-၂၀၀၅ ခုနှစ် ဇွန်လ ၃၀ ရက်
( ကြာသပတေးနေ့ )
မနက် (၁၀) နာရီဝန်းကျင်အခန်း(၁) တွေ့ဆုံမှု
ဆရာအတတ်သင် သင်တန်းဆင်းပြီးကာစ ဆရာမပေါက်စလေးတစ်ယောက်နှင့် သူမ၏မိခင်ဖြစ်သူတို့သည် လိုင်းကားစီး၍ တာဝန်ကျရာ ရွာကလေးသို့မရောက်မီ ခရီးတစ်ထောက်ရပ်ရာ တောင်အိုရွာသို့ ရောက်လာကြသည် ။ တောင်အိုရွာသည် ထိုဆရာမလေးတာဝန်ကျရာ ရွာမဟုတ်ပေ ။ တောင်အိုအထိသာ ကားလမ်းပေါက်ပြီး တောင်အိုမှတစ်ဆင့် တာဝန်ကျသည့်ရွာအထိကိုတော့ ရွာခံများက ဆိုင်ကယ်ဖြင့်လာကြိုမည်ဟု အမှာပါးထားသောကြောင့် ယခုလို တောင်အိုရွာတွင် ဆင်းကျန်ခဲ့ခြင်းဖြစ်လေသည် ။ သူမတို့စီးလာသော လိုင်းကားမှာ လူချပြီးသည်နှင့် ခရီးဆက်သွားလေပြီ ။ လာကြိုမည့် ဆိုင်ကယ်တွေ ရောက်မလာသေးတာမို့ အနီးက အကြော်ဆိုင်လေးတွင် ခေတ္တထိုင်နေကြသည် ။
မြသက်မှာ ကားစီးလာရ၍ အတော်ပင် မူးနေပြီဖြစ်သည် ။ သွားရမည့်ရွာကို အမြန်ဆုံးရောက်ချင်နေပြီဖြစ်ပေမယ့် လာမကြိုကြသေးတာမို့ အကြော်ဆိုင်မှာ ထိုင်နေကြရသည် ။ မေမေကတော့ အကြော်ဆိုင်ရှင်ဆီ သိလိုသမျှတွေမေးနေလေသည် ။
ပါလာတဲ့အထုပ်ကို ဘေးမှာချပြီး လူက ခရီးပန်းသည့်ဒဏ်ကြောင့် အတော်ပင် ငိုက်နေလေပြီ ။ မေမေနဲ့ အကြော်သည်အဒေါ်ကြီးရဲ့အသံတွေကလည်း မကြားတစ်ချက် ကြားတစ်ချက် ။
အလုံးစုံ အိပ်ပျော်ဖို့ရန် အချိန်အနည်းငယ်အလိုမှာပင် အကြော်တဲအနီးသို့ ဆိုင်ကယ်နှစ်စီးလာရပ်သည်မို့ အိပ်ချင်စိတ်တို့ပြေကာ မော့ကြည့်မိသည် ။
" ဗျို့ မခင်ကြိုင် ရောင်းဝယ်ရေး အခြေအနေအဆင်ပြေရဲ့လားဗျ ''
ဆိုင်ကယ်သမားနှစ်ဦးအနက် အသက်ခပ်ကြီးကြီး ဦးလေးကြီးတစ်ယောက်က အကြော်သည် အဒေါ်ကြီးကို လောကဝတ်စကားအရင်ပြောလာသည် ။
" ထူးပြီးပြေတယ်လို့လည်း မဟုတ်ရပါဘူး ဆရာရယ် ''
အကြော်သည်အဒေါ်ကြီးပြောသော ဆရာဆိုတဲ့လူကြီးက အကြော်သည်ကြီးရဲ့အဖြေကို တည်ကြည်သောအပြုံးတို့ဖြင့် တုန့်ပြန်သည် ။ ဥပဓိရုပ်ကြည့်ရုံနှင့် လေးစားချင်စရာကောင်းသော လူကြီးပါလားဟု မြသက်စိတ်ထဲ မှတ်ချက်ပေးလိုက်သည် ။
YOU ARE READING
မြသက်ညို [ ျမသက္ညိဳ ]