မိုးရာသီ
နွေရာသီကုန်ဆုံးပြီ ။ Brightတွင် မိုးသက်လေပြင်းတို့၏ ရှေ့တော်ပြေးဖြစ်သော တိမ်မည်းများ ဖုံးအုပ်နေသည် ။ ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်ကာ အိမ်ထဲမှာပင် ကွေးနေချင်စရာကောင်းသည့် ရာသီဥတုမျိုး ။
ရိုဆန်သည်လည်း စောင်ပါးပါးတစ်ထည်ဖြင့် ဆိုဖာပေါ်တွင် လှဲကာ သက်သောင့်သက်သာ စာအုပ်ထိုင်ဖတ်နေလေသည် ။ အမှန်ဆိုလျှင် သူ့ရင်ခွင်ထဲ၌ နွေးနွေးထွေးထွေး ဝပ်နေရမည့် အကောင်ပေါက်စလေးတစ်ကောင် ရှိရမည် ။ သို့သော် ထိုအကောင်ပေါက်စလေးမှာ လွန်ခဲ့သည့် နာရီဝက်ကပင် ဆေးခန်းမှ Emmaက ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်နေသည့် ကလေးတစ်ယောက်ရောက်လာ၍ လှမ်းခေါ်သဖြင့် သွားနေရလေသည် ။ ဒါကလည်း ဆရာဝန်တစ်ယောက်၏ အလုပ်ဆိုတော့ ရိုဆန် ဘာမျှ မပြောမိပေ ။ ထို့ကြောင့် ရာသီဥတုအေးအေးအောက်တွင် စောင်ခြုံ၍သာ တစ်ကိုယ်တည်း ကွေးနေရတော့သည် ။
မကြာခင် အပြင်ဘက်ဆီမှ မိုးစက်များ၏ အသံကို ကြားရသည် ။ အေးစိမ့်လာသော လေထုကြောင့် ရိုဆန်သည် ခန္ဓာကိုယ်ကို ပိုလို့ ကျုံ့ဝင်လိုက်သည် ။ ထို့နောက် လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည် ။
"ကင်မ်များ ပြန်လာတော့မလား မသိဘူး"
အသွားတုန်းက ကတိုက်ကရိုက်ဖြင့်ဆိုတော့ ကင်မ့်တွင် ထီးပါမသွား ။ ထို့ကြောင့် ရိုဆန်သည် ကင်မ့်ကို သွားကြိုဖို့ ဆုံးဖြတ်လိုက်သည် ။ အိမ်တံခါးနားတွင် ရှိသော ထီးအညိုကလေးကို ရိုဆန်ယူသည် ။ ထို့နောက် နေမကောင်းဖြစ်ထားတာ မကြာသေးသည့်အတွက် နွေးနွေးထွေးထွေးဖြစ်စေရန် ဆွယ်တာတစ်ထည်ကို အပေါ်မှ ထပ်ဝတ်သည် ။ ကင်မ့်အိမ်မှာ ဖြစ်တာကြောင့် ဆေးခန်းသည် သိပ်တော့ သွားရမည်မဟုတ် ။ အများဆုံး ငါးမိနစ်ဆယ်မိနစ်လောက်ဆိုရင်ကို ရောက်ပြီလေ ။
ရိုဆန် ဆေးခန်းကို ရောက်တော့ အပြင်ဘက်မှာပဲ ရပ်စောင့်နေလိုက်သည် ။ အထဲဆီမှ မိုးသံများနှင့် ရောနေသော စကားပြောသံများကို ကြားရသည် ။ ခဏကြာသည့်နောက် အပြင်ဘက်သို့ ထွက်လာသော Emmaကို တွေ့ရသည် ။