မျက်လုံးတွေ ဖျတ်ခဲပွင့်လာတော့ မျက်နှာတည့်တည့်က တဝီးဝီးလည်နေသော ပန်ကာကြောင့် ခေါင်းထဲ မူးဝေသွားသလို ခံစားလိုက်ရသည်။ မျက်လုံးလေးကို စက္ကန့်သုံးဆယ်မျှ မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါမှ ပြုံးယောင်သမ်းနေသော အမေ့မျက်နှာကို မြင်လိုက်ရပါသည်။
“သား…သတိရပြီလား”
အမေက အချိုသာဆုံးပြောနေသော်လည်း မကြာသေးခင်ကထိ ငိုထားမှန်းက ပို့အစ်နေသော မျက်နှာကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ပုခုံးပေါ်က ဖျင်စောင်သဘက်လေးဖြင့် မျက်နှာကို တို့ထိတို့ထိ လုပ်နေပါသည်။ ကျွန်တော်သည် လက်ရှိရောက်နေသောနေရာကို ဝေ့ဝဲလှည့်လည်ကြည့်လိုက် တော့ စိတ်ထဲ ကတိကအောင့်ခံစားလိုက်ရသည်။ ကျွန်တော်မေ့သွားတုန်းက အိမ်မှာဖြစ်ပြီး ပြန်နိုးလာတော့ ဆေးရုံကိုရောက်ရှိနေသည်ကိုတော့ ရင်ထဲလုံးဝမကောင်းလှပါချေ။
“အမေ.. သား ဘာလို့ဆေးရုံကိုရောက်လာတာလဲ.. ဆရာမဇင်ဇင်ထူးက ဘာလို့လဲဟင်”
“သား…သားရယ်..အမေဘယ်လိုတောင်သားကို ပြောပြရမလဲ”
အမေသည် သွင်သွင်ငိုလေတော့သည်။ အမေငိုနေတာကို မကြည့်ရက်နိုင်သော ကျွန်တော်သည် အမေ့လက်တွေကိုလှမ်းဆွဲကာ “တမေမေ”သာ ခေါ်နေမိသည်။ ထိုအချိန်မှာပဲ အခန်းထဲသို့ ဒေါ်လေးနွယ်၊ ဆရာမဇင်ဇင်ထူး၊ မယ်လီတို့ ရောက်လာကြသည်။
“မောင်လေး နေကောင်းရဲ့လား”
“ဟုတ်ကဲ့ဆရာမ”
ဆရာမက ဝတ္တရားအရ နှုတ်ဆက်လိုက်သော်လည်း မျက်နှာက ပြုံးရယ်မှုကင်းစင်နေသည်။ ဒေါ်လေးနွယ်က အမေ့ကို လက်တို့ကာ “ဆရာဝန်ကြီးခေါ်နေတယ်”ဟုပြောပြီး ခေါ်သွားသည်။ ဆရာမနှင့် မယ်လီက ကျွန်တော့်ဘေးတွင် ဝင်ထိုင်လေသည်။
“မင်းသီဟ.. နင်ဘာမှ အားမငယ်နဲ့နော်.. နင့်နားမှာ ငါအမြဲရှိနေမှာ.. ဟိုး အိုမင်းသွားတဲ့အထိပဲ”
“အေးပါ..ငါကဘာကို အားငယ်ရမှာလဲ.. ဒါနဲ့ဆရာမ…သားကို ဘာလို့ဆေးရုံပို့တာလဲဟင်”
ဆရာမ၏ မျက်နှာလေးသည် ချက်ချင်းပင် နွမ်းဖျော့သွားလေသည်။ ပြောသင့်…မပြောသင့် စဉ်းစားနေဟန်တူပြီး “နောက်လည်းသိမှာပါပဲ”ဟူသောသဘောဖြင့် မထူးစိတ်ပိုက်ကာ ပြောဖို့ဆုံး ဖြတ်ချက်ချလိုက်ကာမှ စကားတို့သည် လည်ချောင်းတွင် တစ်ခံနေသလို ထွက်မလာသေးဘဲ “ဟူး”ခနဲ လေပူတစ်ချက်သာ မှူတ်ထုတ်လိုက်သည်။
YOU ARE READING
ဗွက်အိုင်ထဲက ရွှေဗေဒါ
Actionဆိုးရွားလှသော ကံကြမ္မာအလှည့်အပြောင်းများကြားမှ ကြုံရာဘဝကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး လောကဓံကို စိန်ခေါ်ကာ ရင်ဆိုင်ဖြတ်ကျော်နေသော ဇွဲမလျှော့သည့် လူငယ်လေး.. .မင်းသီဟ ...ဘဝကို ရည်ရွယ်ရေးသားပါသည်။