တစ်ည ကျွန်တော်အိပ်မက် မက်တယ်။ လပြည့်ည တစ်ည ရေကန် ဘေးမှာ သစ်ပင် သေးသေးလေး ပေါက်နေတယ်။ သစ်ပင်က အပြင်မှာဆို အပင်ကြီးမျိုးထဲက အပင်။ ဘာအပင်လဲ မမှတ်မိဘူး။ အိမ်မက်လေ သိတယ်မလား။ နိုးလာရင် အစရှာမရတော့တာမျိုး။ အိမ်မက်ထဲမှာ ကောင်မလေး တစ်ယောက်က အပင် နားမှာထိုင် နေရင်း ကျွန်တော့်ကိုကြည့်ပြီး ပြုံးပြနေတယ်။ ပြီးတော့ ရုတ်တရက်ကြီး နောက်ကို လှည့်ထွက် သွားတယ်။
ကျွန်တော် ပြေးပြီးသူ့နောက်ကို လိုက်ပေမဲ့ ပြေးလေကျွန်တော်နဲ့ ဝေးရာကို ထွက်သွားလေ ဖြစ်နေတယ်။ ရပ်လိုက်တော့ မှောင်သွားပြီး ဘာမှမြင်ရတော့ပြန်ဘူး။ ဝုန်းခနဲဆို ကျွန်တော် အောက်ကို ပြုတ်ကျ သွားတယ်။ အသက်ရှုသံတွေ ပြင်းလာတယ်။ အသံအရှည် ကြီး တစ်ခုကကျယ်ရာ ကနေတိုးလာပြီး ကျွန်တော့်နား ထဲကို တိုးဝင် လာနေတယ်။ ဆူး ကနဲ ဖြစ်သွားတော့ ကျွန်တော် လှန့်နိုးလာ တယ်။ အချိန်ကို ကြည့်လိုက် တော့ မနက် ၅ နာရီရှိနေပြီ။
အချိန်ကုန်တာ မြန်လွန်းလှပါတယ်။ သူနဲ့ ရည်းစားဖြစ်ပြီး နောက်ပိုင်း ပိုတောင်ကုန်တာ မြန်လာသေးတယ်။ ဒီနေ့က ပိတ်ရက်မို့ ထုံးစံ အတိုင်း သူနဲ့ တွေ့ဖို့ရှိတယ်လေ။ တစ်ပတ်လုံး ကျောင်းတက် နေပြီး တစ်ရက်ကလေး တော့ တွေ့ဖို့ အချိန်ရတာမို့ သူကော ကျွန်တော်ကော လက်လွှတ် မခံပါ။ မိုးကလဲ ဒီနေ့ အရမ်းရွာနေတယ်။ ဒီပုံနဲ့ ဆိုလမ်းမှာတင် ရေရွှဲမှာ သေချာတယ်။ မိုးစဲအောင် ခန စောင့်ဦးမလားဆိုပြီး သူ့ ကိုလှမ်းမေးလိုက်တယ်။ ဖုန်းမကိုင်ပါ ဘူး မမလေး က။ ကားပေါ်ရောက် နေပြီနဲ့တူပါတယ်။ စိုလဲ မတက်နိုင်တော့ဘူး ဆိုပြီး ထွက်လာခဲ့လိုက်တယ်။
ထိုင်နေကြ ကော်ဖီဆိုင်ကလေးက ပိတ်ရက်ဆို လူပြည့်တာ ထုံးစံလို ဖြစ်နေပြီ။ ကျွန်တော်လဲ ဆိုင်အဝ ကနေကြည့်နေပြီး လူသိပ်မရှိတာနဲ့ ကြုံနေရလို့ ထူးဆန်းလိုတော့ ခံစားမိသည်။ ရေလဲစိုနေပါပြီ။ ကျွန်တော် ရောက်နေတာက ဆိုင်ရှေ့ လမ်းဘေး တစ်နေရာမှာ။ ရှေ့နားမှာ လူတွေ အများကြီးအုံခဲ ပြီး နေကြတော့ ထူးဆန်းသလို တော့ရှိသား။ ဘာမှန်းမသိလို့ စပ်စုချင်တာနဲ့ သွားကြည့်လိုက်တယ်။ လူအုပ်ထဲဝင်တော့ အသံ တိုးတိုး ကြားနေရတယ်။
“သနားပါတယ်ဟယ်”
“ကောင်မလေးက ချစ်စရာလေး”သူတို့ ဘာပြောနေမှန်းသေချာ မသိသေးဘူး။ မတော်တဆ ဖြစ်ထားမှန်းသိတော့သိသာနေပါတယ်။ အရေးပေါ်ကားလဲ ရောက်နေပြီ။ ကားပေါ်ကိုတင် သွားတာ တွေ့လိုက်ရတယ်။ လူကို မမြင်လိုက်ပေမဲ့ ကားပေါ်ကနေ တစ်ခုကို မတော်တဆ လှမ်းမြင်လိုက် ရတယ်။ လက်ပတ်လေးတစ်ခု။ ကျွန်တော် သေချာမှတ်မိနေတဲ့ လက်ပတ်လေးတစ်ခု။
ကျွန်တော် လမ်းဘေးမှာလဲကျသွားတယ်။ အရေးပေါ် ကားနောက်ကို မှီအောင်လိုက် ဖို့ သတိဝင်လာပြီး ကားငှားပြီးလိုက်သွားတယ်။ ဟိုရောက်တော့ အခြေ နေက ဘာမှန်းမသိသေးပေမဲ့ စိတ်ထဲကနေတော့ တစ်ခုကို သေချာသိနေရပြီ။ ကျွန်တော် ငိုနေမိ တယ်။ ထိုင်ခုံပေါ်မှာ ထိုင်ပြီး ငိုနေမိတယ်။ ဘေးက နေ ပုခုံးပေါ်ကို လက်တစ်ခု လာတင်တာကို ခပ်နွေးနွေး ခံစားမိတော့ မော့ကြည့်လိုက်တာမှ ဘယ်သူ့ကိုမှ မတွေ့လိုက်ရဘူး။ သက်ပြင်းအရှည်ကြီး ချမိလိုက် တယ်။
“ကို ဒီတစ်ပတ်ပိတ်ရက် သူ တို့တွေ့ရအောင်”
“တွေ့မယ်လေသူ”“ သူ ဘာရှိလို့လဲ ထူးထူးဆန်းဆန်း”
“ အရင်ကလဲ တွေ့နေကြပဲကို”“ ကို့ကို အရမ်းလွမ်းနေလို့” ...တဲ့
အဲ့နေ့မတိုင်ခင် ညက ကျွန်တော်တို့ နှစ်ယောက် video call နဲ့ တွေ့ပြီး သူ ပြောနေတာ။သူနဲ့ ကျွန်တော့်ရဲ့ ကြားထဲမှာ စည်းလေးတစ်ခုခြား သွားခဲ့ပြီ။ သူလဲ မကျော်နိုင်သလို ကျွန်တော်လဲ မကျော်နိုင်ခဲ့ဘူး။ သူ ရှိနေတဲ့ အငွေ့သက် တွေကို တော့ ခံစားမိနေတယ်။ သူ ကျွန်တော့်ကို ထားခဲ့ပါပြီ။ မပြောချင်ပေမဲ့ အမှန်တရားက သူ ထားခဲ့ပါပြီ။ သူ မရှိတော့ပါဘူး။ ကျွန်တော် မရှိတဲ့ အဝေးကြီး တစ်နေရာမှာ သူ ရှိနေပါပြီ။ ဆွဲထားဖို့ အခွင့်အရေး မရှိလို မသွားပါနဲ့လို့လဲ မတားနိုင်ခဲ့ဘူး။ နာကျင်ရတဲ့ နေ့ရက်တွေများလို့ မမှတ်မိတော့ဘူး။
လွမ်းရတဲ့ နေ့တွေ ရေတွက်လို့မရနိုင်ဘူး။ သူနဲ့ ရှိခဲ့တဲ့ အမှတ်တရတွေ တပွေ့တပိုက်ကြီးနဲ့ သာကျွန်တော် နေနေရတယ်။ သူ ပြုံးနေတာတွေ၊ ရယ်နေတာတွေ၊ ကျွန်တော့်ကို စိတ်ကောက်လို့ နှုတ်ခမ်းစူနေတာတွေ၊ စိတ်ဆိုးပြီး ကျွန်တော့်ကို ထုရိုက်တာတွေက အရိပ်တစ်ခုလိုပဲ ဖျက်ကနဲ့ ပေါ်လိုက် ပျောက်သွားလိုက် နဲ့ ကျွန်တော့် အတွေးထဲမှာ ပေါ်လာနေတယ်။ နေနိုင်လားလို့ မေးရင် မနေနိုင်ပါဘူး။ ကျွန်တော်ဟာ အချစ်ခံခဲ့ရတယ်။ အများကြီး အချစ်ခံခဲ့ရတယ်။ ပျော်ရွှင်နေတဲ့ သူ မျက်နှာကို မေ့လို့ မရခဲ့ဘူး။ အရမ်းချစ်တယ်....
.....
အမှတ်တရများနှင့် ချစ်ရတဲ့ သူ
ကျော်ရဲထွန်း