[Zawgyi]
နေသည်ပင်လယ်ပြင်၏အလယ်တည့်တည့်ဆီ ရွေ့နေလေပြီ။နေ၏အလင်းရောင်သည်လဲ အစပထမထက်ကို ပို၍ပြင်းလာလေပြီ။သောင်စပ်တွင်သောင်တင်နေသည်မှာ အချိန်တစ်ခုအထိကြာမြင့်နေပြီထင်သည်။သဲမှုန်အချို့သည်မျက်နှာပြင်တွင်ပေကျန်ကပ်ငြိနေလေသည်။ပင်လယ်ပြင်ဆီဖြတ်တိုက်လာသည့်လေပြေတို့သည် မနှေးမမြန်သော ခပ်မှန်မှန်နှုန်းဖြင့် သောင်ပြင်ပေါ်တိုးတိုက်လာကြလေသည်။နားထဲကြားနေရသည့် တဝေါဝေါသံတို့သည် နီးလာလိုက် ဝေးကွာသွားလိုက်ဖြစ်နေသည်။
ရေလှိုင်းတို့သည် ကမ်းစပ်တွင်သောင်တင်နေသည့်လူရင်ဘက်နားအထိတစ်ခါတစ်ခါ ရိုက်ခတ်နေတတ်သည်။ဝမ်းဗိုက်အတွင်းထဲမှပြင်းထန်သည့် ဝေဒနာကြောင့် မျက်လုံးအစုံကိုအားယူကာဖွင့်ကြည့်လိုက်သည်။ခပ်စူးစူးအလင်းကြောင့် ချက်ချင်းပြန်လည်ပိတ်လိုက်မိသည်။
"အဟွတ်...အ...ဟွတ်..."
လည်ချောင်းတစ်လျှောက်တွင် ခြောက်ကပ်နေပြီး နာကျင်နေသည်။ရေလဲအတော်လေးဆာနေလေပြီ။ကမ်းခြေကိုလာရိုက်သည့်ရေအချို့ကပါးစပ်ထဲဝင်ရောက်လာသည်။ငံကျိကျိအရသာက လျှာပေါ်စိမ့်ဝင်လာတာကြောင့် အဆတ်မပြတ်ချောင်းဆိုးမိတော့သည်။
"အဟွတ်!!.."
ဂလွီ....
ဗိုက်အတွင်းဘက်မှပြင်းထန်စွာ တုန်ခါလာသည်။သေချာတာပေါ့ သူဗိုက်ဆာနေတာ။ကမ်းစပ်ပေါ်မက်တပ်ရပ်ဖို့အချိန်အနည်းငယ်လောက်ယူလိုက်ရသည် ။အိပ်မက်မှနိုးလာသူလိုမျိုး ယခုအခါမှ သူ ပတ်ပတ်လည်ကို ရှင်းရှင်းလင်းလင်း မြင်ရလေတော့သည်။
"ဒါ....ဒါက??."
အက်ကွဲနေတဲ့သူ့အသံက လည်ချောင်းဝမှ ဆိုးရွားစွာထွက်ပေါ်လာတာကြောင့် ပါးစပ်ပိတ်လိုက်မိလေသည်။
~ငါသေသွားပြီလား ...။
အလွန်တရာမှလှပစတည်ရှိနေသော ပတ်ဝန်းကျင်က နတ်ပြည်တမျှ ခမ်းနားလွန်းနေသည်။သူသေလွန်ပြီးတော့ နတ်ပြည်ရောက်သွားတာများလား။သူ့မျက်စိရှေ့မှာ စိမ်းပြာရောင် ပင်လယ်ပြင်ကြီးရှိနေသည်။ထိုအထက်တွင်တော့ မိုးပြာရောင်တောက်နေသည့်ကောင်းကင်ပြင်ကြီးနဲ့ထိဆတ်နေသည်။သူ့ခြေဖဝါးအောက်တွင်တော့ ဖွေးဖွေးဖြူနေသော သဲသောင်စပ်ကြီးဖြစ်သည်။တောက်ပသောနေ၏အလင်းရောင်အောက်တွင် ရေမျက်နှာပြင်ပေါ်တွင်ကြယ်ရောင်တောက်နေတော့သည်။
YOU ARE READING
A legend of love and wonderland
Fantasyစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။မဖြစ်နိုင်တာတွေပဲမို့လို့ ဖြစ်နိုင်ပါ့မလားဆိုတာတွေ မတွေးပါနဲ့နော်။