[Zawgyi]
ဆောင်းဟွန်း ဆီရောက်နေတဲ့ အတောအတွင်း ပူပန်မှုတွေနဲ့ နိုးထလာရတဲ့ ပထမဆုံးသော မနက်ခင်း ။ တစ်ညလုံး ဂျယ်ယွန်း ငိုသံတွေသာ အိမ်မက်ထဲကြီးစိုးနေခဲ့ကာ အိပ်လို့မပျော်ခဲ့ သို့တိုင်အောင်လည်း အိမ်မက်ကနေရုန်းထွက်မရခဲ့ ။ နံဘေးနေရာမှာ ဆောင်းဟွန်း ကို လိုက်ရှာမိတော့ ဖက်လုံးဖြူဖြူကိုသာ မြင်လိုက်ရသည် ။ ခြံထဲမှ ရေစက်မောင်းသံကို ကြားလိုက်ရတာမလို့ ဆောင်းဟွန်း ဟာ ဒေစီခင်းထဲမှာမှန်း ထပ်စဉ်းစားနေစရာမလို ။ အခုချိန်မှာ ဂျုံဆောင်း လိုနေတာ ဆောင်းဟွန်း ရဲ့ အနွေးဓာတ် ။ အဆင်ပြေသွားမှာ ဆိုပြီး သူ့ ခေါင်းလေးကို ပုတ်ပေးမယ့် ဆောင်းဟွန်း လက်ဖဝါးတစ်စုံ ။
" အ့ ! "
အိပ်ရာထဲက ထထိုင်လိုက်တာနဲ့ ဝဲဘက်ရင်အုံမှ တဆစ်ဆစ်နာကျင်မှုနဲ့အတူ ဦးခေါင်းကိုလည်း တစ်စုံတစ်ယောက်က အရှိန်ဖြင့် ထုရိုက်နေသလို ခံစားလိုက်ရသည်မို့ တစ်ကိုယ်တည်းကြားရရုံအသံဖြင့် ညီးလိုက်မိသည် ။ ထိုအ
ခိုက် ဝုန်းကနဲပွင့်လာတဲ့ အခန်းတံခါးနဲ့အတူ ဂျုံဆောင်း အနား အပြေးရောက်လာပါသော ဆောင်းဟွန်း ။ ဆောင်းဟွန်း ရဲ့ အဖြူရောင် တီရှပ် မှာ ရေစက်အနည်းငယ် စိုနေကာ ဒေစီနံ့လည်း ခပ်ပါးပါးကပ်စွဲနေသည် ။" ဘာဖြစ်တာလည်း ဂျေး ... အဆင်ပြေရဲ့လား "
" ကျွန်တော် ခေါင်းတွေနာတယ် ဆောင်းဟွန်း .. တစ်ယောက်ယောက်က ရိုက်ခွဲတာကိုခံနေရသလိုပဲ "
" ကိုယ်တောင်းပန်ပါတယ် ဂျေးကလေးရယ် .. နာကျင်မှုတွေကို ခံစားစေမိလို့ တောင်းပန်ပါတယ်ကွယ် "
" ဆောင်းဟွန်း အပြစ်မှမဟုတ်တာ ဘာလို့ တောင်းပန်နေရတာလည်း .. ကြည့် ကျွန်တော်အခု သက်သာသွားပြီ ဒါကြောင့် စိတ်မပူပါနဲ့တော့နော် ... "
" ဂျေးရယ် ~ ကိုယ်ဖြင့် အနားမှာ မင်းအငွေ့သက်လေးမရှိတော့ရင် ရူးသွားနိုင်တယ်ကွယ် "
အရင်က ဆောင်းဟွန်း ထိုသို့ဆိုတိုင်း တစ်သက်လုံးအနားမှာရှိနေပေးမှာ လို့ ပြောနေကျ ဂျုံဆောင်း ဟာ ဒီနေ့မှာတော့ ဆောင်းဟွန်း ရင်ခွင်ကျယ်ထဲ အလိုက်သင့်လေးမှီလျက် တိတ်ဆိတ်လို့နေသည် ။ ဤသည်ကပဲ ဆောင်းဟွန်း အား ပိုကာတိုးလို့ တုန်လှုပ်စေသည် ။ အားမရစွာ ရင်ခွင်ထဲက ပျားရည်ရောင်ကောင်လေးငယ်အား ဖျစ်ညစ်လိုက်တော့ အင့် ကနဲအသံနဲ့အတူ လူးလွန့်လာသည် ။