[Zawgyi]
ဂျုံဆောင်းက လိမ္မာရေးခြားရှိပြီး စာတော်တဲ့ ကလေးတစ်ယောက် ။ မေမေ နဲ့ ဖေဖေ ကလည်း ဂျုံဆောင်းကို သိပ်ချစ်ကြတာ ။ အထည်ချုပ်စက်ရုံမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ ဖေဖေ့ တစ်လဝင်ငွေက ဂျုံဆောင်း တို့ မိသားစုသုံးယောက် အတွက် လုံလောက်သည်ထပ်ပိုကာ စုမိဆောင်းမိသည်အထိ များပြားသည် ။ လိမ္မာတဲ့ ဂျုံဆောင်း လေးက လိုချင်လို့ပူဆာတာမျိုးလည်းမရှိ ။ မဖြစ်မနေလိုအပ်လာရင်တောင် တစ်လမ်းကျော်က စတိုးဆိုင်မှာ ကျူရှင်တစ်ရက် အပျက်ခံပြီး အချိန်ပိုင်းဝင်လုပ်ကာ ကိုယ်တိုင် ပိုက်ဆံရှာတတ်သည် ။ မိဘကို ဘယ်တော့မှ အပူမပေးတဲ့ ကလေး ။ လတိုင်း အဆင့်တစ်ကိုရတာမလို့ ဆရာဆရာမတွေကလည်း ချစ်ခင်ကြသည် ။ အပြုံးချိုသည့် boba လုံးကလေးအား မချစ်ပဲလည်းမနေနိုင်ကြပဲလေ ။
ဘူဆန်မြို့ရဲ့ လူလတ်တန်းစားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာ လုံးချင်းအိမ်လေးဖြင့် ဂျုံဆောင်း တို့နေထိုင်ကြသည် ။ ခြံကလေးထဲမှာ ဟင်းသီးဟင်းရွက်ပင်ကလေးတွေကို မေမေ က စိုက်ထားသည်မို့ ဈေးဖိုးလည်းသိပ်မကုန်ပါ ။ ဂျုံဆောင်း မေမေက သိုးမွေးထိုးတာသိပ်တော်သည် ။ ဘူဆန်မြို့လေးရှိ အထည်ဆိုင်တွေမှာ မေမေ့လက်ရာလေးတွေတင်သည့်နေ့ဆို နေ့တွင်းပင် ရောင်းကုန်သည်အထိ ။ ဂျုံဆောင်း အတွက် အနွေးထည်တွေဆိုလည်း မေမေ ကိုယ်တိုင် ချုပ်ပေးသည် ။ ဖေဖေ အလုပ်သွားတိုင်း ပတ်သွားနေကြမာဖလာလေးကလည်း မေမေ့လက်ရာပဲ ။ ခါးထိရှည်သည့်ပိတုန်းရောင်ဆံပင်တွေကို ဆံထိုးကလေးနဲ့ပတ်ထားသည့် အချိန်တွေဆို မေမေ့မျက်နှာ ကြည်ကြည်ရှင်းကလေးအား ဂျုံဆောင်း နမ်းတတ်သည် ။ မေမေ့ဆီကရတဲ့ စံပယ်ပန်းနံ့ကလေးသည် ဒီကမ္ဘာပေါ်မှာ အမွှေးဆုံး ။
အသက် ဆယ့်ရှစ်နှစ်ကျော်လာသည့်တိုင် ဂျုံဆောင်း ဟာ
" မေမေ့ရဲ့ ပျားရည်လုံးကလေး " ဟု ချစ်စနိုးအခေါ်ခံရတိုင်း ပါးဖောင်းဖောင်းလေးတွေရဲကာ ဖေဖေ့ရင်ခွင်ထဲ ဝင်ပုန်းတတ်သည် ။ ထိုအခါတွေများဆို ဖေဖေ သည် ဂျုံဆောင်း ကို အသည်းယားကာ ယားတတ်သည့်နေရာလေးတွေအား လိုက်လံကလိထိုးတတ်သည် ။