Tile - This love born in Giethoon
Summary - Friend to lover
Characters - Taeyoung & Hyeongjun
( Soft Wangnunz )ဒီနေ့ကောင်းကင်ကြီးက ခါတိုင်းထက်ကိုပိုပြီး ကြည်လင်နေပြီး သူ့မျက်စိရှေ့ ဒေစီပန်းခင်းကြီးကလဲ လေယူရာ နွဲ့နှောင်းနေတယ်။
ဒေစီပန်းတွေကြား လွတ်နေတဲ့ မြက်ခင်းပြင်ပေါ်မှာ ထိုင်ချလိုက်ရင်း လေအဝှေ့မှာ လွင့်ပါလာတဲ့ ဒေစီရနံ့တွေကို တဝကြီးရှူရှိုက်ပစ်လိုက်တယ်။
ဒေစီပန်းတွေက ဒီလောက်လှပြီး စိတ်ကူးယဉ်ဆန်တဲ့ပန်းတွေမှန်း ဒီ Giethoon မြို့ကို ရောက်လာမှ သိခွင့်ရတာဘဲ။ Netherlands ကို ပြောင်းဖို့အတွက် သူ့ကို ရိုက်နှက်ပြီး ဇွတ်ခေါ်လာကြတဲ့ အဖေနဲ့ အမေကိုတောင် ကျေးဇူးတင်ရမလို။
သူဒီမြို့သေးသေးလေးကို ပြောင်းလာခဲ့ရတာက အလယ်တန်း ပထမနှစ်တုန်းက ထင်တယ်။ တနည်းဆို သူ့အသက် 13နှစ်လောက်ကဖြစ်မယ်။
ငယ်ငယ်ကတည်းက နေခဲ့တဲ့ Malaysia ကနေ ပြောင်းရတော့မယ်လို့ သူ့အမေပြောခဲ့တုန်းက လူပျိုပေါက်အရွယ်မှာတောင် မြေကြီးပေါ် လူးလိမ့်ပြီး အော်ငိုခဲ့ဖူးတာလေ။ သူက လူမှုဆက်ဆံရေးကောင်းတဲ့လူမလို့ ဘယ်နေရာရောက်ရောက် အပေါင်းအသင်းမရှားဘူးဆိုပေမဲ့ ငယ်စဉ်ကတည်းက နေထိုင်ခဲ့ရတာမလို့ သံယောဇဉ်အမျှင်က မပြတ်ချင်။
အဲ့လိုဘဲ ကင်မ်ထယ်ယောင်းဆိုတဲ့ သူက သံယောဇဉ်သိပ်ကြီးတတ်တာ။
Giethoon ဆိုတဲ့မြို့ကိုရောက်လာတော့ အဖေနဲ့အမေကို ဆန္ဒပြပြီး တပတ်တိတိ အိပ်ခန်းထဲကနေ ဘယ်မှမထွက်ခဲ့ဘူးလေ။ သူ့လိုမျိုး အားတိုင်း အပြင်ထွက်တတ်တဲ့ကလေးက တပတ်တိတိ အပြင်မထွက်ခဲ့ဘူးဆိုတာ သူ့ဘဝမှာ သမိုင်းထွင်းစရာ အဖြစ်အပျက်တစ်ခုဘဲ။ အမေနဲ့ အဖေနဲ့ကိုလဲ စိတ်ဆိုးလွန်းအားကြီးလို့ မျက်နှာချင်းတောင် မဆိုင်ချင်ခဲ့ဘူး။
အခုတော့ Geithoon က သူသဘောအကျရဆုံးမြို့ ဖြစ်လာခဲ့ပြီ။ ဒီမြို့ထဲမှာ ရှိနေတဲ့ ဒေစီပန်းတွေကိုရော ဒေစီတွေထက် လှတဲ့လူသား တစ်ယောက်ကိုရော။
လေတဖြူးဖြူးနဲ့ ဒေစီရနံ့တွေကို တဝကြီးရှူနေတုန်း အနံ့အာရုံထဲ ဒေစီအနံ့တွေအပြင် ရင်းနှီးနေကျ အနံ့သင်းသင်းတစ်ခုကပါ သူ့နှာခေါင်းဝ လာကလူတော့ ပါးချိုင့်နက်တွေ ပေါ်လာသည်အထိ ပြုံးလိုက်မိတယ်။