အခန်း - ၄၅

51.2K 5.2K 2.1K
                                    

UNICODE

ရုတ်ချည်း ဖြစ်ပျက်မှုတွေကို မြင်လိုက်ရတဲ့ ခရီးသွားကား တစ်စီးစ နှစ်စီးစ လမ်းမပေါ်မှာ ပြန်ကွေ့လာကြတယ်။ ဝန်းကျင်တစ်ခွင်ဟာ တိတ်ဆိတ်နေရာက အသက်ဝင်လာသလို၊ သက်ဆိုင်ရာကို ဖုန်းဆက်သူဆက် အခင်းဖြစ်ရာ ပြေးသူပြေးနဲ့ လမ်းမထက်မှာ ဗျာများကုန်ကြတယ်။

လက်ကျန်အင်အားလေးနဲ့ လမ်းလယ်ခေါင်မှာ ရပ်တန့်ထားတဲ့ ကားလေးကို လမ်းဘေးအထိ မောင်းချသွားပြီး ကားပေါ်က တုန်ခိုက်စွာ ဆင်းလာမိတယ်။ အခင်းဖြစ်ရာ မျှော်ကြည့်မိတဲ့အခါ ထရပ်ကားတစ်စီးရဲ့ အောက်မှာ ပိပြားနေတဲ့ ကားနက်လေးတစ်စီး။ အဲ့နောက်မှာ အထပ်ထပ် ဆင့်တိုက်ထားတဲ့ ကားတွေ အများကြီး။ တချို့လဲ တုံးလုံးပက်လက်၊ တချို့လဲ လမ်းမထက်မှာ ကန့်လန့်ဖြတ်။

အရေးပေါ်ကားသံတွေ ဆူညံလာပြီး ကယ်ဆယ်သူတွေ ပိုများလာပေမဲ့ ထိုအသံတွေကို ဆောလ် မကြား။

မြင်နေရတဲ့ အနိဋ္ဌာရုံ မြင်ကွင်းအစား တခြား မြင်ကွင်းတစ်ခုက အစားထိုး ဝင်ရောက်လာတယ်။ ဝေးရာကို ကြောက်လန့်တကြား လှည့်ပြေးပေမဲ့ ရွှေ့လို့မရဘဲ နားထဲမှာ အော်ငိုသံတွေ ဆူညံလာတယ်။

ရှိုက်သံတစ်ချက် ပွင့်အန်မိတိုင်း မြင်လွှာထက်မှာ အရိပ်မျိုးစုံ ယိမ်းထိုးလာတယ်။ ဗမာလို ပြောနေကြတဲ့ အသံတွေ အာရုံမှာ ဆူပွက်လာတယ်။ အတိုင်းအဆမဲ့ နာကျင်မှုကို တရိပ်ရိပ် ခံစားလာရတဲ့အခါ ဝဲဘက်ရင်အုံကို ဆုပ်ညှစ်ထားမိတယ်။

*နာတယ်။ သိပ်နာတာပဲ။

ဘရိတ်ဆောင့်အုပ်စဉ်က ပစ်တိုက်မိတဲ့ အရှိန်နဲ့ နဖူးက သွေးစတွေ မျက်နှာပေါ် စီးကျလာတဲ့အခါ သွေးနဲ့ မျက်ရည်ဟာ ဆတူ ရောထွေးလာသလို။ ပြီးနောက် အသက်ရှူမဝတော့သလို။ လမ်းလယ်မှာ ရပ်တန့်လျက် ထရပ်ကားကြီးဆီ ပြန်ကြည့်မိတဲ့အခါ လက်ဖျားခြေဖျားတွေ အေးစက်ပြီး ခွေယိုင်လဲချင်လာတယ်။

သတိလွတ်နေတဲ့ အနေအထားမှာ ဆောလ် မြင်ကွင်းထဲကို စိမ်းစိမ်းစိုစို တောလမ်းလေးက ရုတ်ချည်း ဝင်ရောက်လာတယ်။ မထင်ရှားတဲ့ မြို့ကလေးရဲ့ ကြမ်းရှတဲ့ လမ်းကလေး တစ်ခုပေါ်မှာ ဆောလ် ရောက်နေသလိုမျိုး။ အဲ့ဒီနေရာမှာ လူတိုင်းက ဗမာစကား ပြောနေကြပြီး လူတိုင်းမျက်နှာမှာ စိတ်မကောင်းဟန်တွေ ထင်ဟပ်နေကြတယ်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now