အိုဟောင်းနေပြီဖြစ်တဲ့ ခပ်သေးသေးယွန်း သေတ္တာလေးကိုဖွင့်လိုက်သောအခါ အထဲမှစာရွက်မှိုနံ့များကလှိုင်ထွက်လာ၏။
အသက်45နှစ်နီးပါးခန့်ရှိပြီးဟုထင်ရသော ပိန်ပါးပါးယောကျာ်းတစ်ဦး ထိုမှိုနံ့စွဲနေသောယွန်းသေတ္တာငယ်အား တယုတယထွေးပိုက်ကာ ဘေးနားရှိခုံတန်းပေါ်သို့ဖြေးညှင်းစွာထိုင်လိုက်သည်။ မျက်နှာထက်တွင်အပြုံးယဲ့ယဲ့ပြုံးထားကာ ထိုယွန်းသေတ္တာအားမြတ်နိုးခြင်းအပြည့်ဖြင့်စူးစိုက်ကြည့်နေ၏။
ယွန်းသေတ္တာငယ်ထဲတွင်တော့ ညိုမှိုင်းမှိုင်းအရောင်ရှိတဲ့စာအိတ်တို့က သေတ္တာအပြည့်ရှိနေသည်။ ထိုစာအိတ်တို့အား ခပ်ဖွဖွတို့ထိရင်းမှ ထိုယောကျာ်း၏မျက်ဝန်းအိမ်တို့တွင် မျက်ရည်ခလာရသည်။
“ အတော်တောင်ကြာခဲ့ပြီပဲ ”
ခပ်တိုးတိုးရေရွတ်မိတဲ့စကားတို့နောက်တွင် တစ်စုံတစ်ခုကိုလွမ်းဆွေးသွားဟန်ရှိတဲ့ထိုယောကျာ်း၏မျက်နှာသည် မှိုင်းကျသွားလေ၏
“ အခုချိန်ထိစာရွက်တွေ ခြမစားတာ တော်သေးတာပေါ့။ ”
စာအိတ်တို့အားနောက်တစ်ကြိမ်တို့ထိကာ ပါးပြင်ပေါ်သို့စီးကျနေသော မျက်ရည်တို့အားလက်ဖြင့်ပွတ်ဆွဲကာသုတ်လိုက်သည်။
ထိုအချိန် ဘယ်ကမှန်းမသိရတဲ့သီချင်းသံသည် သူရှိရာအခန်းတွင်းသို့လွင့်ပျံလာ၏။
♪♬ တစ်မြေဆီဝေးတဲ့အခါ
မမုန်းဖို့...
လူကြုံပေးလိုက်ပါတယ်လေ...
ဟား ဟား ဟား ဟား~~
အချစ်လွမ်းမြေဆေး.....
ဓာတ်ပုံနဲ့ကဗျာရယ် စာရယ်
အစုံအလင်ပါတယ်...
သူကျတော့ စာပြန်မရေး...
စိမ်းကားရက်တာလား..လို့
ကိုယ်ချင်းလည်းမစာနာ...
မေ့ပြီလား မောင်ရာ... ♪♬တိုက်ဆိုင်မှုတွေရှိလာတဲ့အခါ သိပ်လွမ်းမိပါသည်။
တစ်ချိန်က...တစ်ချိန်တုန်းက သူ့နှုတ်ဖျားထက်မှာ အမြဲဆိုညီးနေကျဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်။ သီချင်းသံသဲ့သဲ့ကိုအာရုံစိုက်နားထောင်နေရင်း အတိတ်ဆီသို့သတိရစိတ်က ကြီးစိုးနေ၏။
YOU ARE READING
Romance♡ Short Story ♡ { COMPLETE }