Best of Lucky
.....25....
.
.
သိပ်ပြီး သစ်လွင်တောက်ပမှု မရှိသော အိမ်ယာဝင်းမှာ ကားရပ်လိုက်တာနဲ့ လဝန်း နှာခေါင်းရှုံ့ လိုက်သည်။ သူဋ္ဌေးတွေလို ခြံကြီးဝင်းကျယ် တိုက်ကြီးတာကြီးတွေနဲ့ နေခဲ့သူနဲ့ စာရင်တော့ ရန်ကုန်မှာ ဒီလို တိုက်ခန်းနဲ့နေသူကတော့ အလတ်တန်းစားလေ။ ကွန်ဒိုလို အဆင့်မြင့် ကားပါကင် ရေကူးကန် အားကစားခန်းမ တွေတော့မပါပါ။ တိုက်ခန်း ကို ကွန်ဒိုတွေလို ဓာတ်လှေကားနဲ့ ရွှီးဆိုပြီး တက်ရတာမဟုတ်။ ကျဉ်းမြောင်း သော လှေကားထစ်လေးကနေ သံချေးတက်နေတဲ့ လက်ကိုင်တန်းကို ကိုင်ပြီး တဒုန်းဒုန်းတက်ရခြင်းပင်။
အခု အဲ့တိုက်ခန်းအောက်မှာ ကားတစ်စီးရပ်ထားသည်။
ထိုကားပေါ်မှာ လဝန်းနဲ့နေဝန်း ရှိနေကြပြီး ဒုတိယထပ်ကို မမှိတ်မသုန်လှမ်းကြည့်နေသည်။
"ကိုကြီး"
"အင်း ပြောလေ"
"ဒီလိုအိမ်ယာမျိုးမှာ နေတဲ့သူက ဘယ်လိုပဲပြောပြော လဝန်းတို့အိမ်မြင်ရင် လဝန်းတို့ဆီပဲ လာနေကြမှာ အမှန်ပဲမလား"
"မပြောတတ်ဘူး အဲ့မိန်းကလေးက မာနကြီးမယ့်ပုံပဲ"
နေဝန်းစကားကြောင့် လဝန်း နှုတ်ခမ်းကို တွန့်ချိုးကာ မဲ့ပြုံး ပြုံးလိုက်သည်။
"မာနတဲ့လား....သူ့လိုလူမျိုးမှာ ဘာမာနများထားစရာရှိလို့လဲ "
နေဝန်းနံဘေးမှာ ထိုင်နေသော လဝန်းကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ လဝန်း လဝန်း။
အရင်လို သူ့စိတ်လေးတွေ အကောင်းမြင်ပေးတတ်ရင် ကောင်းမည်။ ပြန်လာပြီးတည်းက ဘာတွေ အလိုမကျဖြစ်နေသည်မသိ။ လုပ်သမျှအရာလဲ တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့်။ အဖေနဲ့ ထိပ်တိုက်မတွေ့ရသေး၍ ဒီလိုဖြစ်နေခြင်းပင်လားမသိ။
အရင်ကဆို လဝန်းဟာ ဘယ်လောက်ဆိုးဆိုး စိတ်ကောင်းနှလုံးကောင်းအရင်းခံထားကာ ဖြူ စင်သူလေးတစ်ယောက်ပါ။ ခုတော့ ဒီလိုအိမ်ခန်းလာလိုက်သည်နှင့် မျက်နှာကအလိုလို မတူသလိုမတန်သလိုဖြစ်နေသည်။