Author: Shen Turtle
Language : Burmese
Genre: Horror, Thriller
Type: One shot (completed)သစ်ရွက်ခြောက်များဖြင့် အပြည့်ဖုံးနေသည့် မြေပြင်ပေါ်သို့ အလေးချိန်စီးသည့်အရာတစ်ခု ပြုတ်ကျလာသည့် "ဘုတ်" ဟူသောအသံ မပီမသအသံ ထွက်ပေါ်လာပြီး ၎က အနေအထားထိန်းညှိနေဟန်။ သစ်ရွက်ခြောက်များအား နင်းမိနေသည့် ချိုးချိုးချွတ်ချွတ်အသံများလည်း ပေါ်ထွက်လာသည်။ ထို့နောက် နောက်ထပ်အသံသုံးခုသည်လည်း ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာကြသည်။
"ဒန္နီ မင်းသေချာလား"
"ရောက်ပဲရောက်နေပြီကိုကွာ။ ဘာလဲ မင်းကကြောက်နေတာလား"
ထိုသို့အပြောခံလိုက်ရသဖြင့် မက်စ် ရှူးရှူးရှဲရှဲဖြစ်သွားကာ ၎င်းကအရင် အရှေ့မှထွက်သွားတော့သည်။
အင်တာနက်ပေါ်တွင်နာမည်ကြီးနေသည့် ဤကစားကွင်းပျက်ကြီးတွင် ခြောက်ခြားဖွယ်ရာအဖြစ်အပျက်များ ဖြစ်တတ်သည်ဟူသော သတင်းကြောင့် ဒန္နီ သူငယ်ချင်းသုံးဦးနှင့် ဤနေရာသို့ရောက်နေလေသည်။အချိန်ကား ညနေလေးနာရီခန့်သာရှိသေးသောကြောင့် ဝန်းကျင်ကမမှောင်သေးပေ။ သို့သော် ကစားကွင်းပျက်ကြီးအတွင်းတွင်တော့ သစ်ပင်ကြီးများ အုံ့ဆိုင်းနေသဖြင့် အလင်းရောင်ကောင်းကောင်းမရ။
သို့သော်ငြား မြင်နေရသေးသဖြင့် ဒန်နီယူဆောင်လာသည့် ဓာတ်မီးများကိုထုတ်မသုံးလိုက်ချေ။ ၎က သူ့အနောက်တွင်ရပ်၍ ပတ်ဝန်းကျင်ကိုစူးစမ်းနေသည့် သူငယ်ချင်းမနှစ်ယောက်ကိုခေါ်ကာ ကစားကွင်းပျက်ကြီး၏အတွင်းထဲသို့ ပိုတိုးဝင်သွားလိုက်သည်။
သစ်ရွက်ခြောက်များအားနင်းမိ၍ ထွက်လာသည့်အသံများမှလွဲ ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းနေသည်။ ထိုစဉ် အသားချင်းရိုက်ခတ်သည့်အသံထွက်ပေါ်လာပြီးနောက် မိန်းကလေးအသံတစ်ခုကလည်း ကပ်ပါလာသည်။
အန္နာ ညာဘက်တံတောင်ဆစ်နားသို့ ဘက်ဘက်လက်ဖဝါးဖြင့် ရိုက်လိုက်ပြီးနောက် စိတ်ညစ်ညူးစွာ ညည်းလိုက်သည်။
"ခြင်တွေပေါလိုက်တာ"
လမ်းအတူတူလျှောက်နေသည့် ကျန်လူသုံးဦးမှာ အနည်းငယ်တုန့်သွားသော်လည်း ခြေလှမ်းများကိုမရပ်လိုက်ပါချေ။ ၎င်းတို့အားလုံး ဘောင်းဘီရှည်ဝတ်လာကြသော်လည်း ရာသီဥတုအခြေအနေကြောင့် လက်ရှည်ဝတ်ဖို့တော့ မည်သူမျှ သတိမရကြပေ။
