(Unicode)
(A/N : ထွဋ်နေအတွဲရဲ့ ချစ်စခင်စ ကြင်နာစအချိန်ပေါ့နော်🤭)
အချိန်အခါ တိမ်ရီပြာတဲ့နေ့...။ အရှင်းဆုံးကွန့်ရရင် ကြည်တောက်ရှင်း မနက်ခင်းလေးမှာပေါ့။ နေရောင်ခြည်ကို ကျောပေးပြီး သူ့အပိုင် နေဝန်းငယ်ကို တစိမ့်စိမ့် ထိုင်ကြည့်နေသူ တစ်ယောက်ရှိသည်။ မေဖျားကို လက်ထောက်ထားပုံက လောကတစ်ခွင်ကို အပိုင်စားရထားဟန်နဲ့..။ ခပ်ရေးရေးပြုံးရင်း ခပ်မှေးမှေးတွေးနေသည်။
"မောင်.."
"အင်း"
"ဘာလို့ လိုက်ကြည့်နေတာလဲ"
"အမ် မောင် လိုက်ကြည့်နေတာလား၊ မသိလိုက်ဘူး၊ မသိစိတ်က ငမ်းနေတာဖြစ်မယ်၊ ထွဋ်ဘုဏ်းရှိန်တော့ အငမ်းတလိုင်း ဖြစ်ပြီထင်တယ်၊ နေက သိပ်လှတာပဲ"
"မောင် စောစောစီးစီး ဘယ်လိုဖြစ်နေတာလဲ"
ပန်းကန်စင်ကို နေရာပြန်ချရင်းကနေ မျက်စောင်းထိုးလာတဲ့ နေ့ကြောင့် ထွဋ်ဘုဏ်းရှိန်ရဲ့ကိုယ်အတွင်းက မယိုးမယွဖြစ်လာရသည်။ ဒီနေ့ဆိုင်မသွားဖြစ်ပါ။ လစ်တာမဟုတ်ဘဲ တရားဝင်နားရက်ယူထားတာ။ ရန်ကုန်ပြန်ခါနီးမှာ အလွမ်းသယ်ကြတဲ့ တိုင်းနဲ့ယောက်ဖကြောင့် ထွဋ်ဘုဏ်းရှိန်ကပဲ ဆိုင်ထိုင်ပေးရပြီး နေနဲ့ short distance relationship ဖြစ်ရသည်။ လင်မယားဆိုပေမဲ့ ချစ်တယ်လို့ အဖြေပေးထားတာ မကြာသေး..။
အခုမှထူးရတဲ့ ကြင်စဦးကို သူများအတွဲအတွက် ပါရမီဖြည့်ပေးရတော့ လင်မယားဖြစ်တာတောင် လွမ်းစိတ်က မပြေ။ အစောကြီးထပြီး နေ့လှုပ်ရှားမှုမှန်သမျှကို ပန်းချီကားတစ်ချပ်လို ရှုစားမိသည်။ မျက်ဝန်းတဖက်ပေါ် အုပ်ဆင်းလာတဲ့ ဆံနွယ်ကို နားရွက်ကြားထိုးညှပ်လိုက်တာနဲ့ ပေါ်ထွက်လာတတ်တဲ့ မှဲ့နက်ကလေးက ဆွဲဆောင်မှုကို ဖော်ကျုးနေသည်။
တံတောင်ဆစ်ဖုံး မြန်မာထည်လေးကလည်း အိမ်နေရင်းသာဆိုသည်၊ ကိုယ်သွယ်သွယ်လေးမှာ ချပ်ချပ်နဲ့ကပ်ကပ်။ ယဉ်တကာ့ယဉ် ရှုတိုင်းယဉ်လေး လက်မြှောက်ခိုက်မှာ ထင်းထွက်တတ်တဲ့ ခါးဖွေးဖွေးကြောင့် ဝင်လေထွက်လေကို တစ်နှစ်သုံးလေး ရေကာမှတ်ရသည်။