အပိုင်း(5)

2.4K 186 31
                                    

Unicode

အပိုင်း(၅)

ဇယျာန် အိမ်ထိရောက်ချလာသော သူငယ်ချင်းနှင့် ဆိုင်မန်နေဂျာတို့ကြောင့် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်နေရ၏။

သူလို လူတစ်ယောက် လေကြောင်းလိုင်းစာမေးပွဲ ဖြေမဖြေက အဲလောက်ထိ အရေးကြီးနေလို့လား။

တကယ်ကို သူ နားမလည်နိုင်တော့ပေ။

"အန်တီ ဖြည့်စွက်စာတွေ ပါတယ်...အာဟာရရှိအောင် များများစားပေးနော်...မကြာခင် သက်သာလာမှာ"

"သာဓုပါကွယ်...သာဓု...သာဓု"

ဇယျာန် သူ့အမေနှင့် စကားလက်ဆုံကျနေကြသောလူနှစ်ယောက်အား ကြည့်ကာ မျက်မှောင်တို့ ကြုံ့လိုက်မိသည်။

"လူမမာ လာမေးသည်" ဟူသော အကြောင်းပြချက်ဖြင့် အိမ်ရောက်လာခြင်းဖြစ်သော်လည်း ထိုသို့မဟုတ်ကြောင်း ဇယျာန် အသိဆုံးပင်။

အရင်ရက်တွေကတည်းက ဝမ်းလေကြောင်းလိုင်းမှာ အလုပ်လုပ်ဖို့ တစ်ယောက်တလှည့်စီ ဖုန်းဆက်ဖြောင်းဖျနေကြသော ထိုလူနှစ်ယောက်အား ဇယျာန် လုံးဝ မယုံကြည်ပါ။

"အန်တီ...ဒါနဲ့လေ"

ထင်တဲ့အတိုင်းပင်။ ဇယျာန် မျက်ခုံးလှုပ်လာချေပြီ။

"မန်နေဂျာကြီးတို့ ထမင်းစားသွားကြပါလား"

ဇယျာန် ကြားဖြတ်ကာ ဆိုလိုက်၏။

"ရတယ်...ရတယ် စားလာခဲ့ပြီးပါပြီ"

"ဒါဆို ရေသောက်မလား...ကျွန်တော် ရေယူပေးမယ်လေ"

"ဟဲ့ သား...အဟွတ်...ဘယ်လိုလုပ် ရေယူလာလို့ ကောင်းမှာလဲ...ဖျော်ရည်လေး ဘာလေးသောက်ခိုင်းမှပေါ့...အနီးနား တစ်ဆိုင်ဆိုင်က ဖျော်ရည် သွားဝယ်ပါလား"

ဇယျာန် သွားမဝယ်ချင်။ သူ ထွက်သွားသည်နှင့် မန်နေဂျာကြီးက သူ့အမေကို တစ်ခုခုဆိုပေတော့မည်။

"မန်နေဂျာကြီးတို့က ဖျော်ရည်မကြိုက်ဘူး...ရေပဲကြိုက်တာ...တစ်သက်လုံးသောက်လာတဲ့ ရေကိုမကြိုက်တာတော့ မဟုတ်ဘူးမလားဟင် ဂျာကြီး"

ဇယျာန့်စကားကြောင့် မန်နေဂျာအခက်တွေ့သွားရ၏။

"ရေမကြိုက်ဘူး" ဟုလည်း ငြင်း၍မရ။ တစ်သက်လုံး သောက်လာသည့်ရေကို မကြိုက်ခြင်းကလည်း မဖြစ်နိုင်။

ONEWo Geschichten leben. Entdecke jetzt