို့ အတူ ရှိလာကြသည့် သုံးနှစ်တာကာလအတွင်း တစ်ဦးနှင့်တစ်ဦးစိတ်ကောက်ကြသည့်အဖြစ်က ရှိခဲ့ဖူးသော်လည်း ယခုလို စိတ်ဆိုးသွားသည့်အဖြစ်ကမူ ယနေ့ ပထမဆုံးအကြိမ် ဖြစ်မည်ထင်၏။ မကြာခဏ စိတ်ကောက်ဖူးသူ ထယ်ယောင်းမှာ ဂျောင်ဂု ယအပေါ် တစ်ခါလေးတောင် စိတ်မဆိုးခဲ့ဖူးသော်လည်း ယနေ့တော့ သူ့အပေါ် ပထမဆုံးအကြိမ်အနေဖြင့် စိတ်ဆိုးတတ်ခဲ့ပြီဟု ဂျောင်ဂု ခံစားနေမိပါပြီလေ။ ဤကား ပြောင်းလဲမှုတစ်ခု အစပျိုးလာခြင်းပဲလား။ ထို့နောက်တွင်ရော...။
"Umm...Umm...."
ဂျောင်ဂုတစ်ယောက် ဆိုဖာထက်တွင်ထိုင်ရင်း တစ်ဦးတည်း အဆွေးဇာတ်လမ်းဖန်တီးနေခိုက် သူ့နားထဲ ရုတ်တရက် ဝင်လာသော ငြီးသံသဲ့သဲ့၊ သူ့အထင်သာ မမှားဘူးဆိုပါလျှင် သေချာပါသည်၊ ထိုငြီးသံမှာ ထယ်ယောင်းရှိနေသည့် အခန်းထဲမှဖြစ်နိုင်သည်မို့ ဂျောင်ဂု ကပြာကယာကုန်းထကာ ပန်းချီခန်းဆီ အမြန်သွားရန် ခြေလှမ်းလိုက်မိတော့...
"Umm...Umm..."
...ဒုတိယအကြိမ် ကြားလိုက်ရပြန်သော ငြီးသံ။ ဤတစ်ခေါက် ကြားရချိန်တွင်မူ ဂျောင်ဂု သူ့ခြေလှမ်းတို့၏ ဦးတည်ရာကို ပြောင်းလဲလိုက်ပါပြီ။ အကြောင်းကား ငြီးတွားသံသည် ပန်းချီခန်းဆီမှမဟုတ်ဘဲ သူတို့နှစ်ဦး၏ အိပ်ခန်းထဲမှ ထွက်လာသော အသံဖြစ်သည်ကြောင့်ပါ။ သို့ဖြစ်၍ ဂျောင်ဂု အိပ်ခန်းဆီ အမြန်အပြေးသွားလိုက်ကာ အခန်းတံခါးကို ဝုန်းကနဲဆောင့်ဖွင့်ရင်း အခန်းထဲအပြေးလာလိုက်တော့၏။ အခန်းထဲရောက်လျှင် သူ့အားဆီးကြိုနေသောမြင်ကွင်းကြောင့် ဂျောင်ဂု ပိုမိုထိတ်လန့်သွားရပြန်သည်။ ထယ်ယောင်းက ကုတင်ပေါ်၌ လူးလိမ့်နေကာ လက်ကလေးနှစ်ဖက်ကလည်း ဗိုက်ပေါ် တင်းကျပ်စွာ ဖိနှိပ်ထားသေးသည်ကိုး။
"ထယ်...ထယ် မင်း ဘာဖြစ်လို့လဲ"
ဂျောင်ဂုတစ်ယောက် ထယ်ယောင်းအခြေအနေကို မြင်မြင်ချင်း အနားသို့အပြေးလေးသွားလိုက်ပြီး ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်လိုက်ကာ ထယ်ယောင်းလက်လေးအား သူ့လက်ဖြင့်အပေါ်ဘက်မှအုပ်မိုးလျက်မေးလိုက်တော့၏။ သို့သော်ငြား ထယ်ယောင်းသည် မသက်မသာအနေအထားမျိုးနှင့် လူးလိမ့်၍သာနေပြီး ဂျောင်ဂုအမေးကို ပြန်မဖြေနိုင်။ ဤလောက်အထိ နာကျင်မှုက ပြင်းထန်နေပုံပင်။ ထယ်ယောင်းက မည်သည့်နေရာ နာကျင်နေလဲဆိုသည်ကိုတော့ ဂျောင်ဂု သေချာမသိသေးပေ။ လောလောဆယ်တော့ ထယ်ယောင်း နာကျင်နေသည့်ပုံစံကိုကြည့်၍ သူ့နှလုံးသားကလည်း ထပ်တူနာကျင်နေရပါသည်လေ။
"ချွေးစီးတွေပါ ကျနေတာပါလား။ ဘယ်နေရာက နာနေတာလဲဆိုတာ ငါ့ကို ပြောပြ ထယ်"
"ဗိုက်...ဗိုက်ထဲက..."
လူးလိမ့်နေရင်း ချွေးစီးများကပါ ကျနေသည်မို့ ဂျောင်ဂု ထယ်ယောင်း နှဖူးစပ်မှ ချွေးစများကို လက်လေးဖြင့် သုတ်ပေးလိုက်ရင်း ထယ်ယောင်းအား မေးမိပြန်တော့ ထယ်ယောင်းတစ်ယောက် နာကျင်မှုကြားမှသူ၏ပါးစပ်လေးအား အားကုန်ဖွင့်ဟလာခဲ့ရင်း နာကျင်နေသည့်နေရာကို ပြောပြလာခဲ့တော့၏။
"မင်းဘာတွေစားလာခဲ့တာလဲ ထယ်။ အစပ်တွေ စားလာခဲ့တာမလား"
ဗိုက်ထဲကဟု ပြောသံကြားသည်နှင့် ဂျောင်ဂုက ချက်ချင်းပင် တုံ့ပြန်မေးခွန်းထုတ်မိပြန်လျက်။ ထယ်ယောင်း ယခုကဲ့သို့ဖြစ်ရသည့် အခြေအနေသည် အကြောင်းအရင်းတစ်ခုကြောင့်သာ ဖြစ်နိုင်ပြီး ယင်းအကြောင်းအရင်းကလည်း အစပ်များ မတန်တဆ စားလာခြင်းကြောင့်သာ ဖြစ်နိုင်မည်မှန်း ဂျောင်ဂု သိနေခဲ့သည်မို့။ ထယ်ယောင်းအကြောင်းကို သူ ဘာအတွက်ကြောင့် မသိရမည်နည်း။
"နောက်မှအပြစ်တင်လို့ရမလား ဂျွန်"
ဂျောင်ဂုဘက်က မျက်ခုံးနှစ်ဖက် တွန့်ချိုးကာ သူ့ကို မေးလာ၍ ထင်ပါသည်။ ထယ်ယောင်းတစ်ယောက် နာကျင်နေသော သူ့ ဝမ်းဗိုက်အား လက်ဖြင့်ဖိနှိပ်ထားလျက် အလိုမကျစွာ ပြန်ပြောလာတော့၏။ ထိုအခါမှ ဂျောင်ဂုလည်း..
"ကျစ်...ခဏလေး ဆေးသွားယူလိုက်ဦးမယ်"
...နေမကောင်းဖြစ်နေသော ချစ်ရသူလေးအတွက် ဆေးသွားရှာရတော့သည်။ သူကိုယ်တိုင်က ဆရာဝန်တစ်ဦး ဖြစ်နေသည့်အတွက် ဝေးဝေးလံလံဆေးသွားဝယ်ရန်မလိုသည်ကလည်း ကံကောင်းမှုတစ်ခု။ ထို့ကြောင့် ဂျောင်ဂုတစ်ယောက် ဆေးအိတ်ထဲတွင် အသင့်ရှိနေသော ဆေးကိုယူလာလိုက်ကာ ကုတင်ဘေးတွင်အဆင်သင့်ရှိနေသော ရေခရားထဲမှ ရေကို သူကိုယ်တိုင် ဖန်ခွက်ထဲထည့်ပေးလိုက်ပြီး ထယ်ယောင်းအား အသင့်သောက်စေလိုက်၏။
"ပြန်လှဲနေလိုက်တော့ ထယ်။ ခဏနေရင် သက်သာသွားလိမ့်မယ်"
"အင်း...ကျေးဇူးပါ ဂျွန်”
ဆေးသောက်ပြီးသွားသည့် ထယ်ယောင်းအား သက်တောင့်သက်သာဖြစ်စေရန် ပြန်လှဲနေဖို့ ဂျောင်ဂုက ပြောလိုက်တော့ ထယ်ယောင်းက ခေါင်းလေးညိတ်ပြလာကာ အိပ်ရာထဲလှဲလိုက်သည်မို့ ဂျောင်ဂုတစ်ယောက် ထယ်ယောင်းကိုယ်ပေါ်သို့ စောင်ထူထူလေးကို အလိုက်သင့်လေး လွှားခြုံပေးလိုက်ပါလျက်။ ထို့နောက် ထယ်ယောင်းနှဖူးပြင်ပေါ်ကျနေသော ဆံပင်စလေးများကို သပ်တင်ပေးနေလိုက်ရင်း...
"မင်းနဲ့မတည့်တာသိရဲ့သားနဲ့ ဘာလို့စားလာရတာလဲကွာ။ သူက မင်းကို အဲဒါတွေကျွေးတိုင်း စားခဲ့တာပဲလား"
...မတည့်သည့်အစားကိုမှ မငြင်းဘဲစားခဲ့သည့် ထယ်ယောင်းကို ဂျောင်ဂု နားမလည်နိုင်စွာမေးမိတော့..
"ဟျောင်းနဲ့ မဆိုင်ပါဘူး ဂျွန်။ ငါ ကိုယ်တိုင် စားချင်လို့စားခဲ့တာ"
...ထယ်ယောင်းသည် တစ်ဖက်သူဘက်ကပင် ကာဆီးပြောလာလေရဲ့။ ထို့ကြောင့် ဂျောင်ဂုအဖို့တော့ ခပ်ထေ့ထေ့ ပြုံးမိရုံမှ တပါး...။
"အင်း ဒါပေါ့၊ ကိုယ်ရွေးချယ်ခဲ့တဲ့အရာရဲ့အကျိုးဆက်ကို ကိုယ် ကိုယ်တိုင်ပဲ ခံစားရမှာပဲလေ”
"မင်း ဘာကိုပြောချင်တာလဲ"
“ဘာမှမဟုတ်ပါဘူး။ မင်း အိပ်ပျော်အောင်သာ အိပ်လိုက်။ အဲဒါမှ သက်သာသွားမှာ”
ဂျောင်ဂုတစ်ယောက် သူ့စကားဆိုလိုရင်းကို ထယ်ယောင်းနားလည်အောင်လည်း ရှင်းပြမနေလိုတော့သည်မို့ ထယ်ယောင်း နာကျင်မှု သက်သာစေရန် အိပ်ပျော်အောင်သာ အိပ်ခိုင်းလိုက်ပါတော့သည်။
“ငါက မင်းကို အပြင်စာတွေ မစားခိုင်းဘူး၊ အစားအသောက်နဲ့ ပတ်သက်ပြီးလည်း ချုပ်ချယ်တယ်လို့ မင်း အမြဲပြောတယ်နော်။ ငါ ဘာလို့ မင်းကို အဲဒါတွေ မစားခိုင်းတော့တာလဲဆိုတာ မင်း မှတ်မိသေးလား ထယ်”
ဂျောင်ဂုတစ်ယောက် အတိတ်မှအကြောင်းများကိုသတိရသွားသည်မို့ ထယ်ယောင်းရောအမှတ်ရသေးလားဟုမေးမိတော့ ထယ်ယောင်းဆီမှ တုံ့ပြန်မှုပြန်မရခဲ့။ ထို့ကြောင့် ဂျောင်ဂု ကုတင်ပေါ်မှ ထယ်ယောင်းကို ငုံ့ကြည့်မိတော့မှ ထယ်ယောင်းသည် အပြစ်ကင်းစင်သောကလေးငယ်တစ်ဦးပမာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီဖြစ်မှန်း သိတော့၏။ သူကသာ ပြောနေတာ၊ ထယ်ယောင်းကတော့ အိပ်ပျော်သွားခဲ့ပြီပဲ။ သို့သော် အိပ်ပျော်သွားသည်ကတော်ပါသေးသည်လေ။ အနည်းဆုံးတော့ ထယ်ယောင်းတစ်ယောက် ခံစားနေရသော ဝေဒနာဒဏ်မှ လွတ်မြောက်သွားပြီမို့ ဂျောင်ဂု အဆင်ပြေပါသည်။
ဂျောင်ဂုတစ်ယောက် စောင်လွတ်နေသော ထယ်ယောင်းအပေါ်ဘက်နေရာကို ပြန်လွှားခြုံပေးရန်ပြုမိတော့ မြင်လိုက်ရသည့် ထယ်ယောင်းလည်တိုင်ထက်နေရာယူထားသော အညိုရောင်မာဖလာလေး။ သူ့အမြင်သာမမှားဘူးဆိုပါက သေချာပါသည်၊ ယင်းမာဖလာအညိုရောင်မှာ မင်ယွန်းဂီ လက်ဆောင်ပေးခဲ့သည့် မာဖလာဖြစ်နေသည်ကပေါ့။ ထယ်ယောင်းက ထိုမာဖလာကို ယခုထိ မချွတ်ရသေးဘူးပဲ။ ထို့ကြောင့် ဂျောင်ဂု ထယ်ယောင်းလည်ပင်းမှ မာဖလာကို ချွတ်ရန်ပြင်မိတော့ ရုတ်တရက်ဆိုသလို ခေါင်းလေးတစ်ဖက် လှည့်သွားသည့် ထယ်ယောင်းကြောင့် ဂျောင်ဂု သူ့လက်လေးကို ပြန်ရုတ်သိမ်းလိုက်ရင်း…။
ငါကလေ မင်း မကြိုက်တာ ဘာတစ်ခုမှ မလုပ်မှန်း မင်း သိပါတယ် ထယ်။ တကယ်လို့ ဒီမာဖလာကို မင်းက သဘောကျလို့ မချွတ်စေချင်ဘူးဆိုရင်လည်း ငါက အတင်းအကျပ်ဆွဲချွတ်မှာ မဟုတ်ပါဘူး။ အဲဒီအစား မင်းကိုယ်တိုင်ပဲ လိုလိုလားလား ချွတ်လာအောင် ငါက ဖန်တီးမှာပေါ့။ အတိတ်တုန်းကတောင် ငါ့ရဲ့အဆိုးလေးကို ငါ ပြုပြင်နိုင်ခဲ့တာပဲ။ အခုရော ဘာကြောင့် ထပ် မပြုပြင်နိုင်ရမှာလဲ။ မင်းက လူဆိုးလေးပြန်ဖြစ်ပြီး လမ်းမှားထပ်သွားဖို့ပြင်နေရင် ငါက ပြန်တည့်မတ်ပေးမှာပေါ့။ မင်း ငါ့ကို ချစ်နေသေးသရွေ့ ငါ မင်းကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ် ထယ်…
ဂျောင်ဂုတစ်ယောက် အိပ်ပျော်နေသောထယ်ယောင်းကိုကြည့်ရင်း အတွေးများ နှယ်ချဲ့နေတော့လျက်။ ထို့နောက်တွင်တော့ အစက ထယ်ယောင်းပြန်လာလျှင် လက်ဆောင်ပေးမည်ဟု ကြံရွယ်ထားခဲ့သော လက်ဆောင်ဗူးအဖြူလေးအား ဘောင်းဘီအိတ်ကပ်ထဲ မှဆွဲထုတ်လိုက်ရင်း ရင်ထဲ၌လည်း စို့နင့်လာရသလို။ တကယ်က သူ ထယ်ယောင်းကို ရိုမန့်တစ်ဆန်ဆန် လက်ဆောင် ပေးလိုခဲ့ခြင်းပါ။ သို့သော် ယခုတော့ မမျှော်လင့်ထားသည့်အခြေအနေကြောင့် စီစဉ်ထားသမျှအားလုံးသည် သဲထဲရေသွန်။ မည်သို့ပင်ဆိုပါစေ။ လက်ဆောင်လေးအား ပိုင်ရှင်ထံကိုပေးရမည်မို့ ဂျောင်ဂုတစ်ယောက် အဖြူရောင် box လေးထဲမှ ငွေရောင် anklet လေးအား ထုတ်လိုက်ပြီး ထယ်ယောင်း၏ဘယ်ဘက် ခြေကျင်းဝတ်လေးထက် ကိုယ်တိုင် ဝတ်ပေးလိုက် ပါတော့လျက်။
ငါ့အချစ်တွေနဲ့ မင်းကို အမြဲချည်နှောင်ထားမှာ ထယ်။ မင်းထွက်သွားချင်ရင်တောင် ငါ ဘယ်တော့မှ ထွက်သွာခွင့်ပေးမှာ မဟုတ်ဘူး။ တစ်ခါက မင်းကို ဖိနပ်လက်ဆောင်ပေးမိလို့ မင်းထွက်ပြေးမယ်ဆိုတောင် ဟောဒီ anklet လေးနဲ့ မင်းရဲ့ ခြေ ထောက်တွေကို ဘယ်ကိုမှရွေ့လို့မရအောင် ဖမ်းချုပ်ထားမှာ ထယ်။ ငါကိုယ်တိုင် ဒီ anklet လေးကို မချွတ်ပေးမချင်း ငါ့ရဲ့ အဆိုးလေးက ဘယ်ကိုမှထွက်ပြေးလို့ မရစေရဘူး…
အစပ်များ အလွန်အကျွံစားမိ၍ ဗိုက်နာနေသောကောင်လေးထံတွင် သူ့ကို စောင့်ရှောက်ပေးမည့် ကိုယ်ပိုင်ဒေါက်တာလေး ရှိနေသော်လည်း တစ်ဖက်တွင်မူ alcohol နှင့် ဓာတ်မတည့်၍ allergy ဖြစ်နေသော ကောင်လေးမှာတော့ ဝေဒနာကို တစ်ကိုယ်တည်း အံတုလျက်သာ…။
_ Pain is the price of love တဲ့။ ကျွန်တော်တို့အားလုံးက သော့ခတ်သိမ်းဆည်းထားတဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတံခါးကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် အချစ်နဲ့အတူ ပထမဆုံးဝင်ရောက်လာတဲ့ဧည့်သည်က နာကျင်မှုပါပဲ။ အချစ်ဆိုတဲ့ဧည့်သည်က ကျွန်တော်တို့နှလုံးသားထဲက ထွက်သွားတာတောင် နောက်ဆုံးချိန်ထိ ကျွန်တော်တို့နှလုံးသားထဲက ထွက်မသွားဘဲ သစ္စာရှိရှိကပ်တွယ်ပေးနေတဲ့ဧည့်သည်ကလည်း အဲဒီနာကျင်မှုပါပဲ။ ဒါပေမယ့် နာကျင်မယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်တို့ရဲ့ နှလုံးသားက အချစ်တစ်ခုတည်းကိုပဲသိတဲ့ အရူးမို့လို့… _
.
.
.
ဂျောင်ဂုတစ်ယောက် တစ်ညလုံး ထယ်ယောင်းကို စောင့်ကြည့်နေရသည်မို့ ကောင်းစွာအိပ်မပျော်ခဲ့။ မနက်ရောက်ပြန်တော့လည်း ဆေးရုံသွားရမည်က တစ်ကြောင်း၊ ထယ်ယောင်း နိုးလာလျှင် စားစရာအဆင်သင့်ဖြစ်အောင် ထပြင်ဆင်ရမည်ကလည်း တစ်ကြောင်းဖြစ်သည့်အတွက် အိပ်နေချိန်မရခဲ့။ ထို့ကြောင့် စောစောစီးစီး ထလာပြီး ထယ်ယောင်းအတွက် ဆန်ပြုတ်ပြင်ဆင်ပေးပြီးသည့်နောက် သူ့ laptop သူဖွင့်ကာ အချစ်နှင့်ပတ်သတ်သည့်စာစုတိုလေးများ ရေးနေလိုက်ပါတော့၏။ စာစုတို၊ ဝတ္ထုတိုလေးများ ရေးရသည်ကလည်း ဂျောင်ဂု သဘောကျရသည့် နောက်ထပ်ဝါသနာတစ်ခုပေမို့။ ဆရာဝန်လေး ဂျွန်ဂျောင်ဂု၏ နောက်ကွယ်မှ အများမသိသည့်အလုပ်တစ်ခုအား ညွှန်ပြပါဆိုလျှင် "JK" အမည်ရှိသူ ကောင်လေး၏ အွန် လိုင်းပေါ်မှ စာတို့ကိုသာ ညွှန်ပြမိမှာပင်။
ဂျောင်ဂု သူ့ဟာသူ Laptopထဲ ခေါင်းစိုက်နေခိုက် ထယ်ယောင်းက သူ့ရှေ့ရောက်လာသည်မို့ အမြန် လက်စသတ်ကာ ထယ်ယောင်းကို ကြည့်မိတော့ ချစ်ရသူလေးက suit အပြည့်ဖြင့် အပြင်သွားရန် အသင့်ဖြစ်နေသော အနေအထား။ ဖြစ်နိုင်သည်က ဂျောင်ဂု အလုပ်ရှုပ်နေစဉ် အားလုံးပြင်ဆင်ခဲ့သည့်ဟန်။ ထယ်ယောင်းအနေအထားအား ဂျောင်ဂု သေချာကြည့်မိတော့ ညကနှင့်မတူတော့၊ အတော် လန်းလန်းဆန်းဆန်း ဖြစ်သွားပုံပေါ်သော ထယ်ယောင်းရယ်ပါ။ ထို့ကြောင့် ဂျောင်ဂု စိတ်သက်သာရာရသွားသော်လည်း ထယ်ယောင်းကို အပြင်တော့မသွားစေချင်သေးသည်မို့...
"ထယ် သက်သာရဲ့လား။ ပြခန်းကိုသွားဖို့က..."
...မသွားပါနှင့်ဟုလည်း ဂျောင်ဂု မတားလိုသည့်အတွက် ဆက်ပြောစရာ စကားလုံးရှာမရဘဲ ကိုယ့်နှုတ်ခမ်းကိုသာ ကိုက်နေမိတော့သည်။ သူ့ဘက်ကမသွားစေလိုသည်ကို ထယ်ယောင်းတစ်ယောက် သိပါစေလေ။
"သက်သာပါတယ်။ အဲဒါကြောင့် သွားမလို့ လုပ်နေတာလေ"
အင်း။ ဤတစ်ခါတွင်လည်း ဂျောင်ဂု၏ ရင်ထဲမှတောင်းဆိုသံကို ထယ်ယောင်း မကြားခဲ့ပါလေ။ ထို့ကြောင့် သူ့ဘက်က ထုတ်ပြောရန်မှတပါး...
"တစ်ရက်လောက် နား..."
"မရဘူး ဂျွန်၊ ငါ ဒီထက်ပိုပြီး နားနေလို့ မဖြစ်တော့ဘူး"
ဂျောင်ဂုက တစ်ရက်လောက် နားစေချင်သော်ငြား ထယ်ယောင်းဘက်က အဆင်မပြေပုံပေါ်ပါသည်။ ထယ်ယောင်းနေရာမှ ဝင်ကြည့်ပြန်လျှင်လည်း သူ နားနေခဲ့သည်မှာအတော်ကြာခဲ့ပြီလေ။ ထို့ကြောင့် ဂျောင်ဂု စကားကို နားမထောင်နိုင်ခြင်းမျိုးသာဖြစ်မည်ထင်ပါ၏။
"ဒါဆိုလည်း သွားလေ၊ ငါ မင်းအတွက် ဆန်ပြုတ်ပြင်ထားတာတော့ စားသွားနော်"
ထယ်ယောင်းဘက်က သွားပါမည်ဟု ပြတ်သားစွာဆိုလာသည့်အတွက် ဂျောင်ဂုဘက်ကလည်း ထပ်မံ တားဆီးမနေတော့။ အမှန်အတိုင်းပြောရလျှင် ထယ်ယောင်း နေပြန်ကောင်းလာခဲ့ပြီမလား။ ထို့ကြောင့် သူ့ဘက်က စိုးရိမ်စိတ်များကို တဖြည်းဖြည်းချင်း လျှော့ချပေးသင့်ချိန် ရောက်လာပြီထင်၏။ သို့ဖြစ်၍ ဂျောင်ဂု ဘာမှဆက်မပြောမတော့ဘဲ ထယ်ယောင်း လက်လေးဆွဲကာ မနက်အစောကြီးထဲက သူကိုယ်တိုင်ဈေးသွားပြီး လတ်လတ်ဆတ်ဆတ်ပြုတ်ထားသော ခရုဆန်ပြုတ်အား စားသွားရန် ခေါ်မိတော့...
"မစားတော့ဘူး ဂျွန်၊ ငါ လုပ်စရာလေးတွေ ရှိနေသေးလို့..."
...ဂျောင်ဂု၏လက်အား ဖြုတ်ချသွားကာ သူ့တွင် အချိန်မရှိတော့ကြောင်းပြောလာသူ ထယ်ယောင်း။ ထို့နောက် တစ်ဆက်တည်းပင် အပြင်ထွက်ရန် တံခါးသို့ ဦးတည်လျှောက်သွားလေသောသူ။ ဂျောင်ဂုတစ်ယောက် ထယ်ယောင်း သူ့အား ကျောပေးရင်း ဖိနပ်စီးနေစဉ် ရှိနေသောအချိန်လေးကို အခွင့်အရေးယူကာ...
"မင်း ငါ့ကို စိတ်ဆိုးနေသေးတာလား ထယ်"
...ဂျောင်ဂုတစ်ယောက် မနေ့ညကဖြစ်ခဲ့ကြသည့် ရန်ပွဲမမည်သည့်ကတောက်ကဆဖြစ်မှုနှင့်ပတ်သတ်၍ ထယ်ယောင်း၏ စိတ်အခြေအနေကို မေးမိပါ၏။ ထိုအခါ ထယ်ယောင်းက သူစီးလက်စဖိနပ်လေးကို ခဏရပ်တန့်လိုက်ရင်း တွေဝေသယောင် ဖြစ်သွားခဲ့သော်လည်း အဆုံးတွင်တော့ ဂျောင်ဂုကို မည်သည့်စကား၊ အဖြေတစ်စုံတစ်ရာမှ မပေးဘဲ ထွက်သွားခဲ့ပါတော့သည်။ ထို့ကြောင့် ဂျောင်ဂုကသာ အတွေးပေါင်းစုံဖြင့် ကျန်ရစ်ခဲ့ရတော့၏။ ထယ်ယောင်းက သူ့ကို စိတ်ဆိုးနေသေးသည်လား ဂျောင်ဂု တကယ် မသိတော့။ ယခင်ကသာဆိုလျှင် ယခုလို အခြေအနေမျိုး ဖြစ်စရာအကြောင်းမရှိ။ ဆေးရုံမှဆင်းလာ တည်းက ထယ်ယောင်းက စိတ်ဆတ်တတ်လာသည့်ဟန်ပါပင်။ မထင်မှတ်ထားခဲ့သည့်အခြေအနေကြောင့် ပျက်ကွက်ခဲ့မိသည်က အပြစ်သိပ်ကြီးသွားခြင်း မဟုတ်ပါသော်လည်း တစတစတောက်လောင်လာခဲ့သည့်မီးတောက်နှယ် အရင်ကအချိန် မပေးနိုင်မှုတို့ကိုပါ ပေါင်းပြီးခံစားသွားရပုံ။ မည်သို့ပင်ဆိုပါစေ၊ ထယ်ယောင်း မကြိုက်ဘူးဆိုပါက ဂျောင်ဂုဘက်က ပြောင်းလဲပေးရန် အမြဲအသင့်ရှိသည်ကိုသိလျက်နှင့် ဘာကြောင့်များ ယခုမှ...။
ဂျောင်ဂုတစ်ယောက် အတွေးပေါင်းစုံတွေးရင်း ထယ်ယောင်းအတွက် ပြင်ဆင်ထားခဲ့သည့် ဆန်ပြုတ်ပန်းကန်လေးအား ထိုင်ကြည့်နေမိ၏။ သူသည်လည်း အထီးကျန်နေသလို စားသုံးသူမဲ့နေသော ဆန်ပြုတ်ပန်းကန်လေးမှာလည်း အထီးကျန်နေမည် ထင်ပါသည်လေ။
ထိုစဉ်...
"ထယ်..."
...ဂျောင်ဂုတစ်ယောက်တည်း ထမင်းစားပွဲတွင် အတွေးပေါင်းစုံဖြင့်တွေဝေနေခိုက် ရုတ်တရက် စားပွဲခုံရှေ့၌ မတ်တပ်ရပ်နေ သူကိုမြင်လိုက်ရသည်မို့ ဂျောင်ဂုတစ်ယောက် မျက်ဝန်းအိမ်ပြူးကျယ်လာရင်း ချစ်ရသူလေးအမည်အား တိုးညင်းစွာ ရေရွတ်လိုက်မိတော့လျက်။
"မေ့ကျန်ခဲ့တာရှိလို့ ပြန်လာယူတာ"
ဂျောင်ဂုဘက်က အံ့ဩစွာ စိုက်ကြည့်နေသည်မို့ ထယ်ယောင်းတစ်ယောက် သူ ပြန်လာရင်းကိစ္စကို ပြောပြလာတော့၏။ ဆိုလိုတာက သူ မေ့ခဲ့တာရှိ၍ ပြန်လာယူခြင်းပဲပေါ့။ ထို့ကြောင့် ဂျောင်ဂု ဘာမှဆက်မတွေးတော့သော်လည်း သူ့ကို ထပ်မံ အံအားသင့်စေသူက ထယ်ယောင်းသာ။
"ဘာကြည့်နေတာလဲ။ ဆန်ပြုတ်က ငါ့အတွက် ပြုတ်ထားတာဆို..."
မေ့ကျန်ခဲ့သည်ကို ပြန်လာယူခြင်းသာဟု ပြောခဲ့သူသည် ယခုတော့ ဂျောင်ဂုနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း သူ့ ရှေ့မှ ဆန်ပြုန်ခွက်ကို မျက်စပစ် ပြောလာတာမို့ ဂျောင်ဂု ကြောင်အမ်းသွားရတော့သည်။ နေပါဦး၊ ယခု ထယ်ယောင်းက ဆန်ပြုတ် စားမည်ဟုဆိုလာခြင်းမဟုတ်လား။
"အာ ဟုတ်သား၊ ခဏလေး၊ ငါ အသစ်ပြန်လဲပေးမယ်။ ဒါက အေးနေလောက်ပြီ"
ထယ်ယောင်း၏ ထင်မှတ်မထားသော အပြုအမူကြောင့် ဂျောင်ဂု ခဏတာ ကြောင်စီနေမိရာမှ အမြန် သတိပြန်ကပ်လိုက်ရပါတော့သည်။ အယောင်အမှားမှားဖြစ်နေသောလက်အစုံကလည်း ထယ်ယောင်းအဖို့ နောက်ထပ် ပူပူနွေးနွေး ဆန်ပြုတ်တစ်ခွက်ကို ထပ်ပြင်ဆင်ပေးရင်းနှင့်ပေါ့။ ဂျောင်ဂုဘက်ကတော့ ယခုချိန်ထိ ထယ်ယောင်းနှင့် ပတ်သက်လာလျှင် အရာရာသည် လွန်ခဲ့သည့်သုံးနှစ်ကအတိုင်း ထိရှလွယ်နေဆဲ။
ယခု၌လည်း သူပြင်ဆင်ပေးသည့် ဆန်ပြုတ်ကို ခေါင်းမဖော်တမ်း စားနေသော ထယ်ယောင်းကြောင့် ဂျောင်ဂုစိတ်ထဲ ကြည်နူးမှုက အပြည့်။ ထို့ကြောင့် သူ့မျက်စိရှေ့မှ လူသားလေးအား မျက်တောင် တစ်ချက်မခတ်ပဲ စိုက်ကြည့်နေမိပါတော့လျက်။
"ငါ့ မျက်နှာကြီးလည်း ပေါက်ထွက်သွားတော့မှာပဲ။ ဘာလို့ အဲလောက်တောင်ကြည့်နေရတာလဲ"
ဂျောင်ဂုဘက်က စိုက်ကြည့်နေလွန်း၍ ထင်ပါ၏။ ထယ်ယောင်းတစ်ယောက် ခေါင်းငုံ့ထားလျက်ပင် ဂျောင်ဂုအား ပြောလာတော့မှ ဂျောင်ဂုမှာ သူ့လည်ပင်းသူ အရှက်ပြေလေး ပွတ်သပ်ရင်း ပြုံးလိုက်တော့လျက်။ တကယ်ပဲ ဂျောင်ဂုဘက်က စားသောက်နေသူကို အနေခက်သွားစေသည်အထိ ကြည့်နေခဲ့မိသည်ထင်ပါရဲ့။
“မင်း ငါ့ကို စိတ်ဆိုးနေသေးလား ထယ်"
ဂျောင်ဂု စိုက်ကြည့်နေရသည့် အကြောင်းအရင်းတို့ထဲတွင် ထယ်ယောင်းက သူ့အပေါ် စိတ်ဆိုးနေသေးလားဟူသည့်အချက်ကိုလည်း အဖြေရှာချင်ခဲ့၍ပါ။ သို့သော် ထယ်ယောင်းကို တိုက်ရိုက်မေးကြည့်သည်ကသာ ပိုတိတိကျကျသိရမည်မလား။ ထို့ကြောင့် ဂျောင်ဂု မဝံ့မရဲဖြင့် မေးလိုက်မိခြင်း။ ထိုအခါ ထယ်ယောင်းက..
"ဘယ်လိုထင်လို့လဲ"
...ဆန်ပြုတ် ငုံ့စားမနေတော့ဘဲ စားလက်စဇွန်းကို ပန်းကန်ဘေးတွင်ချလိုက်ရင်း မျက်ခုံးလေးပင့်ကာ ဂျောင်ဂုကို မေးခွန်း ပြန်ထုတ်လာလေရဲ့။
"ငါပြုတ်ပေးတဲ့ ဆန်ပြုတ်ကို လာစားတယ်ဆိုတော့ စိတ်ဆိုးပြေသွားပြီဟုတ်"
ဤတစ်ခေါက်တွင်တော့ ထယ်ယောင်း၏တန်ပြန်မေးခွန်းအား ဂျောင်ဂု လူလည်ကြီးသားပီသစွာပင် ကိုယ့်ဘက်ကိုယ်ယက် ပြန်ဖြေမိတော့...
"ဗိုက်ဆာလို့လာစားတာလည်း ဖြစ်နိုင်တာပဲ"
...ထယ်ယောင်းဘက်က “စိတ်မဆိုးတော့ပါ” ဟူသောစကားအစား အခြားစကားတစ်မျိုးသာ ဆိုလာ၏။ သို့သော် ဂျောင်ဂု ကျေနပ်ပါသည်။ အကြောင်းကား ထိုအခိုက်တွင် ထယ်ယောင်းက သူ့ကို ပြုံးပြလာခဲ့သည်မဟုတ်လား။ ထို့ကြောင့် သူတို့ နှစ်ယောက်သား၏ အခြေအနေမှာ မနေ့ကလောက် တင်းမာမနေတော့။ ဤသည်ကပင် အကောင်းဘက်ကို ဦးတည်နေပြီလေ။
"ဘာပဲဖြစ်ဖြစ်ရတယ်။ အဓိကက မင်းဗိုက်ထဲ အစာအချိန်မှန် ဝင်သွားရင် ရပြီ"
အကြောင်းအရင်းက ဘာ့ကြောင့်ပင်ဖြစ်ပါစေလေ။ အနည်းဆုံးတော့ ထယ်ယောင်းဗိုက်ထဲသို့ အစာဝင်သွားရန် ဂျောင်ဂုအတွက် ပိုအရေးကြီးသည်မလား။ ထို့ပြင် ထယ်ယောင်းက သူ့ထံ ပြန်လှည့်လာခဲ့ပါသေးသည်။ ဤသည်ကပင် သူ့အတွက် လုံလောက်နေခဲ့ပြီမို့ တဖြည်းဖြည်းချင်း စိတ်ကောက်ပြေအောင် ဂျောင်ဂု ကြိုးစားပါမည်လေ။
ဤလိုနှင့်သာ သူတို့နှစ်ဦးသား၏မနက်ခင်းလေးကို ကုန်ဆုံးစေခဲ့ပြီးသည့်နောက် အလုပ်ခွင်သို့ အသီးသီးဝင်ရောက်ခဲ့လျက်။
.
.
.
ဗြန်း...
ထယ်ယောင်းတစ်ယောက် သူ့ပြခန်းအတွင်းမှ ထွက်လာလိုက်ကာ ရှေ့မကြည့်၊ ဘေးမကြည့်ဖြင့် ရေတစ်ဝက်နီးပါးပါသော ရေပုံးထဲမှ ရေများအား လမ်းမပေါ်သို့ ပက်ဖြန်းလိုက်စဉ် အမှတ်မထင် လူတစ်ယောက်ကို မှားယွင်းစွာ ပက်မိရာမှ ထွက်ပေါ် လာသော အသံရယ်ပါလေ။
"ဟေး မင်းဘယ်လိုလုပ်လိုက်..."
"တောင်းပန်ပါတယ်၊ မတော်တဆ..."
တစ်ဖက်ကရေစိုသွားသူကလည်း ဒေါသတကြီး ထယ်ယောင်း အင်္ကျီကော်လံစအား ကောက်ဆွဲလိုက်သလို ထယ်ယောင်းက လည်း သူ့အမှားဖြစ်သည်မို့ မျက်လွှာလေးချကာတောင်းပန်စဉ် မထင်မှတ်ဘဲ သူတို့နှစ်ဦးအကြည့်စုံချင်းသွားခိုက်..
"ထယ်..."
"ဟျောင်း..."
...နှစ်ယောက်လုံးထံမှ ထွက်လာခဲ့သည့် သံပြိုင်ကအတော်လေးကျယ်သွားခဲ့တော့၏။ တကယ်တော့ ထယ်ယောင်း မတော်တဆ ရေဖြန်းပေးလိုက်မိသူဒေါသအိုးက ယွန်းဂီဖြစ်နေခဲ့သည်ပဲ။
"ဆောရီး...နာသွားသေးလား"
သူ့ဟာသူ အေးအေးဆေးဆေးလျှောက်လာစဉ် ရေအပက်ခံလိုက်ရသည်မို့ ဒေါသထောင်းကနဲ ထွက်သွားကာ တစ်ဖက်သူ ကော်လံစကို အားနှင့်ဆောင့်ဆွဲလိုက်သော်လည်း တစ်ဖက်သူသည် ထယ်ယောင်းဖြစ်နေမှန်းသိတော့ ချက်ချင်း ပြန်လွှတ် ပေးလိုက်ကာ နာကျင်သွားမည်ကိုပင် စိတ်ပူပေးနေသော အပြောင်းအလဲမြန်သူကြီး မင်ယွန်းဂီပါလေ။
"အေးဆေးပါ၊ နောက်ပြီး ကျွန်တော့်ဘက်က အရင် စမှားခဲ့တာပဲလေ"
ထယ်ယောင်းတစ်ယောက် သူ့အား အားနာသည့်ဟန်ဆိုလာပါသာ ယွန်းဂီကို သူဘာမှမဖြစ်ကြောင်း အနည်းငယ်တွန့်ကျေသွားသော အင်္ကျီလေးအားပြန်လည်ပြုပြင်လိုက်ရင်း ပြောလာလေရဲ့။ ထို့ပြင် သူ့ဘက်က စမှားသည်မို့ သူကပင် တောင်းပန်ရမှာမဟုတ်ပါလား။ သို့သော် ထယ်ယောင်း ရေဖြင့်ပက်လိုက်မိသူက သူငယ်ချင်းအသစ်လေးဖြစ်နေခဲ့သည်မို့ ပြဿနာက အဆင်ပြေသွားပါပြီ။
"ဒါနဲ့ ဟျောင်းက ဒီနားကို ဘယ်လိုလုပ်..."
"ကိုယ်တို့သူငယ်ချင်းတွေစုပြီး ဒီနားမှာ Studio ဖွင့်ထားတာလေ။ မင်းကရော..."
"ဒါက ကျွန်တော့်ရဲ့ art gallery လေးလေ"
အမှတ်မထင်ထပ်ဆုံမိရာမှတစ်ဆင့် သူတို့ကြားမှ တူညီမှု နောက်တစ်ခုကိုလည်း ထပ်မံတွေ့ခဲ့ပါပြီ။ တူညီသောနေရာတွင် ဖွင့်ထားခဲ့သော လုပ်ငန်းနှစ်ခု။
"ဒါက မင်းရဲ့ပြခန်းလား။ အမြဲ ပိတ်ထားလို့ ဒီတိုင်းမဖွင့်တော့တဲ့နေရာလို့ထင်ခဲ့တာ"
"ဒါဆို ဟျောင်း ဒီနားကို ပြောင်းလာတာ သိပ်မကြာသေးဘူးထင်တယ်။ ကျွန်တော် အရမ်း နေမကောင်းဖြစ်သွားတဲ့ အချိန်ကပဲ ပိတ်ထားခဲ့တာပါ"
"အင်း၊ ဟုတ်လောက်မယ်၊ ကိုယ်တို့ ဒီကိုပြောင်းလာတာ တစ်လကျော်လောက်ပဲ ရှိသေးတာကိုး"
ယွန်းဂီတစ်ယောက် ထိုပြခန်းရှေ့မှ နေ့စဉ်နေ့တိုင်းဖြတ်သွားသော်လည်း ထယ်ယောင်းနှင့်ပတ်သက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့။ ထို့ပြင် သူ ပြောင်းလာစဉ်တည်းက အမြဲပိတ်ထားခဲ့သည်မို့ ပိုင်ရှင်ကိုမသိခဲ့ခြင်းလည်းပါမည်ထင်၏။ အကယ်၍ သူသာ ဤရပ်ကွက်ထဲ စောစီးစွာပြောင်းလာခဲ့လျှင် ထယ်ယောင်းနှင့် ပိုစော၍ ရင်းနှီးခဲ့နိုင်မည်လားဟုလည်း ယွန်းဂီစိတ်ထဲ မရေမရာ တွေးလိုက်မိသေး၏။ သူတို့နှစ်ဦးအား ကံကြမ္မာက တွေ့ဆုံစေချင်သည့်ဟန်ပါပင်။
"ကျွန်တော်တို့နှစ်ယောက်က ရေစက်ပါတာပဲနော်။ မထင်မှတ်ပဲ ခဏခဏဆုံနေကြတာ၊ သူများတွေ ပြောသလိုသာဆို..."
"ဖူးစာပဲလို့လား..."
...ထယ်ယောင်းစကားမဆုံးခင် ယွန်းဂီဘက်က ဖြတ်ပြောလိုက်မိခြင်း။ နောက်မှသာ ယွန်းဂီတစ်ယောက် ပြောလိုက်မိသည့် သူ့ပါးစပ်သူ အပြစ်တင်နေရင်းနှင့်ပေါ့။
ဘာကြောင့်များ မစဉ်းစားမဆင်ခြင်ဘဲ ပါးစပ်က လွှတ်ခနဲ ထွက်သွားရသည်မသိ။ သူ့ပါးစပ်သူပဲ ယွန်းဂီ ပိတ်ရိုက်ချင်နေမိတော့သည်။ တစ်ဖက်က ချစ်သူရှိသည့်ကောင်လေးကို စနောက်ပြီးတောင် သူ မပြောသင့်ဘူးမလား။ ထို့ကြောင့် သူ့အား စိတ်မဆိုးပါစေနှင့်ဟုသာ မျှော်လင့်ရင်း ထယ်ယောင်းအား ကြည့်မိတော့...
"အထဲဝင်ပါဦး၊ ကျွန်တော် ကော်ဖီတိုက်မယ်လေ။ အဝတ်ကိုလည်း အခြောက်ခံလို့ရတာပေါ့"
…ထယ်ယောင်းဘက်က ဘာမှမဖြစ်သလိုပင် ယွန်းဂီအား ပြုံးရယ်ပြရင်း ပြောလာခဲ့ပါလျက်။ သေချာပါ၏။ ထိုကောင်လေးက သူတို့ကြား အနေခက်သွားစေမည့်အခြေအနေကို အပြုံးချိုချိုလေးနှင့် ထိန်းလိုက်သည်ကပေါ့။
"ကိုယ့် studio က ဒီနားလေးမှာပဲဟာ၊ ကိစ္စမရှိပါဘူး"
ထယ်ယောင်းက သူ့အား ဆိုင်ထဲဝင်ကာ ကော်ဖီသောက်ရန်ခေါ်ခြင်းကိုလည်း ယွန်းဂီငြင်းမိ၏။ ဤအတိုင်းလေးသာ ထွက်သွားလိုက်သည်က အကောင်းဆုံးဖြစ်မည်ထင်သည်မို့။
"လာပါ၊ ကျွန်တော် ကော်ဖီပူပူလေး ဖျော်တိုက်မယ်"
ယွန်းဂီတစ်ယောက် ငြင်းနေစဉ်တွင်ပဲ သူ့လက်ကို အတင်းဆွဲကာ ပြခန်းထဲ ခေါ်သွင်းသွားသော ထယ်ယောင်းကြောင့် မတတ်သာတော့ဘဲ ကြောင်လေးတစ်ကောင်ပမာ တရွတ်တိုက်လေး ပါသွားတော့လျက်။
.
."လက်ရာ ကောင်းပါ့မလားမသိပေမယ့် သေချာတော့ ဖျော်လာခဲ့တယ်"
ပြခန်းထဲတွင်ရောက်နေတုန်း နံရံတွင်ချိတ်ဆွဲထားသော ပန်းချီကားများကို ယွန်းဂီ သေချာလိုက်ကြည့်နေခိုက် သူ့အတွက် ကော်ဖီလာချပေးသူကြောင့် စားပွဲ၌ ဝင်ထိုင်လိုက်ကာ...
"ကျေးဇူး…"
...ကော်ဖီတစ်ငုံမော့သောက်လိုက်ရင်း ကျေးဇူးတင်စကားပြောလိုက်ပါသည်လေ။ ထို့နောက် တစ်ဆက်တည်းပင်…
"ဒါနဲ့ ဒီပုံတွေအားလုံးက မင်းတစ်ယောက်တည်း ဆွဲထားတာလား။ တော်တော်လှတာပဲ"
...ပန်းချီကားများကိုငေးကြည့်ရင်း သူသိချင်သည့် မေးခွန်းကို မေးမိတော့...
"လှတယ်လို့ ပြောပေးလို့ ကျေးဇူးပါ။ ဒါပေမယ့် ဒါတွေအကုန်လုံးက ကျွန်တော့်ရဲ့လက်ရာတွေချည်းပဲ မဟုတ်ဘူး။ မင်ဂျီရဲ့ ပန်းချီကားတွေလည်းပါတယ်"
"ဒေါက်တာချွဲမင်ဂျီကို ပြောတာလား"
"မထင်ထားဘူးမလား၊ ဟုတ်တယ် သူပါ"
ထယ်ယောင်းထံမှအဖြေက ယွန်းဂီအား တကယ် အံအားသင့်စေ၏။ သူ(မ)တွင်လည်း ယခုလိုမျိုး နူးနူးညံ့ညံ့ side မျိုးရှိနေခဲ့သည်ပဲ။ အမြဲတမ်း ပြုံးရယ်ပျော်ရွှင်နေပြီး အပူပင်မရှိသူတစ်ဦးနှယ် ရှင်သန်နေခဲ့ပါသော သူ(မ)၏ပန်းချီကားတို့တွင် ဆွတ်ပျံ့လွမ်းဆွေးဖွယ် vibe မျိုးရနေသည်ကလည်း ယွန်းဂီအတွက်တော့ အံဩစရာပင်။
ဤလိုနှင့် ပြခန်းတွင်းမှ ပုံများကို လိုက်ကြည့်နေလိုက်ရင်း ခဏကြာမှသာ ယွန်းဂီပြန်ဖို့ ပြင်လိုက်တော့၏။ ထိုအခါ ထယ်ယောင်းကလည်း ယွန်းဂီကို အပြင်ထိ လိုက်ပို့ပေးပါသည်။ သို့သော်...
"နောက်တစ်ခါကျရင် အစ်ကို့ရဲ့ studio ကို ကျွန်တော် လာလည်လို့ရမလား"
"မင်းလာချင်ရင် ကိုယ့်ဘက်က အမြဲတမ်း တံခါးဖွင့်ထားပေးပါ့မယ်"
...နှုတ်ဆက်စကားတို့အစား ဖိတ်ခေါ်မှုတစ်ခု၏အစဖြင့်သာ သူတို့လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြပါ၏။
.
.
.
ယွန်းဂီပြန်သွားပြီးနောက်တော့ ထယ်ယောင်းတစ်ယောက် သူ့ပြခန်းအတွင်းမှ ရှင်းစရာရှိသည်များကို ဆက်ရှင်းလိုက်ပါတော့သည်။ ကြားထဲ နားခဲ့တာကြာခဲ့၍ ထင်ပါ၏။ အားလုံးက အစီအစဉ် မကျနိုင်ဘဲ ပြန့်ကျဲနေဆဲပင်။ ထို့ကြောင့် တဖြည်းဖြည်းချင်း ရှင်းလင်းနေရတော့လျက်။
ရှင်းရင်းရှင်းရင်းနှင့်ပင် ထယ်ယောင်း နောက်ဆုံးရှင်းရန် ကျန်သေးသည့်နေရာကို ရောက်လာခဲ့တော့၏။ ထိုနေရာကား မင်ဂျီ၏ ကိုယ်ပိုင်နေရာငယ်လေးသာ။ အစတည်းက ပြခန်းကို သူနှင့်မင်ဂျီတို့နှစ်ဦး အတူမျှသုံးကြခြင်းမလား။ ထယ်ယောင်းအတွက်က အိပ်မက်၊ မင်ဂျီအတွက်က ဝါသနာဖြစ်သည်မို့ သူတို့နှစ်ယောက်အတူ ပြခန်းအား စပ်တူလုပ်ခဲ့ခြင်းပါလေ။ သို့သော် ယခုတော့ ထယ်ယောင်း တစ်ယောက်သာရှိတော့ပြီး သူ(မ)က မရှိတော့။ သို့သော် မင်ဂျီပစ္စည်းများကို သူ ထိသင့်သည်လား၊ ဤအတိုင်းသာ ဆက်ထားသင့်သည်လားကိုတော့ ထယ်ယောင်း မတွေးတတ်တော့။ ထို့ကြောင့်လည်း အချိန်အတန်ကြာ တွေဝေနေမိတော့၏။
ဤလိုနှင့် နောက်ဆုံး ထယ်ယောင်း ဆုံးဖြတ်ချက်ချခဲ့သည်က မင်ဂျီ့ပစ္စည်းများကို မထိရန်သာ။ ထို့ကြောင့် ပိတ်ဖြူဖုံးအုပ်ထားသော canvas ပေါ် ရေးဆွဲထားသောပုံကို ထယ်ယောင်း သိလိုသော်ငြား ဤအတိုင်းပဲ ထာဝရဖုံးအုပ်ထားရန်သာ ရွေးချယ်လိုက်ပါတော့၏။
ဝုန်း...
ထယ်ယောင်း ထိုနေရာမှ ပြန်ထွက်သွားတော့မည်အပြု ရုတ်တရက် တိုက်ခတ်လာသော လေပြင်းပြင်းကြောင့် ဘေးမှ ပန်းချီကားတစ်ချပ် လဲကျသွားခဲ့သလို canvas ပေါ်ဖုံးအုပ်ထားခဲ့သည့် အဖြူရောင်ပိတ်စလေးသည်လည်း လွင့်လာကာ သူ့မျက်နှာထက် ဖုံးအုပ်သွားခဲ့ပါတော့လျက်။ ထို့ကြောင့် ထယ်ယောင်းတစ်ယောက် သူ့မျက်နှာပေါ်မှ ပိတ်ဖြူစလေးအားဖယ်လိုက်ပြီး canvas ဆီသို့ သူ၏အကြည့်ရောက်ခဲ့သွားသည်ဆိုလျှင်ပဲ နှုတ်ဖျားမှတိုးညှင်းစွာထွက်လာသည်ကား...
"ယွန်းဂီဟျောင်း..."
...ယွန်းဂီ၏အမည်နာမကိုပါပင်။ ဟုတ်ပါသည်။ မင်ဂျီက ယွန်းဂီ၏ပုံတူကိုရေးဆွဲထားခဲ့ခြင်းပဲ။ Canvas ကျယ်ကြီးထက်တွင် အသက်ဝင်အောင် ရေးဆွဲထားသည့် မင်ဂျီ၏အနုပညာလက်ရာကိုတော့ ထယ်ယောင်း မချီးကျုးဘဲ မနေနိုင်ပါလေ။
ထယ်ယောင်းတစ်ယောက် ပန်းချီကားရှိရာဆီသို့ တလှမ်းချင်း လှမ်းလျှောက်သွားပြီးနောက် ပန်းချီကားပေါ် သူ့လက်ဖြင့် အသာထိတွေ့မိ၏။ မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်း၊ အရာအားလုံးကို အသေးစိတ်ဆွဲထားခဲ့သည်ပဲ။ ပန်းချီကားကို သေချာ အသေးစိတ် စိုက်ကြည့်မိလေ၊ သူ့စိတ်ထဲ ဝမ်းနည်းမိလာလေ ဖြစ်နေရခြင်းက ဘာကြောင့်လဲ ထယ်ယောင်း မသိတော့ပါပေ။
ပုံလေးတစ်ပုံကို ကြည့်နေရင်း ဘာကြောင့်များ ထယ်ယောင်း နှလုံးသားက စူးနင့်စွာ နာကျင်လာရသည်လဲ။ ထို့ပြင် သူ့ပါးပြင်ကရော ဘာကြောင့်များ ပူပူနွေးနွေးအရည်ကြည်တို့ဖြင့် စိုစွတ်လာရသည်လဲ။ သူမှ မငိုတာပဲ။ ဟုတ်ပါသည်။ သူ မငိုခဲ့ပါ။ သို့သော် သူ့ပါးပြင်တွင်တော့ မျက်ရည်စီးကြောင်းတို့က နေရာယူနေခဲ့ပါလျက်။ဆက်ရန်>>>

KAMU SEDANG MEMBACA
Unexpected Guest (Complete)
Fiksi PenggemarThis is a tragic love story woven with themes of passion, betrayal, sacrifice, and vengeance, entangling two lovers and two best friends. Can true love endure the tests of hatred and deceit, or does it fade too easily when challenged? To uncover the...