"ထ"
ဟင်*
လမ်းမပေါ်မှာ ငုတ်တုတ်ထိုင်ငိုနေရင်း အသံကြားလို့ မော့ကြည့်လိုက်တော့ အကိုဖြစ်နေသည်။
နေဟာ အကို့ဦးခေါင်းတည့်တည့်ထိုးလို့ အကို့ရဲ့ချောမောမှုကို ပါရမီဖြည့်ပေးနေတာများ ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်လိုက်မင်းသားလိုလိုပါပဲ။
မျက်နှာပေါ်မှာ အညိုအမည်းအရာတွေနဲ့ပြည့်နှက်နေတာတောင် ချောမောနေဆဲအကိုက တကယ်ကိုပဲ ဇာတ်လိုက်မင်းသားချောတစ်ယောက်ဖြစ်နိုင်ပါတယ်။"ဟေ့ ဘာကြည့်နေတာလဲ...လမ်းမပေါ်မှာ ကလေးကလားနဲ့ ကြည့်ဦး နှပ်ချေးတွေပါထွက်နေတာ စောစောစီးစီး အာပေတူးရုပ်နဲ့"
အကိုက လက်တစ်ဖက်အား ကျွန်တော့်ကိုလှမ်းပေးကာဆိုလာတော့ မထနိုင်သေးပဲ ကိုယ့်မျက်နှာကိုယ် အရင်ဆုံး လက်နှင့်ပွတ်သပ်မိသွားသည်။ အထူးသဖြင့် နှာခေါင်းလုံးလုံးလေးနားကိုပေါ့...။ အကို့ရှေ့မှာ နှပ်ထွက်နေတာ ရှက်စရာကောင်းလိုက်တာမှ!
"ဟာ ကျစ်* ရူးနေတာလား...စိတ်မရှည်ဘူးနော်"
အဲ့လိုပါပဲ အကိုက စိတ်မရှည်ဘူး ဘယ်တော့မှ။
အခုလာခေါ်တာတောင် သူ့အကြောင်းမကင်းလို့ လာခေါ်ပုံရသည်။ရိပေါ် အကို့လက်ကိုကိုင်ကာထလိုက်တော့ အကိုက ညီးညူပြန်သည်။
"ငါ့လက်တော့ သူငယ်နာမစင်သေးတဲ့ချာတိတ်ရဲ့နှပ်ချေးတွေ ပေကုန်ပါပြီ"
နှာခေါင်းရှုံ့ရင်းပြောလာတဲ့အကို့ကို ရိပေါ် မျက်စောင်းထိုးလိုက်တာတော့ မလွန်လောက်ပါဘူးနော်...
"မျက်စောင်းတွေ စွတ်ထိုးမနေနဲ့ သွားမယ် လိုက်ခဲ့...ပေတိပေစုတ်ပုံစံနဲ့ ကျောင်းမတက်ချင်နဲ့"
နှပ်ချေးတွေနဲ့မလို့ ညီးညူနေတဲ့အကိုက အဲ့ဒီလက်ကိုပဲကိုင်ကာ ရိပေါ်ကို ဆွဲခေါ်သွားပြန်သည်။
အကိုက နားလည်ရခက်လိုက်တာ...
သူပြောသလို ဒီအတိုင်း ဘာအကန့်မှမရှိတဲ့လူတစ်ယောက်ကို ဒီလိုမျိုးဂရုစိုက်ပေးနိုင်သည်တဲ့လား။အကိုခေါ်သွားသည်က တိုက်ခန်းလေးတစ်ခန်းဆီကိုပင်။ အကိုနေနေတဲ့တိုက်ခန်းလေး ဖြစ်ပုံရသည်။
တိုက်ခန်းက အရမ်းမကျယ်ပေမယ့် အကို့တစ်ယောက်တည်းအတွက်ဆိုရင်တော့ ကျယ်ပုံပေါ်သည်။