အိပ်မက်ကလန့်နိုးလာတော့ ကျွန်တော့်အနားတွင် ဒေါ်လေးနွယ်ကိုတွေ့ရသည်။ အိပ်ပျော် သွားတုန်း ရပ်ကွက်တောင်ဘက်က ဇရပ်ပေါ်မှာဖြစ်ပြီး ပြန်နိုးလာတော့ ဒေါ်လေးနွယ်ရဲ့ အိမ်အခန်းကျဉ်းကျဉ်းလေးထဲမှာ ဖြစ်သည်။ ခန္ဓာကိုယ်သည် ချမ်းတုန်နေသော်လည်း မီးခဲတစ်တုံး ပမာ ပူပြင်းနေ၏။ တစ်ကိုယ်လုံး ရိုက်နှက်ခံထားရသလို နာကျင်နေပြီး ဖြစ်ခဲ့သမျှကို မေ့လုမေ့ချင်တောင် ဖြစ်နေပါသည်။
“ဒေါ်လေးနွယ်.. သားသည်ကို ဘယ်လိုရောက်နေတာလဲ၊ ပြီးတော့ အမေရောဟင်..”
သည်စကားကို အားယူ၍ပင် ပြောလိုက်ရသည်။ လည်ချောင်းသည် စကားပြာလိုက်မှ နာနေမှန်းသိပါ၏။
“သား နိုးပြီလား , ဗိုက်ဆာနေလားဟင်”
“အမေရာ ဟင်, သားကို အရင်ပြောပါ”
ဒေါ်လေးနွယ်မျက်နှာကလွန်ခဲ့သော ၄နှစ်က ကျွန်တော့်ကို ကျောင်းမှာလာခေါ်တုန်းက မျက်နှာနှင့်တူနေ၏။ ရင်ထဲတွင် တလှပ်လှပ်တုန်ဟိုက်နေပြီး ပူထူနေသော ပါးပြင်ပေါ်သို့ မျက်ရည်ပူ တွေ စီးကျလာသည်။
ဟော..မကျပါဘူးဆိုတဲ့မျက်ရည်တွေက ဘယ်ကရောက်လာသည်မသိ။
“သားအမေ သတိလစ်နေလို့ ဆေးရုံတင်ထားရတယ်၊ မိုးရေစိုကြီးနဲ့ အိပ်ပျော်သွားတော့ အအေးမိသွားတယ်၊ ပိုဆိုးတာက သားအမေခြေဖဝါးမှာ သံချောင်းစူးတဲ့ဒဏ်ရာက ဆေးရုံ ရောက်မှ သိတော့ အဲသည်မှ နှုတ်ရတယ်ကွယ်..၊ သံဆိပ်တက်ပြီးဖျားတာကို အဆိုးဆုံးပဲ”
ကျွန်တော့်ရင်ထဲ ဆတ်ဆတ်ခါသွားသည်။ ခန္ဓာကိုယ်တွေ နာနေတာတောင် မေ့လျော့သွားပြီး အိပ်ရာမှ ဝုန်းခနဲ ထ,ထိုင်လိုက်၏။ ဒေါ်လေးနွယ်ဆီမှ “သား”ဟု အလန့်တကြား ခေါ်လိုက်သံကို ကြားလိုက်သည်။ ပွတ်သိပ်ကြပ်ညပ်နေသာ ပတ်ဝန်းကျင် လူနေအိမ်တွေကြားမှ ကလေးငိုသံ၊ ဆူသံ ဆဲသံတွေ လုံးထွေးနေ၏။ မုန်တိုင်းပြီးပြီဟု အသိပေးသော လေပြေကလေးခတ်လာတော့ ပတ်ဝန်းကျင်ရှိ အမဲညှီနံ့၊ ငါးညှီနံ့နှင့် တစ်ခြားသော အနံ့ဆိုးဆိုးတို့ ရောထွေးပါလာသည်။ သည်ရပ်ကွက်ထဲတွင် အမဲသတ်ရုံနှင့် တံငါသည်များစွာရှိသည်ဆိုတာ ကျွန်တော်သိပါသည်။ အခုတောင် ဒေါ်လေးနွယ်သည် သံဒယ်ပူထဲမှာ အမဲသွေးခဲတွေ ကြော်နေ၏။
YOU ARE READING
ဗွက်အိုင်ထဲက ရွှေဗေဒါ
Actionဆိုးရွားလှသော ကံကြမ္မာအလှည့်အပြောင်းများကြားမှ ကြုံရာဘဝကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး လောကဓံကို စိန်ခေါ်ကာ ရင်ဆိုင်ဖြတ်ကျော်နေသော ဇွဲမလျှော့သည့် လူငယ်လေး.. .မင်းသီဟ ...ဘဝကို ရည်ရွယ်ရေးသားပါသည်။