•Seven• The Seal

491 69 38
                                    


ဓားသွားတို့ဟာ စေလိုရာကို လေဆန်၍ ကခုန်၏။
ကမီလီယာတို့ဟာ ငိုကြွေးခြင်းတို့နောက် ပွင့်ဝေချေသည်။

- War Of Heart -

ဆောင်းနှင်းစက်တို့အမြဲသွယ်သော မနက်ခင်းလေပြေဟာ အေးငွေ့ငွေ့ရှိ၏။ နေရောင်ခြည်ပါးဟာ ခပ်စစသမ်းသည်။ လူးလဲ့ခြင်းမရှိ ပကတိတည်ငြိမ်ခြင်းတို့နှင့် ပြည့်ဝကာ မနက်ခင်းငယ်တစ်ခု အစပြုလာခဲ့၏။

နှင်းငွေ့တို့ရိုက်သည်လား မနက်ခင်းနိုးစဖြစ်သည်၍လားမသိ။ သူ၏ မျက်လုံးတို့ဟာ ဝေဝေဝါးဝါးခံစားရသည်။ အသက်ကိုခပ်ဝဝရှိုက်ရှုလိုက်ရင်းသာ ဒီနေ့အတွက် သူ့ကိုယ်သူ ပြင်ဆင်လိုက်မိရ၏။ နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ သူတို့ဘာသာဖြေရှင်းကြမည်မှမဟုတ်လေ။

နန်းတော်အပြင်က Castella ပြည်ဟာ နွေးထွေးရိပ်တွေ ထုံမွှမ်းတတ်မြဲဖြစ်သည်။ နေရောင် ပပထိုးသည့်နှင့် ပြည်သူပြည်သားတိုင်းဟာ ဦးတည်ချက်ကိုယ်စီ ကိုယ်စီ။ ငြိမ်းချမ်းခြင်းတို့ရဲ့ အငွေ့အသက်ဟာ အုံ့မှိုင်း၏။ တစ်စတစ်စဆူညံလာသည့် ဈေးဆိုင်တန်းတွေဟာ နေ့တစ်နေ့အတွက် ပထမဆုံး အသက်ဝင်ချိန်ဖြစ်လေသည်။

နှင်းမြေထုတို့ ဖုံးလွှမ်းသည်ဖြစ်လင့်ကစား Castellaရဲ့ မြေဟာ သီးစားပင်တို့ သူမတူအောင် ဖွံ့ဖြိုးကြ၏။ အနံ့အရသာစုံလင်လှသော သစ်သီးမျိုးစုံဟာ ပွင့်ပန်းတို့နှင့်ပင် နှစ်လိုဖွယ်ကောင်းခြင်းတို့ ယှဉ်ပြိုင်တည်၏။ နတ်ဘုရားတို့ ကောင်းချီးပေးသည့် ထိုမြေဟာ ပန်းပွင့်ရိုင်းတို့ပင် လှပခြင်း ကြီးစိုးကြသည်။ ရောင်စုံ ပွင့်ဖတ်နွယ်တို့ဟာ Castella၏ သမီးပျိုများ မြတ်နိုးရာတစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိ၏။

သားကောင်ပစ်သူတွေဟာ တောနက်ထဲသို့ ခြေလှမ်းပြင်စပြု၏။ လက်နက်ကုန်သည်တို့၏ သတ္ထုပြား ထုရိုက်သံတို့ဟာ တချွင်ချွင်။ ရောင်းသူဝယ်သူ စကားဆုံကြသည့် ဈေးဆိုင်လမ်းဟာ သူ့အတွက်တော့ မရိုးနိုင်လှသည့် အေးချမ်းခြင်းနေရာတစ်ခု ဖြစ်ချေလိမ့်မည်။

" ဒီနေ့စောလှချည်လား Taehyun၊ ငါဖြင့် ဆိုင်ခင်းတုန်း ကွ "

သစ်ညိုဆေးတို့ သုတ်ထားသည့် ဆိုင်ခန်းတံခါးကို ဖွင့်ကာ အမျိုးစုံရှိလှသည် ဆေးမြစ်ဆေးပင်တို့ကို စီရရီချရင်း ဆိုင်ပိုင်ရှင် ဦးလေးကြီးက သူ့အား နှုတ်ဆက်လာ၏။ Taehyun လည်ပင်းက မျက်နှာအပြည့်ဖုံးလုနီးပါး မာဖလာကို လျော့လျော့ရဲရဲချလိုက်ကာ အပြုံးတစ်ခုဖြင့် ပြန်နှုတ်ဆက်လိုက်၏။

War Of Heart [ yj.bg ]Where stories live. Discover now