~ ၂ ~

211 10 6
                                    

[ Unicode ]
-----------------

အိမ်ပြင်ဘက်၌ မိုးဖွဲလေးများတဖွားဖွားကျနေသောအေးစိမ့်စိမ့်ရာသီဥတုနှင့်အပြိုင် ချောင်းသံတဟွတ်ဟွတ်ကစည်းချက်ကျကျထွက်နေသည့်အလား ။ အဆက်မပြတ်ကြားနေရလေ တည်တံ့ရဲ့မျက်နှာအရိပ်အကဲကလည်းပိုပိုစိုးရိမ်လာလေပင် ။ သို့သော် ကာယကံရှင်ကိုယ်တိုင်ကတော့ဘာမှမဖြစ်သလိုပဲအေးအေးလူလူရှိလှသည် ။

" ဆေးခန်းသွားရအောင် ဖေဖေ … ဒီလောက်အအေးမိပြီးနှာစေးချောင်းဆိုးနေတာ ဆေးလေးတစ်လုံးတည်းသောက်ထားရုံနဲ့တင်ပျောက်ပါ့မလား "

" အဟွတ် ! ရပါတယ်သားရယ် … ဖေဖေဘာမှဆိုးဆိုးရွားရွားမဖြစ်ဘူး … မိုးရာသီပဲကွာ ဒီရောဂါလောက်ကတော့ဖြစ်မှာပေါ့ … အဖျားလည်းကျသွားပြီဆိုတော့ အရမ်းစိတ်မပူပါနဲ့ … အဟွတ် ! ဒီဂိုဂျင်တစ်လုံးလောက်ထပ်သောက်လိုက်ရင် နောက်နေ့ဆိုကောင်းသွားမှာ … သားလုပ်စရာရှိတာဆက်လုပ်နေလေ … ဖေ့ဖေ့နားပဲတကူးတကကြီးအချိန်ပြည့်ကပ်မနေနဲ့ .. ဖေဖေအဆင်ပြေတယ် "

" အပြင်မှာမိုးတွေသည်းနေတာကိုပြတင်းပေါက်မပိတ်ပဲဆက်ထိုင်နေတာကိုး … ဖေဖေက ကလေးလည်းမဟုတ်ပဲနဲ့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီးခနခနပြောရတာပဲ … ဖေဖေအအေးကြိုက်တာကိုသိတယ် … ဒါပေမဲ့ ကိုယ့်အသက်ကိုယ်လည်းပြန်သတိရအုံး … မတော်လို့လေဖြန်းသွားရင်ဘယ့်နှယ့်လုပ်မလဲဗျာ … ဖေဖေတို့အသက်အရွယ်ကကျန်းမာရေးကိုသေချာပိုဂရုစိုက်မှရမှာ … ဆင်ဆင်ခြင်ခြင်နေပါ ဖေဖေရယ် … မပေါ့ဆပါနဲ့လား "

ပက်လတ်ကုလားထိုင်မှာလှဲအိပ်နေသောဖေဖေ့ရဲ့ခန္ဓာကိုယ်ပေါ်သို့ဂွမ်းစောင်အညိုရောင်လေးခြုံပေးလိုက်ရင်း ဗြစ်တောက်ဗြစ်တောက်ပြောနေမိတဲ့ကျွန်တော့်အား ဖေဖေကငေးကြည့်နေသည် ။ စားပွဲပေါ်မှာလည်း စာအုပ်တွေ စာရွက်စာတမ်းတွေ ပေတံတွေ ဘောပင်တွေဖြင့်ပြည့်နှက်ကာရူပ်ပွနေတာတွေကို အလိုက်တသိပင်စီစီရီရီဖြစ်သွားအောင်သိမ်းဆည်းပေးလိုက်တော့ ဖေဖေကကုလားထိုင်ပေါ်၌ချောင်းဆိုးမပြတ်ပဲငြိမ်သက်နေဆဲ ။

" စာကြည့်ခုံမှာပဲထိုင်တာများရင်အညောင်းမိလိမ့်မယ်နော် ဖေဖေ … ဒီရက်ပိုင်း ဧည့်သည်ခန်းထဲမှာဖြစ်ဖြစ် ကျွန်တော့်အခန်းထဲမှာဖြစ်ဖြစ်လာနေမလား "

ဝေး ( ongoing ) ေဝးWhere stories live. Discover now