unicode
"ဦးလေး..အလုပ်သွားတော့မလို့လား။သမီး မုန့်ယူလာတယ် စားသွားပါအုံးလား"
"နေပါစေတော့ သမီးရယ်...ဟိုညီအစ်ကိုနှစ်ယောက်ပဲ ကျွေးလိုက်တော့....ဦးလေးက အလုပ်ပျက်ရက်များနေပြီမလို့
ဒီနေ့တော့ စောစောသွားရမယ်...."အလုပ်သွားဖို့ ထွက်လာသည့် ဦးမျိုးမောင်နှင့်
ခြံတံခါးဝတင် အပြန်အလှန် နှုတ်ဆက်ပြီး မြသစ် အိမ်ထဲဝင်လာလိုက်သည်။ကောင်းမြတ်ဦးစံတို့ ခြံထဲတွင် ပန်းပင်ပေါင်းစုံတို့ရဲ့ ရနံကြောင့် အမြဲမွှေးပျံ့နေသည်။အုတ်ခုံလှေကားရင်းက ရေတိုင်ကီဘေးတွင်
မျက်နှာသစ်နေသည့် ကောင်းမြတ်ဦးစံ နဲ့ ဆုံသည်။ဘယ်သောအခါမှ ဒီအချိန်အိပ်ယာမထတတ်သော သူက မြသစ်
စကားကြောင့် အစောကြီးနိုးနေပြီ။ရင်ထဲ လှိုင်းကြက်ခွပ်လေးများ ထသွားရသည်။
"ဒီနေ့ စောစောနိုးလို့ပါလား ကိုယ်တော်ကြီး.."
"ဒီနေ့ ရုပ်ဆိုးမတစ်ယောက်ကို အလိုလိုက်စရာလေး ရှိလို့ပါ
ငယ်ကျွန်ကြီးရဲ့ ဟဲဟဲ...""နင်နော်..."
မြသစ် မျက်စောင်းတစ်ချက် လှမ်းထိုးပြီး အိမ်ပေါ် သို့ ဆောင့်ဆောင့်အောင့်အောင့်နဲ့သာ တက်လာလိုက်သည်။ဆက်ပြီး ပြိုင်ပြောနေရင်လည်း သူပဲဆက်ရှုံးမှာပင်။
အိမ်ထဲတွင် တံမြက်စည်းလှည်းနေသည့် ကောင်လေးတစ်ယောက်ကို တွေ့ချေပြီ။စပို့ရှပ်အင်္ကျီ အစိမ်းပုပ်ရောင်နှင့် ဘောင်းဘီ တိုအနက်ကို တွဲဖက် ဝတ်ဆင်ထားသည်မှာ ရှစ်တန်းကလေး တစ်ယောက်နဲ့တောင် ပိုတူနေသေးသည်။
အနားရောက်သည်နှင့် shampoo နံ့သင်းသင်းနဲ့ shower creamနံ့သင်းသင်းတို့က မြသစ်နှာဝသို့ တိုးဝှေ့ ကျီစယ်လာသည်။
"သဲဦးမောင် ဆိုတာလား..."
မျက်လုံးကျဥ်းကျဥ်းလေးတွေနဲ့ သူ့ကိုမော့ကြည့်လာသည်။မြသစ်ထက် အနည်းငယ်ပုသည်။မြသစ်မှာ သာမန်မိန်းကလေးတွေထက် အရပ်ပိုမြင့်၏။
"ငါ့နာမည်က မြသစ်....ကောင်းမြတ်ဦးစံနဲ့က ငယ်သူငယ်ချင်းလေ။မုန့်ဟင်းခါး လာပို့တာ...နင်တို့စားရအောင်လို့.."