လက်တစ်ဘက်ကကြေးအိုးပူပူထည့်လာသည့်အိတ်ကိုကိုင်ထားပြီး အခြားတစ်ဘက်က Bakery ဆိုင်တံခါး၏စတီးလက်ရန်းကိုတွန်းဖွင့်ဝင်လိုက်ချိန်မှာတော့ လင်းထက်တစ်ကိုယ်လုံးအေးမြမှုကိုခံစားလိုက်ရသည်။
ပိတ်ရက်တိုင်းအမေနဲ့တူမလေးအတွက်တစ်ခုခုဝယ်ကျွေးနေကျဖြစ်ရာ ယနေ့လည်းအမေ့အကြိုက်ကြေးအိုးဝယ်ပြီးတော့ တူမလေးအကြိုက် Butter cake ဝယ်ရန်ရည်ရွယ်ချက်ဖြင့်ရောက်လာသည့်လင်းထက်မုန့်များထည့်ထားသည့်မှန်ကောင်တာများရှိရာသို့ခြေလှမ်းမှန်မှန်ဖြင့်လျှောက်သွားလိုက်သည်။
ဝန်ထမ်းကောင်မလေး၏ဖော်ရွေသောအပြုံးကိုပြန်လည်တုံ့ပြန်လိုက်သည့်လင်းထက်သည်ချက်ချင်းပင်...
" Butter cake တစ်ဘူးပေးပါညီမ "
Butter cakeကိုပါဆယ်ထုပ်နေစဥ်လင်းထက်သည်ဘာရယ်မဟုတ်ဆိုင်အတွင်းသို့ဟိုဟိုဒီဒီကြည့်နေလိုက်သည်။ ပိတ်ရက်မို့ဆိုင်ရှိစားပွဲသုံးပုံနှစ်ပုံခန့်တွင်စားသုံးသူများဖြင့်ပြည့်နေကြောင်းတွေ့လိုက်ရသည်။ ကလေးငယ်ပါသောစားပွဲဝိုင်းများသည်မိသားစုများဖြစ်လိမ့်မည်။ သုံးယောက်တစ်စု လေးငါးယောက်တစ်စုဖြင့်သူငယ်ချင်းများစုဖွဲ့နေကြသောစားပွဲဝိုင်းများရှိသလို နှစ်ကိုယ်တည်းချစ်ကြည်နူးနေကြသောစုံတွဲများလည်းရှိပေသည်။ နဂိုပြုံးယောင်ယောင်သန်းသောမျက်နှာပိုင်ရှင်မို့ စားပွဲဝိုင်းအချို့မှလူများနှင့်အကြည့်ချင်းဆုံစဥ်ခဏ ထိုလူများ၏တုံ့ပြန်အပြုံးများကိုလည်းလင်းထက်ရလိုက်ပြန်သေးသည်။
ထိုစဥ် တစ်နေရာအရောက်ပြုံးယောင်သန်းသောလင်းထက်မျက်နှာမှာအလိုမကျမှုတချို့ဖြတ်ပြေးသွားပြီး ဒေါသလှိုင်းများစတင်ထန်လာလေ၏။
လင်းထက်မြင်လိုက်ရသည်ကစုံတွဲတစ်တွဲ။ ပြုံးပျော်နေကြပြီးအမျိုးသားဖြစ်သူကကိတ်မုန့်တစ်ဇွန်းပင်ခပ်ကျွေးနေသေးသည်။ သာမန်စုံတွဲဆိုလင်းထက်ဘယ်လိုမှမခံစားရပေမဲ့ ယခုစုံတွဲကတော့ ယခုတစ်ခါနှင့်ဆိုသုံးကြိမ်မြောက်တွေ့ဆုံခြင်းမို့လင်းထက်ငြိမ်နေလို့မရတော့ဟူသောခံစားချက်အသိများစတင်ဖြစ်ပေါ်လာခဲ့လေပြီ။
KAMU SEDANG MEMBACA
Just .. 27 steps (Ongoing)
Romansaကိုယ့်ဖူးစာရှင်က ကိုယ်နဲ့ ၂၇လှမ်းပဲဝေးတဲ့နေရာမှာရှိနေမယ်လို့ တွေးကြည့်မိဖူးလား ...👣