အကိုကပြောခဲ့ဖူးတယ် "မင်းက ငါနဲ့ဆန့်ကျင်ဘက်ကိုပဲ အမြဲရွေးချယ်နေတာပဲ"တဲ့...။
လုံးဝဥဿုံ ဆန့်ကျင့်ဘက်ဖြစ်နေကြတဲ့လူနှစ်ယောက် လက်တွဲကြတဲ့အခါ ဖြစ်လာတဲ့ကတောက်ကစတွေကို ဘယ်အရာအပေါ် ပုံချလို့ပုံချရမှန်း ကျွန်တော်တို့ ပျောက်ဆုံးနေတတ်ကြတယ်။
အကိုက အသားစားရတာကြိုက်သလောက် ကျွန်တော်က သားသတ်လွတ်စားတာမျိုး ၊
အကိုက ကော်ဖီဆို ချိုချိုလေးတွေကိုနှစ်သက်သလို ကျွန်တော်က ကော်ဖီခါးခါးကိုမှ အရသာခံသောက်တတ်တာမျိုး...ဒီလိုအရာတွေက ဆန့်ကျင့်ဘက်ဖြစ်နေပေမယ့် ကျွန်တော်တို့အတွက် အခက်အခဲရယ်လို့တော့ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်က အစ်ကိုစားမယ့်အသားဟင်းတွေကို အရသာရှိအောင် ချက်ပြုတ်ပေးတတ်သလို အကိုကလည်း ကျွန်တော့်စားမယ့်အသီးအရွက်တွေကို အမယ်စုံအောင် စီစဉ်ပေးတတ်တယ်။ အကိုသောက်မယ့်ကော်ဖီထဲ သကြားသုံးဇွန်းထည့်ပေးရမှာကို ကျွန်တော်သိသလို အကိုကလည်း ကော်ဖီခါးခါးကို လက်တည့်အောင်ဖျော်ပေးတတ်တယ်။
တကယ်အခက်အခဲဖြစ်စေတဲ့အရာတွေက ထိတွေ့လို့မရတဲ့ ကျွန်တော်တို့တဲ့ ခံယူချက်တွေပဲ...။
•••••
အဲ့နေ့က မိုးတွေရွာနေခဲ့တာပေါ့။
အဆောင်အဝင်ဝရဲ့ တံစက်မြိတ်အောက်မှာ အကိုနဲ့ကျွန်တော် ပထမဦးဆုံး တွေ့ဆုံခဲ့တယ်။မိုးရာသီကို ကျွန်တော်မကြိုက်ပေမယ့် ကောင်းကင်ပေါ်ကနေ တဖြည်းဖြည်းကျဆင်းလာတဲ့မိုးရေတွေကိုတော့ ကျွန်တော်နှစ်သက်တယ်။ မိုးရေတွေနဲ့ ထိတွေ့လိုက်ရင် ကျွန်တော့်တစ်ကိုယ်လုံး အားအင်တွေပြည့်နှက်သွားပြီး လန်းဆန်းလာသလိုပဲ။
တဖျောက်ဖျောက်ကျနေတဲ့ မိုးသံကိုနားထောင်ရင်း မိုးရေတွေကို ထိတွေ့နေတဲ့အချိန်မှာပဲ အကိုရောက်လာခဲ့တာ။
"အာ...shit! ထီးကလည်း ဘယ်ချောင်မှာ မေ့ကျန်ခဲ့ပြန်ပြီလဲမသိဘူး တောက်!"
ခပ်ဖွဲဖွဲရွာနေတဲ့မိုးရေတွေကိုကြည့်ပြီး အကိုက တောက်ခေါက်ရင်း ကျိန်ဆဲတယ်။