မိန်းမငယ်တစ်ယောက်က စက်ဘီးကို လမ်းကျဉ်းကျဉ်းကလေးမှာ အပြည့်နင်းလာတယ် ။ သူက အလျင်လိုနေတဲ့ ပုံစံပဲ ။
"မြန်မြန်ရောက်ပါတော့"
ပါးစပ်ကလည်း တဖွဖွနဲ့ ရေရွတ်နေလိုက်သေး ။ သူက လယ်ကွင်းတွေရှိတဲ့ ရွာရဲ့ အစွန်နေရာအထိ ဖြတ်နင်းလာခဲ့ပြီး စာတိုက်ပုံးလေးထောင်ထားတဲ့ လမ်းဘက်ကို ချိုးကွေ့လိုက်တယ် ။
"ဟေး ရိုဆန် ဘယ်လဲ"
"စာအုပ်သွားယူမလို့ Lamda ၊ ငါ့ကို ဒီနေ့ နောက်ဆုံးလို့ ပြောထားတာ"
ရိုဆန်က ဖြတ်လာတဲ့ လမ်းက ကောက်ရိုးဦးထုပ်နဲ့ လယ်စီးဘွတ်ဖိနပ်စီးထားတဲ့ သူ့သူငယ်ချင်း Lamdaကို လှမ်းအော်ပြောရင်း စက်ဘီးကို ပိုပြီး အရှိန်တင်လိုက်တယ် ။ သူ နောက်ကျနေပြီ ၊ စာအုပ်ဆိုင်က ခဏနေ ပိတ်တော့မှာ ။
ကျွီ
သူ စက်ဘီးကို ဘရိတ်မြန်မြန် အုပ်လိုက်တယ် ။ ဒါပေမဲ့ အရှိန်များနေတဲ့ သူ့စက်ဘီးက ရုတ်တရက် မြင်လိုက်ရတဲ့ မိန်းကလေးတစ်ယောက်ကြောင့် အရှိန်ပြင်းပြင်းနဲ့ အုံးခနဲပဲ ။
"အား သေစမ်း"
ရိုဆန်ပတ်က မသက်မသာနဲ့ ငြီးညူလိုက်တယ် ။ ပစ်လဲသွားတဲ့ စက်ဘီးက အဲ့ဒီ မိန်းကလေးကို မထိမိပေမဲ့ စက်ဘီးပေါ်က ရိုဆန်ကတော့ အရှိန်ကြောင့် ဒူးမှာ သွေးစို့သွားပြီလေ ။
"ရှင် အဆင်ပြေရဲ့လား!!"
သွေးစို့နေတဲ့ ဒူးကို အသာအယာ ကိုင်နေတုန်း ကြားလိုက်ရတဲ့ အသံကြောင့် ရိုဆန် မော့ကြည့်လိုက်မိတယ် ။
နွေရာသီဟာ အဲ့ဒီမှာ စပြီး ရပ်တော့တာပဲ ။
"ဒီမှာ ရှင် အဆင်ပြေရဲ့လားလို့"
အရှေ့က ဂါဝန်အညိုနဲ့ မိန်းကလေးက ရိုဆန့်ကို ထပ်အော်ပြောတယ် ။ ရိုဆန်ပတ် ကြားပါတယ် ။ ဒါပေမဲ့ သူ ပြန်မဖြေချင်သေးဘူး ။
"ဘယ်လို လူပါလိမ့်"
အညိုရောင် သေးသေးကွေးကွေးလေးက ရိုဆန့်ကို မျက်မှောင်တွေ ကြုတ်ပြီး ကြည့်တယ် ။ ရိုဆန်ပတ်က နွေရာသီအစမှာပဲ ဖျားချင်သလိုလို ဖြစ်လာတယ် ။