" ဒီနေ့ လူသစ်တွေကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းက တခြားမဟုတ်ဘူး... အမွေဆက်ခံသူရဲ့ သက်တော်စောင့် အဖြစ်တာဝန်ယူရမယ့် သူကိုရွေးတဲ့ပွဲဖြစ်တယ်။...ဒီလူ ၈ ယောက်ထဲက ပြိုင်ချင်တဲ့သူရှိရင် ရှေ့ထွက်ခဲ့ပါ "
စံအိမ်ခြံဝန်းထဲကခန်းမထဲအတွင်း၌ တိုက်ဂါး အပါအဝင် လူ ၇ ယောက်ကား အသင့်အနေအထားဖြင့် အလျားလိုက်တန်းစီးထားသည်။ အားလုံးသည် မန္တလေးဦးရာဇာကျော်၏ အလုပ်သင် သက်တော်စောင့်များဖြစ်ကြပြီး ယခုကား ရာထူးတိုးသည်လား လျော့သည်လား မသဲကွဲသော ပြိုင်ပွဲဖြစ်သည်။
စင်ပေါ်ရှိ မျက်မှန်ဖြင့်ကိုယ်ရံတော်အကြီးအကဲက အသံကျယ်ကျယ်ဖြင့် ကြေညာတဲ့အခါ တိုက်ဂါးမှအပ ကျန်လူများသည် ရှေ့သို့ တိုးလာကြသည်။
ထိုအခါ၌ အများနှင့်မတူဘဲ တစ်မူထူးသည့် တိုက်ဂါး ဆီသို့ အကြည့်ရောက်သွားသော အကြီးအကဲကား မျက်မှန်ကိုတစ်ချက်ပင့်ကာ
" မင်းနာမည် တိုက်ဂါး မို့လား... ဘာလို့ ဝင်မပြိုင်တာလဲ "
" ကျွန်တော့်အပေါ်မှာ ဦးရာဇာကျော် ရဲ့ ကျေးဇူး ကြွေးတွေအများကြီးပါ။ နောက် အမွေဆက်ခံသူက ကျွန်တော်နဲ့မသိပါ... ဒါ့ကြောင့် ဦးရာဇာကျော် အနားမှာ ကျွန်တော် ရှိနေမှ ဘယ်လိုလူမှ လာမထိခိုက်နိုင်ဘူးဆိုတာ ယုံကြည်တာမို့ မျက်စိလွဲပြီး စိတ်မချနိုင်ပါဘူး "
" ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ "
ကျန်တဲ့လူ ၇ ယောက်ကား တိုက်ဂါး အဖြေကို ခနဲ့စွာဖြင့် တီးတိုးပြောနေကြသည်။ သို့သော် တိုက်ဂါးကား အကြီးအကဲ၏ အသံကိုသာနားစွင့်လျှက်ရှိသည်။ သူ့တွင်လည်း အကြံဉာဏ်ရှိပြီးသားဖြစ်၏။
လွန်ခဲ့သော တစ်ရက်ခန့်က
တိုက်ဂါးကား မိမိ၏ အိပ်ရာပေါ်၌ နံရံအားမှီကာစာဖတ်နေစဉ် ဘေးကုတင် အခန်းဖော် ထံမှစကားထွက်လာသည်။
" မင်းအလာကောင်းပေမယ့် အခါနှောင်းတာပဲကွ "
တိုက်ဂါး ကြည့်မိတော့ သူဟာ မျက်နှာကျက်ကို မှင်သေသေကြည့်ရင်း အတွေးပေါင်းစုံတို့စဉ်းစားနေပုံရသည်။ တိုက်ဂါး ပင်လျှင် မိမိကိုပြောသည်လားဟူ၍ တွေဝေနိုင်သည်။ ရက်အနည်းငယ်ကြာလှပြီမို့ မေးထူးခေါ်ပြော လောက်ရှိကြတဲ့ သူတို့ဆက်ဆံရေးက မထူးခြားပေ။