Ep-1(Unicode)

27.7K 1.4K 101
                                    


အရှေ့ရပ်မှာရှိသော ရခိုင်ရိုးမတောင်တန်းကြီးပေါ်သို့ အရုဏ်ဦးရောင်ခြည် ဖြန့်ကျက်လို့လာသည်။မနက်ခင်းပိုင်းမှာ ပိုအသက်ဝင်လေ့ရှိသော တောရွာလေးမှာ အသံလှိုင်းအပြန့်လွင့်ဆုံးနေရာကတော့ ရွာဦး ဘုန်းကြီးကျောင်းပင်။

အသံချဲ့စက်မှ လာသော ဂေါပကရဲ့ ဆော်ဩသံဟာ ရွာမြောက်ပိုင်းနဲ့တောင်ပိုင်းရှိ အသက်ကြီးရွယ်အိုများပါမက လူငယ်လူရွယ်များပါ လှုပ်လှုပ်ရှားရှားဖြစ်စေသည်။ ဝါတွင်းဖြစ်သည့်အတွက် ဥပုသ်နေ့မှာ ဥပုသ်စောင့်တည်ရန် ဘုန်းကြီးကျောင်းကို ကြွရောက်ကြဖို့ နှိုးဆော်သံ။

"အစ်ကိုသဝဏ် ဒီလိုလေးဆို အဆင်ပြေပြီလား ကြည့်ပေးပါဦး "

အများကောင်းမှုဟုရေးထွင်းထားသော ကျောက်ရေကန်ကြီးဘေးတွေ ဘုရားပန်းသုံးအိုး တန်းစီတင်ထားသည်။သဝဏ်ရှေ့မှာ နှစ်အိုးဖြစ်ပြီး ညီမဖြစ်သူ ယွန်းသော်တာရှေ့မှာ တစ်အိုးရှိနေသည်။ယွန်းသော်တာက သူထိုးထားသော ဘုရားပန်းကို အဆင်ပြေမပြေ သဝဏ်ဘက်လှည့်မေးတာကြောင့် ပန်းခက်က အရွက်တို့ ဖယ်ရှားနေရင်း သူလှမ်းကြည့်လိုက်သည်။

"အရိုးနည်းနည်းလောက်ချိုးလိုက်အုံး ယွန်း အရမ်းရှည်နေရင် လဲကျမှာစိုးလို့"

သဝဏ်ပြောလိုက်တော့ သူမက ခေါင်းညိတ်ပြပြီး ရှည်နေတဲ့ ကိုင်းကိုပြန်နုတ်ကာချိုးလိုက်သည်။မနက်ခင်းနေရောင်ခြည်က. ပိတောက်ကိုင်းကြားကနေ တဆင့် သူတို့နှစ်ဦးပေါ် အပူဒဏ်မများစေဘဲ ဖြာကျနေ၏။

နက်မှောင်တဲ့ ဆံနွယ်အရှည်ကြီးကို တစ်ဝက်စည်းထားသောကြောင့် ကျစ်လျစ်တုတ်ခိုင်သည့် ကိုယ်ခန္ဓာပေါ်သို့ ဖြောင့်စင်းလျက်ကျနေသည်။အဝါခြောက်ရောင် ဂျိုင်း(ချိုင်း)ပြတ်ဝမ်းဆက်လေးက ယွန်းရဲ့ အသားရေကို နဂိုထက်ပိုမိုဝင်းလတ်စေ၏။မြန်မာမိန်းကလေးပီသစွာလှသော သူမမှာ အပြုံးချိုချိုလေးလည်းရှိသည်။
သူမ ဘေးမှာ ရှိသော သဝဏ်က ယောပုဆိုးအနက်ရောင်ကို ကြက်သွေးရောင် ရှပ်အင်္ကျီဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။နှာတံစင်းပြီး၊ လက်ချောင်း၊ခြေချောင်းလေးတွေကအစ ခန္ဓာကိုယ်ကပါ ပိန်သွယ်သည့်ထဲမှာ ပါသည်။သူ့မျက်နှာလေးက ကြည်လင်သော်လည်း အပြုံးမရှိဘဲ နှုတ်ခမ်းပါးကို တင်းတင်းစေ့ပိတ်ထားတတ်လေ့ရှိသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now