မနက်အစော မျက်လုံးနှစ်လုံးပွင့်လာပြီဆိုတာနှင့် ကျွန်တော် အိပ်ရာမှ လူးလဲထ,ကာ သွားတိုက် မျက်နှာသစ်ပြီး ရပ်ကွက်တောင်ဘက်က ခရေပင်အိုကြီးဆီ ပြေးပြီး ခရေပန်းကောက် ထွက်လာခဲ့သည်။ အာရုံဦးစ,အချိန်ဖြစ်၍ ကြက်တွန်သံ တို့ကိုပင် ကောင်းကောင်း မကြားရသေး။ တော်သေးသည်။ လက်ကျန်လရောင်ကလေး ရှိနေသေး၍ ခရေပင်အိုကြီးဆီသို့ တည့်တည့် မတ်မတ် ရောက်လာခဲ့၏။
ခရေပင်အိုကြီးဟု ရပ်ကွက်က ခေါ်ကြလို့သာကျွန်တော်လည်း လိုက်လံ ရောရောင် ခေါ်ခဲ့ရသော်လည်းကျွန်တော့် စိတ်ထင် သည်ခရေပင်ကြီးမှာ မအိုသေးပါ။ ရပ်ကွက်ရဲ့ တောင်ဘက်စွန်းမှာ တစ်ပင်တည်း ထီးထီးဝဲဝဲကြီး ရှိနေပြီး အရွက်ဖားဖား ပင်စည်ကျစ်ကျစ်ဖြင့် အရိပ်အာဝါသ ကောင်းဆဲ၊ ငှက်အပေါင်းတို့ နားခိုရာ ကောင်းဆဲ၊ အများ တကာ ခရေပင်တွေလို မိုးတွင်းအချိန်တိုင်း တလှိုင်လှိုင် တဖွေးဖွေး ပွင့်ဆဲပါပဲ။
ခရေပွင့်ချင်း တူလျှင်တောင် သည်ခရေပွင့်က ပို၍နူးညံ့ပြီး ပိုမွှေးသည်ဟု ကျွန်တော် ထင်ပါသည်။ သည်ခရေပင်အိုကြီးကို ချစ်သည်။ တန်ဖိုးထားသည်။ သည်ခရေပင်ကြီးက ကျွန်တော့် ဘဝကို လုံခြုံမှုတွေပေးသည်။ ကျွန်တော်တို့ သားမိရဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးခဲ့သည်မှာ ၃နှစ်ကျော်မျှပင် ရှိပါပြီ။
ခရေပင်ကြီးရဲ့အောက်တွင် ကျွန်တော် ဒူးထောက်ထိုင်ချလိုက်ပြီး လက်အုပ်ချီကာ ကန်တော့မိသည်။ မေတ္တာပို့သပေးသည်။ ခရေပင်ကြီးကလည်း ကျွန်တော့်ကို မေတ္တာတွေ ပြန်ပေးပါသည်။ ကြည့်ပါ့ဦး။ မြေပြင်ပေါ်မှာ ပြန့်ကျဲနေသော ခရေပွင့်တွေ စွတ်စွတ်ဖြူနေ သည်။ ကောက်လို့တောင် နိုင်ပါ့မည်လား။
ပါလာသော ကော်ခြင်းလေးထဲ ခရေပွင့်တွေ အပြေးအလွှားကောက်ထည့်ပြီး ဝမ်းသာအားရ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်တော့အမေပင်နိုးနေပေပြီ။ အိမ်ဟုဆိုသော်လည်း အလျားအနံ ဆယ်တောင်ပတ်လည်လောက်သာ ရှိသော သက်ငယ်မိုး သက်ငယ်ကာ တဲကလေး ဖြစ်ပါသည်။ ကျွန်တော်တို့ သားမိနှစ်ယောက်နေသော တဲကလေးမှာ ပခုက္ကူမြို့တောင်ဘက်စွန်း ဧရာဝတီမြစ်နံဘေး ကျူပင်တွေ ကိုင်းပင်တွေ စုရုံးပေါက်နေသော သဲသောင်ပြင်ကြီးပေါ်မှာ ဖြစ်သည်။
YOU ARE READING
ဗွက်အိုင်ထဲက ရွှေဗေဒါ
Actionဆိုးရွားလှသော ကံကြမ္မာအလှည့်အပြောင်းများကြားမှ ကြုံရာဘဝကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး လောကဓံကို စိန်ခေါ်ကာ ရင်ဆိုင်ဖြတ်ကျော်နေသော ဇွဲမလျှော့သည့် လူငယ်လေး.. .မင်းသီဟ ...ဘဝကို ရည်ရွယ်ရေးသားပါသည်။