Part 1

4.7K 84 5
                                    

ဒူးနဲ့ ခြေဖျားဆီက စိမ့်ဝင်လာသော အအေးဓာတ်က ခြေဖဝါးကနေ ‌ခြေသလုံးကြွက်သားတွေထိ ပျံ့နှံ့လာပြီး တောင့်တင်းအေးစက်လာနေပြီ ဖြစ်သည်။ ဒီလို ဒူးထောက် လက်မြှောက်ပုံစံနှင့် ရှိနေတာ နှစ်နာရီလောက်ဖြစ်လာပြီဖြစ်တာမို့ လက်မောင်းတွေတောင့်ပြီး နာကျင်လာပြီ။ လက်ဖျားတွေလည်း ထုံနေလေပြီ။ သို့သော် အမိန့်က အမိန့်ဖြစ်သည်။ သူပြန်လာတဲ့အချိန်အထိ ဒီပုံစံနဲ့ စောင့်ရမည်။

ချမ်းငြိမ်းကလည်း ချမ်းငြိမ်းဖြစ်သည်။ သူနဲ့ တစ်ရုံးတည်းအတူအလုပ်လုပ်နေပါလျက် ဘယ်လိုသတ္တိနဲ့ အမှားအယွင်းလုပ်မိသည်မသိ။

Public Administration သင်ယူမှုနယ်ပယ်တူခဲ့သော သူနဲ့ချမ်းငြိမ်းက လုပ်ငန်းခွင်မှာလည်း တစ်ရုံးတည်းဖြစ်သည်။ သို့သော် သူ့အကူအညီ အဆက်အသွယ်နှင့် သူတို့ရုံးမှာ အလုပ် လွယ်လွယ်ရခဲ့သည်တော့ မဟုတ်။ Vacancy ရှိကြောင်း အလုပ်ခေါ်စာတွေ့တော့ အလုပ်လျှောက်ဖို့ သူ့ဆီအရင်ခွင့်တောင်းရသည်။ သူ့ဆီက ခွင့်ပြုချက်ရဖို့ သူတို့ပြီးပြီးသား Project တစ်ခုနှင့် ပတ်သက်သော report တစ်စောင်နှင့်အတူ အလုပ်လျှောက်ဖို့ cover letter ကို သူ့ဆီ အရင်ရေးပြခဲ့ရသည်။ report ကို သူဘာမှမပြောသော်လည်း cover letter ကိုတော့ သုံးကြိမ်လောက်ပြန်ပြင်လိုက်ရသည်။

အဆိုးဆုံးကတော့ interview session မှာဖြစ်သည်။ ရုံးရဲ့ admin ပိုင်းကဖြစ်တဲ့ သူက ချမ်းငြိမ်းတို့ကို interview ရတဲ့အဖွဲ့ထဲ သေချာပေါက် ပါသည်ပေါ့။ ချမ်းငြိမ်းမှာ နဂိုတည်းက ဒီလိုလူ‌တွေ့ အင်တာဗျူးဆိုလျှင် စိတ်လှုပ်ရှားတတ်ပြီး နဂိုနှုတ်နည်းသူမို့ အနည်းငယ်အခက်တွေ့တတ်သည်။ ဒါကိုမှ ချမ်းငြိမ်းတက္ကသိုလ်‌ကျောင်းသားဘဝထဲက ချစ်တာနဲ့အမျှ ကြောက်ခဲ့ရသောသူက လေးထောင့်မျက်မှန်ကို နှာခေါင်းပေါ် အနည်းငယ်လျှော့ချပြီး ခပ်စင်းစင်းကြည့်ကာ မေးခွန်းပေါင်းများစွာနှင့် ချမ်းငြိမ်းကို အသေသတ်တော့သည်။ အူတူတူလုပ်ပြီး ပေါက်ကရဖြေမိလို့ အလုပ်မရခဲ့လျှင်လည်း ချမ်းငြိမ်း အနွှာခံရဦးမည်ဖြစ်သည်။

ချမ်းငြိမ်းဟာ နှုတ်နည်းပေမယ့် သူနဲ့တွေ့ပြီးနောက်ပိုင်း တက်ခဲ့သမျှကျောင်း၊ သင်ခဲ့သမျှစာတို့ကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားခဲ့သူဖြစ်တာတစ်ကြောင်း၊ ကြားထဲမှာ သူ့အလုပ်တချို့ကို ကူပေးခဲ့တာကတစ်ကြောင်း၊ volunteer အနေနှင့်ကော တခြား part time အလုပ်တွေနဲ့ ကာလတို project တချို့‌မှာ လုပ်ခဲ့ဖူးတာကြောင့်ရော စာတွေ့နဲ့ လက်တွေ့ မျှတစွာ ရှိနေသည့်အပြင် အတွေးအခေါ်အယူအဆပိုင်းမှာပါ သူသေချာ train တာ ခံထားရတာကြောင့် သူမေးသမျှ ခက်ခက်ခဲခဲ မေးခွန်းတိုင်းက ချမ်းငြိမ်းအရည်အချင်းကို တခြားသော အင်တာဗျူးအဖွဲ့ဝင်တွေ ပိုပိုသဘောကျဖို့ ဖြစ်နေရသည်။ သည်လိုနှင့် ချမ်းငြိမ်း အလုပ်ရခဲ့သည်ပေါ့။

Honey LemonWhere stories live. Discover now