(Unicode)
"ဒီနေရာပဲ။ ပျောက်သွားတယ်လို့ သတင်းပို့ခံထားရတဲ့လူရဲ့အိမ်..."
Harry, Ron နှင့် Malfoy တို့သည် ပျက်စီးနေသည့် အိမ်တစ်လုံးရှေ့သို့ ရောက်ရှိနေကြ၏။ ယခင်က လှပခဲ့လိမ့်မည်ဖြစ်သော်ငြား ယခုတွင်တော့ မုန်တိုင်းတစ်ခု ၀င်မွှေသွားသကဲ့သို့ ပြတင်းပေါက်မှန်များက အက်ကွဲနေလျက် အိမ်ရှေ့မြက်ခင်းပြင်မှာလည်း ပျက်စီးပွစာကြဲနေသည်။ အိမ်ရှေ့မျက်နှာစာတောင် ဒီလိုဖြစ်နေလျှင် အိမ်တွင်းမှာ အခြေအနေ ဘယ်လောက်တောင် ဆိုးနေလိမ့်မလဲ?
ထင်သည့်အတိုင်းပါပင်။ အတွင်းခန်းများကလည်း ရစရာမရှိအောင်ရှုပ်ပွနေလျက် ပရိဘောဂများ ကျိုးကြေကာ ဖုန်များအလိမ်းလိမ်းနှင့်။
"ဒီမှာ တော်ရုံတိုက်ပွဲဖြစ်ခဲ့တာတော့မဟုတ်နိုင်ဘူး"
Malfoy က ဤပတ်၀န်းကျင်ကို မကြိုက်သည့်နှယ် မျက်မှောင်ကျုံ့လျက်ပြော၏။
"ပျောက်ဆုံးမှုထက် ပြန်ပေးဆွဲခံရမှုနဲ့ပိုတူနေတယ်။ ကြည့်ရတာ နစ်နာသူက ရသလောက် ပြန်ခုခံခဲ့တဲ့ပုံပဲ"
Harry က မြင်ရသည်များကို တွေးဆဆနှင့် ပြန်ပြောလိုက်သည်။
"ဒါနဲ့ အဲ့တစ်ယောက်က အရင်က Dead eater ဖြစ်ခဲ့ဖူးတယ်ဆိုတာ အမှန်ပဲလား?"
Harry သည် Ron အနီးသို့ကပ်သွား၍ Malfoy မကြားနိုင်အောင် အသံနှိမ့်လျက် မေးလိုက်သည်။ သို့သော် Ron ကတော့ လှောင်ပြောင်သံစွက်ကာ ခပ်ကျယ်ကျယ်ဖြေလေသည်။
"အိုး..Dead eaters တွေအကြောင်းကို ငါဘယ်သိနိုင်ပါ့မလဲ Harry ရဲ့။ မင်းသိချင်ရင် Malfoy ကိုမေးရမှာ မဟုတ်ဖူးလား။ သူ့လူတွေအကြောင်း သူအသိဆုံးဖြစ်မှာပေါ့"
ထိုစကားကြောင့် Malfoy မခံမရပ် သွားနိုင်ဟန်ပေါ်သည်။
"စကားပြောသတိထား Weasley!"
"ဘာလဲ? ငါမဟုတ်တာ ပြောမိလို့လား? ငါကတော့ အခုပျောက်သွားတဲ့သူက မင်းရဲ့မိတ်ဆွေဟောင်းတောင် ဖြစ်နေနိုင်တယ်လို့ ထင်တာပဲ။ ဘယ်ပြောနိုင်မလဲ? ဒီကိစ္စက မင်းတို့ရွှေ့နေတဲ့အကွက်တွေတောင် ဖြစ်နေနိုင်တယ်လေ"
YOU ARE READING
Unexpected Miracle
Fanfiction(Unicode) Harry သည် မှော်၀န်ကြီးဌာနမှ စေလွှတ်သော စုံစမ်းရေးတစ်ခု သွားရန်ရှိနေခဲ့၏။ အမြဲတစေလုပ်နေကျ တာ၀န်တစ်ခုဖြစ်သည်မို့ အထူးအဆန်းမဟုတ်သော်လည်း နှစ်ပေါင်းများစွာ သတင်းအစအနမရှိဘဲ ပျောက်ဆုံးနေခဲ့သည့် Draco Malfoy နှင့်ပါ ပြန်တွေ့ရသည့်အခါ ကိစ္စများမှာ...