~ ၆ ~

140 15 0
                                    

[ Unicode ]
-----------------

နွေနေရဲ့အပူဓာတ်ကမိုးအကုန်ဆောင်းအကူရာသီဥတုဖြစ်၍ တိမ်ထူထပ်နေကာပတ်ဝန်းကျင်တစ်ခွင်လုံးမှိုင်းညို့ညို့မို့နေလို့ထိုင်လို့ကောင်းလှသည် ။ ဖြတ်တိုက်လိုက်သောလေအဝှေ့မှာ ခြံထဲမှယုဇနပင်ပန်းရနံ့သင်းပျံ့ပျံ့ဟာလည်းနှာခေါင်းတွင်းသို့မွှေးတေးတေးရောက်လာပြီးစိတ်ကိုလန်းဆန်းကြည်လင်စေပြန်ကော ။

ခပ်တိုးတိုးစာအံသံအစား သင်္ချာပုစ္ဆာတစ်ပုဒ်ကိုစိတ်ရှည်လက်ရှည်ရှင်းပြနေတဲ့ကြည်မြသောသြရှရှအသံလေးသည်သာ အိမ်အောက်ထပ်တွင်လွှမ်းခြုံထားလျှက် ။ ဘောပင်ကိုင်ပြီးရေးတွက်ပြနေသောဖြူသွယ်သွယ်လက်ချောင်းရှည်လေးများကတော့ ထိုစကားသံအတိုင်းတလှုပ်လှုပ်ရွေ့ရှားနေဆဲ ။ မကြီးမသေးလက်ရေးဝိုင်းကလေးတွေဟာလည်း မြင်ရသူအဖို့မရှင်းလင်းမှာမပူရပါ ။

အပြောလည်းကောင်း အရေးလည်းကောင်း ဉာဏ်လည်းကောင်းသူဖြစ်တာကြောင့် သူငယ်ချင်းတွေအားလုံးထဲသက်ဆိုင်သူသာလျှင်စာရှင်းပြရတဲ့အလုပ်ကိုအမြဲတစေတာဝန်ယူထားရပေ၏ ။ ယခုလည်း ဆရာမအိမ်စာပေးလိုက်သောတွက်စာတစ်ပုဒ်ကို ကျွန်တော်ရယ် နက်ရိူင်းရယ် မိမြတ်ရယ် ချစ်ချစ်ရယ် စာတူတူလုပ်ရင်းနားမလည်ဘူးဆိုလာ၍ထုံးစံအတိုင်းသက်ဆိုင်အားအပူကပ်ကြလေရဲ့ ။

အဖြေထွက်လာလို့သူငယ်ချင်းတွေဆီမျက်လုံးဝင့်ကြည့်လိုက်တော့ ခေါင်းတညိတ်ညိတ်လုပ်နေတဲ့နက်ရိူင်းကပုစ္ဆာကိုသဘောပေါက်သွားတာကြောင့်စိတ်အေးလက်အေးပုံစံဖြင့် ။ ချစ်ချစ်ခမျာတော့မျက်တောင်ဖျားတို့တဖြတ်ဖြတ်ခတ်ရင်းခေါင်းတစ်ချက်ကုတ်ကာ အနည်းငယ်မရှင်းမလင်းဖြစ်နေတဲ့နေရာကိုထပ်မေးလာသည် ။ အသံလည်းမကြားရ စာရေးနေတာလည်းမတွေ့ရတဲ့မိမြတ်တစ်ယောက်ကတော့ဝဇီပိတ်ကျင့်ကြံနေသည့်အလား ထိုင်နေရာကနေတုတ်တုတ်မျှမလှုပ်ချေ ။

ဒီလောက်ဆိုရင် တစ်အူတုံဆင်းအမြွှာမောင်နှမတွေမို့ဘာဖြစ်နေမှန်းသက်ဆိုင်အလိုလိုသိလိုက်ပါပြီ ။

" မိမြတ် ! "

" ဟေ ဘာ ဘာလဲ ... ပြောလေ "

" ငါစာရှင်းပြတာကိုနင်သေချာနားထောင်နေရဲ့လား "

ဝေး ( ongoing ) ေဝးWhere stories live. Discover now