Part (3)

1.2K 81 18
                                    


"ယောင်းရေ ကောင်လေး!"

သည်ကနေ့က ကောင်လေးတို့ ကျောင်းပိတ်ရက်ဖြစ်သည်။မနက်စာစားပြီးကတည်းက အိမ်မကြီး၏ အနောက်တံခါးပေါက်မှ စိုက်ခင်းရှိရာဆီ ပြေးဆင်းသွားသည့် ကောင်ကလေး။အလည်လွန်နေသော စပ်စုစိန်လေးက တစ်နာရီကျော်ကျော်ရှိသည်အထိ အိမ်ပေါ်ပြန်ရောက်မလာသေးသဖြင့် အခေါ်ရှိဖို့ စိုက်ခင်းထဲ ရောက်နေရခြင်း ဖြစ်၏။အပြင်ဘက်ဆီတွင် နှင်းမှုန်ကလေးများ တဖွဲဖွဲကျနေသည်။ဤအိမ်ကြီးသို့ ကောင်လေးရောက်လာခဲ့သော ဆောင်းကာလမှစ၍ ဆောင်းနှောင်း၊နွေဦး၊နွေစသဖြင့် ရာသီများ တစ်လှည့်စီ ပြောင်းကူးလွန်မြောက်ခဲ့ရာ တစ်ပတ်ပြန်လည်လာသော ဤရာသီ ဤကာလသည် ကောင်လေးအတွက် တတိယမြောက်ကြုံဆုံရသော ဖေဖော်၀ါရီပါပဲ။ကျန်ခဲ့သောနှစ်များနည်းတူ အအေးဓာတ်က သိသိသာသာကဲ၍ နေ့ခင်းမွန်းတည့်မတိုင်မီထိအောင် နှင်းမှုန်နှင်းစက်ကလေးများ မပြတ်တမ်း ကျရောက်​လေ့ရှိရာ သြကာသလောကကြီးတစ်ခွင် မှိုင်းမှုန်ရီလျက် ရှိ၏။

"အစ်ကို ယောင်း ဒီမှာ "

တကြော်ကြော်အော်ခေါ်မိသော ကိုယ့်အသံနှင့် မကွာလှသော အချိန်တစ်ခုတွင် ပေါင်းမိုးများအောက်ရှိ ဂေါ်ဖီခင်းများဆီမှ လွင့်ပျံလာသည့် အသံသြသြကလေး။အသံလာရာသို့ အာရုံစိုက်၍ မျှော်ကြည့်ရာ အနွေးထည်များအထပ်ထပ်ထုပ်လျက် ခပ်လုံးလုံးလေးဖြစ်နေသည့် ပုံရိပ်မှုန်မှုန်ကလေးက ခုန်ဆွခုန်ဆွ အချက်ပြနေသည်။ထိုနေရာသို့ ကိုယ့်ခြေလှမ်းများ ခပ်သွက်သွက် ဦးတည်ရွေ့လျား၏။

"နှင်းကျနေသေးတယ်လေ။နေကောင်းကောင်းမြင်ရတဲ့အချိန်မှ လာပါဆို ဘာလို့စကားနားမထောင်ရတာလဲ"

သိုးမွှေးဦးထုပ်ကလေးက အပေါ်သို့ လိပ်တက်နေသည်။လှစ်ပေါ်နေသော နားရွက်ဖျားကလေးများ ခိုက်ခိုက်တုန်အောင် စိမ့်အေးသော အအေးဒဏ်ကြောင့် ရဲစွေးနီလျက်ရှိ၏။ဦးထုပ်အနားစကလေးကို နားရွက်အောက်ပါးရှိနေသော ဆံနွယ်ခွေလိပ်လေးများ အုပ်ဖုံးသည်အထိ ဆွဲချပေးရသည်။လိုရမယ်ရ ထည့်ယူလာသော အနွေးအိတ်ကလေးကိုလည်း လက်သီးစုပ်ကလေးထဲ
ထည့်ပေးရ၏။လက်အိတ်စွပ်ထားသည့်တိုင် လက်ဖျားကလေးများ အေးစက်နေကြသည်။သို့နှင့် လက်ကလေးတစ်ဖက်ကို ပြန်ဆွဲယူ၍ မိမိလက်နှင့်လက်ချင်းထပ်ကိုင်ပြီးသော်
ကိုယ့်အနွေးထည်အိပ်ကပ်ဆီ ထည့်ဝှက်ထားရသေးသည်။နှာခေါင်းထိပ်ဖျားကလေးများ ရဲသွေးနီ၍ ပါးမို့ကလေးများ နီမြန်းလျက်ရှိသည့်တိုင် ကောင်လေးက ထိုအခြင်းအရာကို တစ်စက်ကလေး အာရုံမပေး။မျက်စိရှေ့က ဂေါ်ဖီခင်းကိုသာ ဆက်၍ငေးနေသည်။

❛ကျွန်တော့်ရဲ့ ဥယျာဥ်မှူး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now