ခိုနားရာ
---------အခန်း-၁
ကန်ရေပြင်က ငြိမ်သက်နေပေမယ့် ကျွန်တော့်စိတ်တွေကတော့ ဆန့်ကျင်ဘက်ပါပဲ။သူကမေးခွန်းသတ်တတ်တဲ့ဆရာမကြီးပေါ့...။သူနဲ့ကျွန်တော်က အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ခေါင်းစဥ်အောက်မှာပဲ ကျင်လည်ခဲ့တယ်။သူမေးတဲ့မေးခွန်းကိုဖြေဖို့ သူငယ်ချင်းလိုဖြေရမှာလား။ဒါမှမဟုတ် တစ်ဖက်သတ်ချစ်နေတဲ့သူတစ်ယောက်အနေနဲ့ဖြေပေးရမှာလား။ကျွန်တော်လိုလူတစ်ယောက်က ဘယ်မိန်းကလေးမှ အားကိုးချင်လောက်အောင် ပြည့်စုံမနေဘူးလေ။ပတ်ဝန်းကျင်ကလည်း သူနဲ့ကျွန်တော် လိုက်ဖက်တဲ့စုံတွဲလို့မမြင်သလို အမေကတောင် နင့်ကို ဘယ်မိန်းကလေးကမှ အတည်မကြိုက်ဘူးတဲ့လေ။အားပေးကောင်းလိုက်တာ။ကျွန်တော်ကိုယ်တိုင်ကလည်း ကျွန်တော်ရဲ့အချစ်တွေက မဖြစ်နိုင်ဘူးလို့ မြင်နေတုန်းပဲ။အထူးသဖြင့် ကျွန်တော့်ကြောင့် သူကို မှေးမှိန်မသွားစေချင်တာပါ။
"ပြောလေ...ငါမေးနေတယ်...အဲဒီလူကို ငါလက်ထပ်ရမှာလားလို့"
"နင်နဲ့သူက လိုက်ဖက်နေတာပဲဟာ...ပြီးတော့နင်လိုချင်တဲ့ပျော်ရွှင်စရာဘဝလည်း သူကပေးနိုင်တယ်လေ"
"ငါမေးတာကိုပဲ တည့်တည့်ဖြေစမ်းပါဟာ...ငါ သူကိုယူရမှာလား ဒါပဲပြော..."
သူကိုရင်မဆိုင်ရဲလို့ ကျောပေးထားတယ်။ကျွန်တော်ရဲ့အဖြေက ကျွန်တော်မုန်းတဲ့အဖြေကို ဖြေလိုက်မယ်။အဲဒါဘာလို့လဲဆိုတော့ သူကို သိပ်ချစ်လို့ပါ...။သူကို ကျွန်တော်လို ယောကျ်ားမဟုတ်၊မိန်းမမဟုတ် လူတစ်ယောက်ရဲ့ချစ်သူဖြစ်လို့ နှာခေါင်းရှုံ့တာထက်စာရင် သူလိုချင်တဲ့သားသမီးတွေနဲ့ မိသားစုဘဝ ရပါစေတော့လေ....။
"သူကို လက်ထပ်လိုက်ပါ..."
သူဆီက အံကြိတ်သံကို လှည့်မကြည့်ပေမယ့် ကြားလိုက်ရတယ်။သူ့ရဲ့ဒေါသတွေ လျှံထွက်ကုန်ပြီ။အရင်ကဆို ဒေါသဖြစ်ရင် ကျွန်တော်ကို ထုရိုက်ရန်ပြုတတ်တဲ့ ကျွန်တော်ရဲ့သူငယ်ချင်းမလေးပါ။ခုတော့ အဲလိုအပြုအမူတွေ ပျောက်ဆုံးကုန်တယ်။သူ စိတ်နာသွားရင်လည်း စိတ်နာပါစေ။မချစ်လို့ ပစ်ခွာတာမဟုတ်ရပါ။ချစ်လို့ မျက်လုံးစုံမှိတ် လက်လွှတ်ပေးလိုက်တယ်။သူက ကျွန်တော့်အတွက် ဖြစ်တည်မှုတိုင်းကို လက်ခံပြီး အားပေးတတ်သူလေ။ဒါပေမယ့် အခွင့်ကောင်းယူပြီး ချစ်တယ်လို့ မပြောဖြစ်ခဲ့ဘူး။မပြောပေမယ့် အချစ်တွေက အပြန်အလှန်နားလည်ခဲ့ကြတယ်။ခုတော့ အချစ်ဆုံးသူစိမ်းတွေ ဖြစ်ရတော့မယ်တဲ့လား...။