· 1 ·

1.2K 78 22
                                    

Tamed Dashed
(1)

Odwaldon ရဲ့မနက်ခင်း အာရုဏ်က ညှို့မှိုင်းပြာရီနေတယ်။ ဘေးက ထင်းရှူး တောအုပ် စိမ်းညှို့ညှို့ က မနက်ခင်း မြူဝေဝေကြားမှာ ၊ လေအဝှေ့နဲ့အတူ ယိမ်းနွဲ့နေကြတယ်။ အိမ်နေရာ တောင်ရှောကနေ ကြည့်လိုက်မယ်ဆိုရင်လည်း မြင်နေရတဲ့ Lake Lungern ဟာလည်း ကန်ရေပြင် ကြည်ပြာပြာထက်မှ မြူဖြူဖြူတို့က ရစ်သိုင်းနေပြန်တယ်။ သဘာဝပန်းချီကားအနေနဲ့ ပနံသင့်နေတဲ့ အလှတရားက သူနေရာ တောင်ပြေပြေ မြက်ခင်းစိမ်းစိမ်းနဲ့ ကျောက်သားကျောက်စိုင်နံရံတွေပေါ်မှာ ၊ အပင်စိမ်းစိမ်းတွေပေါ်မှာ  နှင်းအုပ်တွေဖုံးအုပ်နေတဲ့ Alps တောင်တန်းတွေပဲ ဖြစ်မယ်။

Switzerland ဟာ သဘာဝတရားနဲ့အတူ ငြိမ်းချမ်းသာယာလှတဲ့ ဘဝဆိုတာကို ဖော်ကြူးနိုင်တဲ့ အနုပညာဆန်တဲ့ နိုင်ငံဖြစ်တယ်။သူတို့အတွက် ချိတ်ထားဖို့ သဘာဝရှုခင်း ပန်းချီကားပုံဟာ မလိုဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ အဲ့ဒီ့ပန်းချီကားကို နေ့တိုင်း ၊ နေရာတိုင်း အချိန်မရွေး ၊ အရောင်အသွေး မှန်ကန်တိကျစွာနဲ့ ကြည့်နိုင်လို့ ဖြစ်တယ်။

မနက်ခင်းလေဆိုပြီး ရှိုက်လို့ မရှူရဲလောက်အောင် လေအေးက အဆုတ်ထဲကို တစ်ချက်ပင့်သက်ရှိုက်လေတိုင်း ကျဉ်ကနဲ ဖြစ်စေတယ်။ အအေးသက်သာစေဖို့​လက်နှစ်ဖက်ကို ပွတ်သပ်လို့ သူဟာ အိမ်ထဲကို ပြန်ဝင်ဖို့ ပြင်တယ်။

ထိုစဥ် ခပ်တိုးတိုးညည်းသံ နဲ့ ကတိုက်ကရိုက် ခြေသံဟာ သူ့နားစည်ကို လာထိခတ်တယ်။ သူဟာ နားကြားမှားတာပါလေ ဆိုပြီး သဘောထားကာ သူ့တံခါးလက်ကိုင်ကို ဆွဲလှပ်မလို့ပဲ ​။ ဒါပေမဲ့ ​သူ့အကြားအာရုံ သိပ်ကောင်းတဲ့အကြောင်း သူသာလျှင်သိတယ်။ ပြီးတော့ မနက်ခင်းလေနဲ့အတူ သွေးနံ့ပြင်းပြင်းက သူ့နှာသီးဖျားဆီ ဝေ့
ရောက်လာတယ်။

သူဟာ အသံလာရာကို အာရုံစိုက်လို့ သေချာကြည့်မိတယ်။ ထင်းရှုးတောဘက်က ဖြစ်တယ်။ သူ့အိမ်က ထင်းရှုးတောစပ်နားက ဖြစ်တယ်။

အရိပ်ငယ်က တဖြေးဖြေးနီးလာပြီး အင်္ကျီက အပေါ်အောက် အဖြူကို ယူနီဖောင်း တစ်မျိုးလိုပဲ၊ ဒါပေမဲ့ အဲ့ဖြူဖြူပေါ်မှာ သွေးချင်းချင်းနီနေတယ်။ သူဟာ ထိတ်လန့်သွားပြီး ဘာလုပ်ရမယ်မှန်း မသိ ဖြစ်သွားတယ်။ လူကောင်းလား လူဆိုးလား ဆိုတာ ကြာကြာ မစဥ်းစားနိုင်အောင်ပဲ သူ့ အသက်မွေးဝမ်းကြောင်း စိတ်ခံက နှိုးဆွတယ်။  လှပ်ထားတဲ့တံခါးကို ပြန်တွန်းပိတ်ပြီး ထို အရိပ်ငယ်ဆီ သူပြေး​တော့တယ်။ သူ့တံခါးက သစ်သားပြားလေးက ခပ်ကြမ်းကြမ်းလှုပ်ခါပြီး ကျန်ခဲ့တယ် ။

TAMED-DASHEDWhere stories live. Discover now