အပိုင်း (၆၁) အတူတကွ ခရီးဆက်ကြခြင်း

334 44 7
                                    

အမှန်တကယ်ပင် နောက်တစ်နေ့ မနက်စောစော နိုးလာချိန်တွင် လုယန်းရန်မှာ ထွက်ခွာသွားလေပြီ။ လင်းလုံသည် အစောကြီးထကာ သူမကို ဝမ့်ရှန်းမြို့ပြင်အထိ လိုက်ပို့ခဲ့ပြီးနောက် တုန့်ဆိုင်းစွာဖြင့် ပြန်လာခဲ့လေသည်။

ထိုအချိန်တွင် ကျုံးမင်ရန်တို့မှာ နိုးနေကြပြီဖြစ်ပြီး အကိုကြီးကျောက်နှင့်အတူ မနက်စာစားရင်း စကားစမြည်ပြောနေကြလေသည်။ လင်းလုံက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ရွှမ်ကျီးကို မမြင်လျှင် သက်ပြင်းချလိုက်ပြီး ဆိုသည်။ "ညီမလေးက တကယ်ပဲ မထသေးဘူးကိုး "

ကျုံးမင်ရန်က ဆန်ပြုတ်တစ်ဇွန်း သောက်လိုက်ပြီး ညည်းညူလိုက်၏။ " သူ ကြက်မတွန်ခင်ထပြီး လေ့ကျင့်တယ်ဆိုတာ ဘာလဲဆိုတာ သိသွားတဲ့နေ့ကျရင် နေအနောက်ဘက်က ထွက်လာလိမ့်မယ် "

လင်းလုံသည် သူ့ကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းစူလိုက်ကာ ပြောလိုက်သည်။ "နင်အမြဲတမ်း ညီမလေးကို ခက်ခဲအောင်လုပ်တယ်။တကယ် အမြင်ကတ်လိုက်တာ !" ပြောပြီးနောက် အခန်းထဲသို့ ပြေးသွားကာ ရွှမ်ကျီးကို နိုးလိုက်ပြီး မနက်စာစားရန် ဆွဲခေါ်လာလေသည်။

စားသောက်ပြီးနောက် ယွီစီးဖုန့်က ရင်ဘတ်အတွင်းမှမြေပုံကို ထုတ်ယူလိုက်ပြီး ညင်သာစွာပြောလိုက်သည်။ "ဝမ့်ရှန်းမြို့ရဲ့ အရှေ့ဘက်မှာ လူသူကင်းမဲ့တဲ့ သစ်တောပဲရှိတယ်။ ငါတို့ အထဲကို လမ်းလျှောက်သွားဖို့ မလိုဘူး။တိုက်ရိုက်ပဲ ဓားပျံနဲ့ ကောင်းတောင်ကို ပျံသွားကြမယ်။ အဲ့အနီးတစ်ဝိုက်မှာ ဟုန်ဇယ် ရေကန်ရှိတယ်။ အဲ့ဒီက ရှုခင်းကတအားလှတယ်လို့ငါ ကြားဖူးတယ် "

လင်းလုံသည် ပျော်စရာရှိသည်ဟု ကြားလျှင် အလိုအလျောက်ပင် ကမန်းကတန်း ခေါင်းညိမ့်လိုက်၏။ ရော့ယွိ့က ပြုံးလိုက်ပြီး ပြောလိုက်သည်။ " အဲဒီမှာ ထင်ရှားကျော်ကြားတဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ကျုံးလီမြို့ ရှိတယ်။ မင်ရန် မင်းတို့ ပုံမှန်ဆိုရင် ရှိုယန်တောင်မှာပဲ ကျင့်ကြံနေကြတော့ စည်ကားတဲ့ ဒေသတွေကို မရောက်ဖူးဘူးမလား "

ကျုံးမင်ရန်က ခေါင်းညိမ့်သည်။ "ဆရာက ပြောတယ် ။ကျင့်ကြံသူတွေက နှလုံးသားက ရေလို တည်ငြိမ်ရပြီး လူ့လောကရဲ့ အလှတရားတွေကို လောဘမတက်သင့်ဘူးတဲ့ "

Love and redemption (琉璃美人煞)Myanmar Translation Opowieści tętniące życiem. Odkryj je teraz