(Unicode)
ရွှေပိုးကောင်...။ စိမ်းရွှေရောင် တလဲ့လဲ့ဖြင့် မြင်သူတကာကို ဆွဲဆောင်နိုင်သော အဆင်းရှိသည့် ထိုပိုးတောင်မာကို ရွှေပိုးကောင်ဟု ခေါ်ဆိုကြသည်။ ရွှေပိုးကောင်လေးများက အင်းဆက်အနွယ်၊ အရွယ်လည်းငယ်လှသည်မို့...
"ရွှေပိုးသာကောင် တလင်းပြောင် ဂျွမ်းထောင်ပေါ့လေ"
ဆိုကာ ဂျွမ်းထိုးပက်လက် ကျီဆယ်တတ်ကြသေးသည်။ သို့ပေမယ့် အများမသိကြသည်က အဆင်းနုနယ်လှသည့် ရွှေပိုးကောင်တို့မှာ ပြင်းထန်သော အဆိပ်လက်နက်ရှိကြသည်။ ရန်သူကို ကာကွယ်ထိုးစစ်ဆင်တတ်ကြသည်။ သာဓကအားဖြင့် ပြရမည်ဆိုပါလျှင် အောက်ပါအဖြစ်အပျက်က အထင်ကရဖြစ်သည်။
တစ်နေ့သ၌ ဟိန်းတေဇလေးတစ်ယောက် ငူငူငိုင်ငိုင် ထိုင်နေသည်။ ထမင်းလည်း မစားနိုင်၊ အချိုရည်လည်း မမျိုနိုင်။ သူအချစ်ဆုံး ပြည်လုံးချမ်းသာကိုပင် ခပ်ရဲ့ရဲ့သာ ရီပြတာကြောင့် တစ်အိမ်လုံး ဝိုင်းဝန်းစိတ်ပူကုန်ကြသည်။ အထူးသဖြင့် လုံးလုံးက ရင်မအေးဆုံး။ တစ်ရက်မှာ ၃၄နာရီ လက်လက်ထနေကျသူက သက်ပြင်းလေးတချချနဲ့မို့ ပြည်လုံးခမျှာ ဖင်တကြွကြွ ဖြစ်ရပြီ။
"ကို.. ဂိမ်းဆော့မလား၊ လုံးလုံး ဒေါင်းပေးမယ်"
"တော်ပါပြီ ချစ်ဆုံးရယ်.."
ဂိမ်းနဲ့ မြူဆွယ်ပါသော်လည်း တက်ကြွမလာ။ ပြည်လုံးကို မှိုင်တိုင်တိုင် ငေးကြည့်လာသည်။
"ကို ဘာဖြစ်နေတာလဲ၊ လုံးကို ပြောပြလေနော်.."
"ရပါတယ် ချစ်ဆုံးရယ်.."
"ဗိုက်နာနေတာလား၊ ခေါင်းကိုက်နေတာလား"
"မဟုတ်ပါဘူး ချစ်ဆုံးရယ်.."
ကြာတော့ လုံးလုံး စိတ်မရှည်တော့။ နဗန်ကျင်းချင်စိတ်ကို မျိုသိပ်ကာ ပြည်လုံးမာယာ ထုတ်သိမ်းရတော့သည်။ ကာလရှည်ကြာ ဥထားတဲ့ ပုလဲလုံးများကို စီတန်းလိုက်ပြီး...
"ကိုက ဒီလိုဖြစ်နေတော့.. လုံးက.. လုံးက.."
"ဟာ! ချစ်ဆုံး! ချစ်ဆုံးက ဘာလို့ငိုတာလဲ၊ မငိုပါနဲ့ ကို မှားပါတယ်"