အခန်း ၃ (final)

5.1K 548 72
                                    

Unicode

ခရီးတစ်ထောက်တွင်ပြန်လည်တွေ့ဆုံခြင်း

အချိန်သည် ညနေ ငါးနာရီခန့်ပင်နေရှိပြီဖြစ်သည်။ ဒီနေ့သည် လရောင်တို့ သုတေသနအဖွဲ့၏ နန်းယန်ရွာရှေးဟောင်းနယ်မြေလေ့လာရေး နောက်ဆုံးနေ့။ စာတမ်းပြုစုဖို့ အချက်အလက်တော်တော် များများစုဆောင်းလာနိုင်ပြီး ပြန်လည်တင်ပြနိုင်သည့် အခြေအနေရှိပြီဖြစ်သည့်ကြောင့် ဒီနေ့တော့ ကျောင်းသားတွေအားလုံး စိတ်အေးလက်အေးဖြစ်နေ၏။ မနက်ဖြန် ပြန်ဖို့ပြင်ဆင်သူပြင်ဆင် ၊နားသူနား၊ စကားဝိုင်းဖွဲ့သူဝိုင်းဖွဲ့နှင့် ဟိုတစ်စုဒီတစ်စု။ တချို့ကတော့ ပင်မကျောင်းဆောင်ကိုသွား၍ ဆရာတော်အားဝတ္ထုပစ္စည်းတို့ ကပ်လှူနေကြသည်။ တချို့ကတော့ ရွာထဲဟိုလျှောက်သွားဒီလျှောက်သွားနှင့်။   ထိုသို့စိတ်အေးလက်အေးနေနေကြသူတွေထဲ လရောင်မပါ။ လရောင်အခု အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ တည်းခိုသည့် ကျောင်းဝန်းရှေ့  ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း အဝင်လမ်းဘက် လှမ်းမျှော်ကြည်‌နေသည်က အချိန် ဆယ့်ငါးမိနစ်ခန့်ရှိပြီဖြစ်သည်။  ခဏအကြာ မော်တော်ဘိုက် အဝါလေးစီးကာ ဝင်လာသူကြောင့် လရောင် ခပ်သွက်သွက်အပြင်လှမ်းထွက်လိုက်၏

"သွားရအောင်လရောင်"

"ဟုတ်ကဲ့ ကိုမြတ်သူ"

ကမ်းပေးသည့် ဆိုင်ကယ်ဦးထုပ်ကိုဆောင်း၍ ဆိုင်ကယ်အနောက်ဘက် တက်တော့ ခပ်ဖြည်းဖြည်းအရှိန်နှင့် မောင်းထွက်လာသည့်မော်တော်ဘိုက်အဝါလေးသည် နန်းယန်ရွာလေး၏တောင်ဘက်စွန်းသို့ဦးတည်၏ အိမ်ခြေတော်တော်များများကိုဖြတ်သန်းရင်း ထွက်လာခဲ့သည်မှာ အချိန်အနည်းငယ်ကြာသည့်အခါ လူနေအိမ်များကျဲလာပြီး ရွာလမ်းမှသည် တောလမ်းသို့ တဖြည်းဖြည်းပြောင်းလဲလာတော့သည်။

လရောင်တို့သည် အခု ကပ္ပိယကြီး၏ လမ်းညွှန်မှုဖြင့် ရွှေနန်းကြာဘုရားသို့ဦးတည်နေကြခြင်းဖြစ်သည်။ ပိုနီးကပ်လာလေ ခေါင်းထဲ အာရုံတို့ ပိုရှုပ်ထွေးလာလေဖြစ်သည့်လရောင်ကမျက်ခုံးတန်းများကို အနည်းငယ်တွန့်ချိုးမိသည်။ ဒီလမ်းတွေ ဒီနေရာတွေ ....... ခေါင်းထဲရှုပ်ယှက်ခတ်နေသည့် ပုံရိပ်တွေ.... အရာအားလုံးသည် ဝေဝါးရောထွေးနေ၏

စောင်းကြိုးခတ်သံ(Short Story)Nơi câu chuyện tồn tại. Hãy khám phá bây giờ