(5)

104 23 29
                                    

(5)
ချာတိတ်

နှစ်ပတ်စာ ဝယ်ထားသော မာကာရွန်းက ငါးရက်တည်းနဲ့ ကုန်သွားသည်။ ကိုယ့်ကိုယ်ကိုလည်း အံ့သြရပါသည်။ ထိတ်လည်း ထိတ်လန့်မိသည်။ အခု ကျွန်တော့်ပုံစံက အပြင်ထွက်ဆော့ရဖို့အတွက်နဲ့ ထမင်းတွေကို မြန်မြန် ကုန်အောင် စားလိုက်သော မူကြိုကလေးငယ်တစ်ယောက်လိုပင်။ စားလက်စ မာကာရွန်းတွေ ကုန်သွားတော့မှ အသစ်ထပ်သွားဝယ်လို့ ရနိုင်မှာ မဟုတ်လား။

အသင့်ဖျော် ကော်ဖီမစ်အထုပ်ကို ခွက်ထဲသို့ ဖောက်ထည့်လိုက်ပြီးနောက် ရေနွေးလောင်းထည့်လိုက်သည်။ ကော်ဖီမှုန့်တွေက ရေနွေးပူပူနဲ့ ရောနှောသွားပြီးတော့ ချိုမြိန်တဲ့ ကော်ဖီအနံ့က ထွက်လာသည်။ ခါတိုင်း ကော်ဖီခါးခါး သောက်နေကျဆိုပေမဲ့ ဒီနေ့တော့ အကြောင်းအရင်းမရှိ ကော်ဖီအချိုကို တောင့်တနေမိသည်။

အခုတော့ ကျွန်တော့်မှာ ကော်ဖီနဲ့ တွဲစားစရာ မာကာရွန်းတစ်ခုတစ်လေတောင် မကျန်တော့ပေ။ ဒါပေမဲ့ မြို့ထဲကို သွားရမယ့်အသိကြောင့် လူက ကော်ဖီနံ့လေးကို ရှူရှိုက်လိုက်ရုံနဲ့တောင် ဗိုက်ပြည့်သွားသလိုလိုပင်။ ဒါပေမဲ့ ဒီကော်ဖီတစ်ခွက်ကိုတော့ ကုန်အောင် သောက်မှ ဖြစ်မည်။ ဒီနေ့ မစ္စတာ မာတင် မိတ်ဆက်ပေးထားတဲ့ အလုပ်အပ်သူနဲ့ အဆောက်အဦ ပုံကြမ်းကိစ္စက ဆွေးနွေးရဦးပေမည်။ အချိန် ဘယ်လောက်ကြာဦးမယ်မသိနိုင်တာမို့လို့ နေ့လယ်စာ လွတ်သွားနိုင်သေးသည်။

အရောင် ခပ်မှိုင်းမှိုင်း ကုတ်အင်္ကျီတွေကို ဝတ်နေကျ ဖြစ်လို့ ထင်ပါရဲ့။ ဝတ်နေကျမဟုတ်သည့် နို့နှစ်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်လိုက်တော့ ကျွန်တော်က ကျွန်တော် မဟုတ်တော့သလိုပင်။ ဒီကုတ်အင်္ကျီကို ဂျောင်ဝူက ကျွန်တော့်အတွက် ဝယ်ပေးထားခြင်းဖြစ်သလို ပထမဆုံးအကြိမ် ထုတ်ဝတ်ခြင်းလည်း ဖြစ်သည်။ အစက ဂျောင်ဝူကို သတိရနေမိမှာ ကြောက်ရွံ့နေခဲ့ရပေမဲ့ အခုတော့ ဂျောင်ဝူကို သတိမရတော့ဘဲ မေ့သွားမှာကို ပိုကြောက်ရွံ့နေရပြန်သည်။

ထုံးစံအတိုင်း မြေအောက်ရထားဘူတာရုံကို ရောက်ဖို့ဆိုရင် လမ်းက ဆယ်မိနစ်လောက်လျှောက်ရဦးမည်။ မနေ့က မိုးရွာသွားပေမဲ့ ဒီလမ်းသွယ်လေးက အမှိုက်တစ်စမှ မရှိဘဲ သပ်သပ်ရပ်ရပ် ရှိနေသည်။ ပြင်သစ်လူမျိုးများက စည်းကမ်းရှိကြပါသည်။ အီတာလျံစားသောက်ဆိုင်ရှေ့က ဖြတ်သွားတော့ အလုပ်ခေါ်စာ ဆိုင်းဘုတ်က အခုထိ ချိတ်ဆွဲထားဆဲပင်။ ထို့ကြောင့် အခုချိန်အထိ အဘွားတစ်ယောက် ဆိုင်အတွက် ဝန်ထမ်းမရသေးဟု ခန့်မှန်းမိသည်။

Love Again In ParisWhere stories live. Discover now